Monday, May 12, 2014

အင်းစိန်ထောင်ရဲ့ အကျဉ်းကျနေ့တွေ (သို့မဟုတ်) ငရဲခန်းအတွင်းမှ ပျော်ရွှင်စရာနေ့ရက်များ (ထက်ရာဇာ)

ထောင်အကြောင်းရေးမယ်ဆိုရင် နာကျည်းမှုတွေ၊ နာကျင်မှုတွေ၊ ခါးသီးခံပြင်းမှုတွေနဲ့ ပြည့်နှက်နေသလိုပဲ ထောင်ထဲမှာ ကျနော်တို့ဟာ ကိုယ့်ဘဝရှင်သန်ရည်တည်ရေးအတွက် ဘဝကို မပျော် ပျော်အောင် ဖန်တီးနေခဲ့ရတဲ့ နေ့ရက်တွေလည်း ရှိခဲ့ပါတယ်။ ကိုယ့်ကိုကိုယ် ထောင်ကျနေတဲ့ အကျဉ်းသားတယောက်အဖြစ် မေ့ထားပြီး ကိုယ်နဲ့ အတူနေနေတဲ့ ထောင်ကျ ရဲဘော်ရဲဖက်တွေကို မိသားစုလိုနေထိုင်ရင်း ကျနော်တို့ သံတိုင်နဲ့ အုတ်ရိုးကြားက အကျဉ်းကျညတွေကို အတူတကွ ဖြတ်သန်းခဲ့ကြဖူးပါတယ်။ 

ပွင့်ပွင့်လင်းလင်း ပေါ့ပေါ့ပါးပါးပြောရရင် ထောင်ထွက် နိုင်ငံရေးအကျဉ်းသားခြင်း ဘာဖြစ်လို့ ဒီလောက် သံယောဇဉ်တွေဖြစ်ကြသလဲလို့မေးရင် လင်မယား ၂ ယောက်တောင် ၂၄ နာရီအတူတကွ ဘယ်လိုမှမရှိနိုင်ပေမယ့် ကျနော်တို့တတွေကတော့ ၈ ပေပတ်လည် တိုက်ခန်းကျဉ်းထဲမှာ ၂၄ နာရီလုံးလုံး နေ့ရောညပါ အတူတကွ နေထိုင်ခဲ့ကြရလို့ပဲဖြစ်ပါတယ်။ 


ထောင်ထဲက သတိရစရာ ပေါ့ပေါ့ပါးပါး ကိစ္စလေးတွေ ဆက်ရေးပါ့မယ်။ ထောင်ထဲမှာ မီးမွှေးခွင့် ဟင်းချက်စားခွင့်လုပ်လို့ လုံးဝမရပါဘူး။ ထောင်ထဲမှာ မီးမွှေးတဲ့အပြစ်ဟာ ကြီးလေးတဲ့ ထောင်ပြစ်ဒဏ်တခုထဲမှာ အပါအဝင်ဖြစ်ပါတယ်။ အဲဒီတုန်းက သီးသန့် အင်းစိန်အကျဉ်းထောင် ၁ တိုက်နောက်ခြမ်းမှာ ကျနော်ရယ်၊ အခု ဒီဗွီဘီက သတင်းအယ်ဒီတာ မိုးအေး၊ နောက် အင်းစိန်ထောင်ထဲမှာပဲ ကျဆုံးသွားခဲ့တဲ့ စနေအသင်းက သင်းအုပ်ဆရာ ဦးစောလှချစ် (သူ့ကို ကေအန်ယူလို့ ခေါင်းစဉ်တပ်ပြီး နှစ်ရှည် ထောင်မတရားချခံခဲ့ရသူပါ)၊ နောက်တခါ ကြည့်မြင့်တိုင်မြို့နယ်က သော့ပြင်ဆရာတဦး (နာမည် မမှတ်မိ) (သူဆို ဘာနိုင်ငံရေးနဲ့မှမသက်ဆိုင်ဘဲ သူ့သော့ပြင်တဲ့ဆိုင်မှာ ဘီဘီစီ နားထောင်တာကို အသံကျယ်လို့ဆိုပြီး နိုင်ငံတော်ကို အကြည်ညိုပျက်စေမှုဆိုပြီး ထောင်ကျလာတဲ့ သူတယောက်ပါ။ 

ထားပါတော့လေ။ ကျနော်တို့ ၄ ယောက်မှာ အဲဒီသော့ပြင်တဲ့ဆရာနဲ့ ကိုမိုးအေးတို့က ထောင်ဝင်စာ ပုံမှန် မလာနိုင်ကြပါဘူး။ ဆိုတော့ ထောင်ဝင်စာ ပုံမှန်လာနိုင်တာက ကျနော်နဲ့ ဦးစောလှချစ်ပဲ ရှိတယ်။ ကျနော်တို့ရဲ့ ၂ ယောက်ပေါင်း ထောင်ဝင်စာကလည်း ၁၄ ရက်ကို ဒီ ၄ ယောက်နဲ့ ဘယ်လိုမှမလောက်ငှ။ (ထောင်ဝင်စာက ၁၄ ရက်ကို ၁၅ မိနစ် တကြိမ် တွေ့ခွင့်ရပါတယ်) 

ဒီတော့ ကျနော်တို့တိုင်ပင်ကြပါတယ်။ ဖြစ်ချင်တာဖြစ် တိုက်ခန်းထဲမှာ ဟင်းချက်စားကြမယ်ပေါ့။ ဒီလိုနဲ့ ပထမဆုံးလုပ်တဲ့အလုပ်ကတော့ ဒန်ပုံစံပန်းကန်ပြားတချပ်ကို ဒယ်အိုးတလုံးဖြစ်အောင် ဟိုထု ဒီနှက်နဲ့ ဦးစောလှချစ်က စတင်ဖန်တီးပေးလိုက်ပါတယ်။ အဲဒီနောက် လောင်စာကိစ္စကိုစဉ်းစားကြတဲ့အခါ ကျနော်တို့တိုက်ရဲ့အပေါ်မှာပဲ ငါးခိုးဖမ်းလို့ကျလာတဲ့ ထိုင်းငါးခိုးလှေတွေထဲက အထစ်ပ် ဆိုတဲ့ ကပ္ပတိန်တယောက်က မီးခိုးမထွက်ဘဲ လောင်စာလုပ် မီးမွှေးနည်းကို သင်ပေးပါတယ်။ 

သူ သင်ပေးတဲ့ပုံစံကတော့ ဆေးပေါ့လိပ် ဖင်စီခံ ၃ ခု လောက်ကို ကျွတ်ကျွတ်အိတ်မဟုတ်တဲ့ ရိုးရိုးပလပ်စတစ်အိတ်တွေနဲ့ ကျစ်နေအောင် အထပ်ထပ်ရစ်ပတ်ပြီး ထောင်ပုံစံအဖြူစနဲ့ အပေါ်ကနေ ပြန်ပတ်ပါတယ်။ ပြီးတော့ လက်သီးဆုတ်လောက်ရသွားတဲ့ အဲဒီအဝတ်ပတ်ထားတဲ့ ပလပ်စတစ်လုံးကြီးကို ဆီဆွတ်လိုက်ပြီး မီးရှို့လိုက်တာပါပဲ။ တကယ်ကို အံ့သြစရာပါပဲဗျာ။ တကယ်ကို မီးခိုး လုံးဝ မထွက်တဲ့ လောင်စာလုပ်နည်းပါပဲ။ 

ကျနော်တို့အတွက်ကတော့ လုံးဝ အဆင်ပြေသွားပါပြီ။ အိမ်ကထည့်ပေးလိုက်တဲ့ ငါးခြောက်ကြော်လေးကို တောင်ယာထဲက ချဉ်ပေါင်ရွက်လေးသွားခူး၊ ချဉ်ပေါင်ဟင်းလေးချက် ထောင်ကပေးတဲ့ တပါတ်တခါရတဲ့ ဝက်သားကို တောင်ယာထဲက ကိုက်လန်နဲ့ကြော် အတော့်ကို အူစိုခဲ့တဲ့နေ့တွေ ဖြစ်ခဲ့ပါတယ်။ ကျနော်တို့တင်ပဲလားဆိုတော့ ၁ တိုက်က ၅/ည တွေအားလုံး နေ့ရောညပါ ဟင်းချက်စားတဲ့အဆင့် ဖြစ်သွားတာပါပဲ။ 

ပထမတော့ ဒယ်အိုးကို ဒီတိုင်း မီးဖိုပေါ်တည်တော့ ဒယ်အိုးပြောင်အောင် ဆေးရတာ အလုပ်တခုပိုလာတဲ့အချိန် ဘယ်ဉာဏ်ကြီးရှင်က ထပ်စဉ်းစားလိုက်သလဲ မသိပါဘူး၊ မီးဖိုပေါ်မတင်ခင် ရွှံ့တွေနဲ့ ဒယ်အိုးဖင်ကို သေချာသုတ်ပြီးမှ ချက်တဲ့နည်းပါ။ ဟင်းချက်ပြီးသွားလို့ ဒယ်အိုးကိုဆေးရင် ရွှံ့တွေနဲ့အတူ မှိုင်းတွေက ကပ်ပါသွားပြီး အိုးကို လုံးဝ တိုက်စရာ မလိုတော့ပါဘူး။ အဲဒီလို ဟင်းချက်စားတဲ့အတွက် ထောင်ဝင်စာတွေက မလောက်ရုံတင်မဟုတ်ဘဲ ပိုလို့တောင် နေပါသေးတယ်။ 

ဒါပေမယ့် အလုပ်တခုပိုလိုတာက အိမ်ကဟင်းထည့်ပေးလိုက်တဲ့ ပလပ်စတစ်အိတ်တွေကို ဆပ်ပြာနဲ့ ဆီတွေပြောင်အောင် လျှော်ဖွတ်ရတဲ့အလုပ်ပါပဲ။ ဘာလို့လဲဆိုရင် ဆီပေနေရင် မီးခိုးထွက်ရုံသာမက ညှော်နံ့ကြီးကလည်း တအားဆိုးလို့ပါ။ ဒီလိုနဲ့ နေ့နေ့ညည ဟင်းချက်စားလိုက်၊ ညဆို တခန်းပြီးတခန်း အလှည့်နဲ့ သီချင်းတွေဆိုလိုက်နဲ့ ကျနော်တို့ရဲ့ အကျဉ်းကျညတွေကို မေ့ထားခဲ့ပါတယ်။ 

အဲဒီမှာပဲ ကျနော်က ကိုမိုးအေးကို ပြောပါတယ်။ အကို ညဘက် ထမင်းစားပြီးရင် အိမ်ကထည့်ပေးတဲ့ ကော်ဖီမှုန့်လေး၊ နို့မှုန့်၊ သကြားလေးနဲ့ ကော်ဖီလေးသောက်ဖို့ ရေးနွေးလေးရရင် သိပ်ကောင်မှာပဲဆိုတော့ ကိုမိုးအေးက ငါ စီစဉ်မယ်ဆိုပြီး အကောင်းဆုံး ကမ္ဘာမှာတောင် မရနိုင်တဲ့ ရေနွေးကြိုစက်တခုကို ထုတ်လုပ်ပြန်ပါတယ်။ သူက အီလက်ထရောနစ် အာအိုင်တီ ကျောင်းသားပါ။ 

အဲဒါကတော့ နို့ဆီခွက်အကြီးတခုထဲမှာ ကွမ်းယာဆေးမွှေးထည့်တဲ့ သံဗူးဟောင်းတခုကို တခုနဲ့ တခုမထိအောင် အလယ်မှာ သစ်သားချောင်းခံပြီး ဝါယာကြိုး အစတခုကို နို့ဆီခွက် နောက်တစကို ဆေးမွှေးဗူးမှာ တပ်၊ ကော်ဇလုံထဲကို ရေထည့်၊ အဲဒီ ဝါယာတပ်ထားတဲ့ ဗူး ၂ ဗူးကို ရေထဲထည့်ပြီး ဟိုဖက်က လွတ်နေတဲ့ ဝါယာစကို အခန်းထဲက ထွန်းထားတဲ့မီးသီးရဲ့ ဓာတ်ကြိုးကိုသွားချိတ်လိုက်တာပါပဲ။ ၅ မိနစ်လောက်ကြာတယ်ဆိုရင်ပဲ ရေဟာ ပွက်ပွက်ဆူလာပါပြီ။ ရှင်းရှင်းပြောရရင်တော့ ရေထဲကို ဓာတ်ကြိုးထည့်ပြီး ရှော့ရိုက်လိုက်တဲ့သဘောပါပဲ။ အန္တရာယ်တော့ အတော်ကြီးတဲ့ လုပ်ရပ်ပါပဲ။ 

ဘယ်လိုပဲဆိုဆို ကျနော်တို့ ညဘက်ဆို ကော်ဖီနဲ့ မနက်ဘက်ဆို ကော်ဖီနဲ့ နေ့ချက်ဟင်း ညချက်ဟင်းနဲ့ သံတိုင်နဲ့ အုတ်ရိုး နေ့၊ ညတွေကို ပျော်ပျော်ကြီး ဖြတ်သန်းခဲ့ကြဖူးပါတယ်။ နောက်ပိုင်း ဘယ်လောက်ထိ ဆိုးလာသလဲဆိုရင် အိမ်ကနေ လက်ဖက်ခြောက် အချိုခြောက်တွေမှာ ကောက်ညှင်းဆန်တွေမှာပြီး တပါတ်မှာ တခါလောက် များသောအားဖြင့် ထောင်က ငါးကြော်ကျွေးတဲ့ အပါတ်တွေဆိုရင် ပုံစံပုဂံပြားဒယ်အိုးနဲ့ ဖထီးစောလှချစ်က ဆီထမင်းထိုးပါတယ်။ ပြီးရင် လက်ဖက်ခြောက် အချိုခြောက်နှပ်ပြီး ညဘက်ဆို ကောက်ညှင်းဆီထမင်းနဲ့ လက်ဖက်ရည်နဲ့ အော် ... ဒါလား ထောင်လို့တောင် ဖြစ်ခဲ့ရဖူးတဲ့နေ့တွေလည်း ရှိဖူးပါတယ်။ 

အဲဒီတုန်းက အင်းစိန် သီးသန့် အကျဉ်းထောင်က အရမ်းလွတ်လပ်နေတဲ့အချိန်လည်း ဖြစ်ပါတယ်။ သိပ်အကြာကြီးတော့ မဟုတ်ပါ၊ ကာလတိုလေးတခုပါပဲ။ တယောက်ကတောင် နောက်ဖူးပါတယ်။ အင်းစိန်သီးသန့်ထောင် အနေချောင် အမေတောင်မှ မသိစေနဲ့ဆိုပဲ။

ဆက်လက်ဖော်ပြပါမည်။

လေးစားစွာဖြင့် 
ထက်ရာဇာ (ခေတ္တ-အမေရိက) 

No comments: