Sunday, May 11, 2014

ဆွေးနွေးပွဲ ဇာတ်မျောကြီး (ဗသြ)

 
တလမ်းလုံး ကြော်ငြာတွေ တဖွေးဖွေးကမ်းဝေတဲ့ တခေတ်တချိန်က ရုပ်ရှင်ကြော်ငြာကားကြီးလို ထုတ်ပြန်ချက်တွေ တထုတ်တည်းထုတ်ပြီး ကျင်းပနေတဲ့ “ငြိမ်းချမ်းရေးဆွေးနွေးပွဲ” ဟာ တရွေ့ရွေ့တိုးလာခဲ့ပါတယ်။ ဒါပေမယ့် ခြားနားတာတခုက ရုပ်ရှင်ကြော်ငြာကားက သာမန်ဆိုင်းတီးတာဖြစ်ပြီး ဒီဆွေးနွေးပွဲမှာတော့ နောက်ခံက သေနတ်သံတွေ အမြဲကြားနေရတာပါပဲ။ 

နှစ်နဲ့ချီပြီး အချိန်ကြာလာပြီးဖြစ်တဲ့ ဒီဆွေးနွေးပွဲစဉ်မှာ အခုထက်ထိ မူကြမ်းတခုတောင် မယ်မယ်ရရ ဆုပ်ဆုပ်ကိုင်ကိုင် ပြစရာမရှိသေးပေမယ့် ဒီကာလအတွင်း စစ်ပွဲတွေအတွင်းသေတဲ့ နှစ်ဖက် တပ်သားနဲ့ အရပ်သား အရေအတွက်ကတော့ မနည်းလှဘူးဆိုတာ ဝန်ခံရမယ်။ နောက်ပြီး ကိုယ့်အိုးကိုယ့်အိမ်ကို ပစ်ပြီးပြေးကြရတဲ့ စစ်ပြေးဒုက္ခသည် အရေအတွက်ဟာလည်း တိုးပြီးရင်း တိုးနေပါတယ်။ အဆိုးဆုံးကတော့ နှစ်ဖက်သဘောတူ သတင်းထုတ်ပြန်ချက်ဆိုတာ ထွက်လာပြီး နောက် တရက်၊ နှစ်ရက်လောက်အနေမှာပဲ သေနတ်သံတွေ ထွက်လာတဲ့ကိစ္စမျိုးပဲ ဖြစ်ပါတယ်။ 

သိပ်သတိထားသင့်တဲ့ အချက်တချက်က ဗိုလ်ခင်ညွန့် လက်ထက်ကစလို့ ဒီနေ့အထိ တိုင်းပြည်မှာ သူတို့နဲ့ တိုက်နေတဲ့အထဲက အင်အားအကြီးဆုံးလို့ဆိုရမယ့် လက်နက်ကိုင်တပ်ဖွဲ့ကြီးတွေနဲ့ အပစ်အခတ်ရပ်စဲဖို့ သဘောတူညီချက်တွေရခဲ့ပြီး တချို့ဆိုရင် စစ်အစိုးရရဲ့လက်အောက်ခံ ပြည်သူ့စစ်တွေတောင် ဖြစ်သွားပြီလို့ ဆိုနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဆန်းတာက ဒီလို စစ်တပ်သုံးရမယ့် အခြေအနေတွေ “လျော့ပါး” လျက်ရှိပါတယ်ဆိုတဲ့ အကြားကပဲ သူတို့စစ်တပ်ကို တနေ့ပြီးတနေ့ တရက်မလပ် တပ်အင်အားတွေ မတရားတိုးချဲ့၊ လက်နက်သစ်တွေအမျိုးမျိုး တပ်ဆင်နေတာပါပဲ။ 


အစမှာတော့ လူအရေအတွက်၊ တပ်အရေအတွက် တိုးချဲ့တယ်၊ နောက်ပိုင်းမှာတော့ လက်နက်တပ်ဆင်မှုတွေ အကြီးအကျယ် မြှင့်တင်လာပါတယ်။ ဒီတပ်ဆင်မှုကို အရေအတွက်ရော၊ အရည်အချင်းအရပါ မြှင့်တင်လာတာပါ။ ပိုစိုးရိမ်စရာကောင်းတာက ဒီစစ်တပ်ဟာ သူတို့မှာ ရန်သူနည်းသွားပြီဆိုကာမှ သူတို့ အသစ်စုဆောင်းရရှိထားတဲ့ လက်နက် အသစ်အဆန်းမျိုးစုံကို ပြည်သူလူထုမြင်အောင် နည်းမျိုးပေါင်းစုံနဲ့ ထုတ်ပြနေတာပါပဲ။ သူတို့ရဲ့ဝဘ်ဆိုဒ်တွေ၊ ဘလော့ဂ်ဆုဒ်တွေ (စစ်တပ်နာမည် ပြောင်နာမည်ခံထားတာရော၊ ခံမထားတာရောပါ) တွေမှာ အဲဒီ လက်နက်သစ်တွေကို တနည်းနည်းနဲ့ ဖော်ပြနေကြပါတယ်။ တခါတလေတော့လည်း မီဒီယာတွေရသွားအောင် သွယ်ဝိုက်တဲ့နည်းတွေနဲ့ လုပ်ပေးသလို သူတို့အာဏာရှင်တွေရဲ့ တလက်ကိုင် စစ်တပ်နေ့လိုဟာမှာစစ်ရေးပြပွဲတွေနဲ့ ထုတ်ပြနေကြပါတယ်။ 

ဒီလိုလုပ်တာတွေဟာ သူတို့နဲ့ဆွေးနွေးနေကြတဲ့ တိုင်းရင်းသား အင်အားစုတွေကို မြင်အောင်ပြနေတာဖြစ်တယ်လို့ပဲ အများက မြင်ကြပါတယ်။ တဖက်က ဆွေးနွေးတယ်လို့လုပ်၊ တဖက်က လက်နက်တွေထောင်ပြနေကြတာဟာ ရိုးသားတယ်လို့ ဆိုနိုင်ပါ့မလား။ တခါတခါကျတော့လည်း ကေအိုင်အိုကို တိုက်တာလို တိုက်ပွဲတွေမှာ ဒီလက်နက်သစ်တွေကို စမ်းသပ်ရင်း မီးအားနဲ့ ခြိမ်းခြောက်တာတွေလည်း လုပ်ကြပါတယ်။ ဒီလိုအခြေအနေမှာပဲ အချို့သော တိုင်းရင်းသား အင်အားစုတွေရဲ့ နယ်မြေဒေသတွေဟာ ထန်းလျက်လုံး ခွေးလျက်တာလို တဖြည်းဖြည်းနဲ့ ကျုံ့လာနေတာတွေ တွေ့နေရပါတယ်။ 

တကယ်က ဦးသိန်းစိန်တို့ရဲ့ အရပ်ဝတ် စစ်အစိုးရလုပ်နေတဲ့ “စကားပြောပွဲ” တွေဟာ ဗိုလ်ခင်ညွန့်လုပ်ခဲ့တဲ့ “ငြိမ်းချမ်းရေး” ဆိုတာရဲ့ အဆက်ပါ။ လုပ်နည်းတချို့ ကွဲလွဲပေမယ့် အဓိက ရည်ရွယ်ချက်နဲ့ အဓိက လုပ်နည်းကတော့ တမျိုးတည်းလို့ ပြောရင်ရပါတယ်။ အဲဒီအထဲမှာ တခုက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ထိပ်ပိုင်းကလူတွေကို စီးပွားရေးမက်လုံးတွေနဲ့ ဝယ်ယူတာ၊ နောက်ြပီး စစ်တပ်ရဲ့ ခရိုနီတွေဘဝ ပြောင်းပစ်လိုက်တဲ့နည်းပါ။ အခုတခါမှာ ထူးတာကတော့ ရှစ်လေးလုံးအရေးတော်ပုံနောက်ပိုင်းမှာ ပေါ်ပေါက်လာတဲ့ ခရိုနီတွေကပါ အရပ်ဝတ် စစ်အစိုးရဘက်ကဝင်ပြီး အထောက်အကူပြုနေကြတာနဲ့ ဗမာပြည်မှာ ပြည်တွင်းစစ်ဖြစ်နေတာ နှစ်ပေါင်း ၆ဝ ကျော်တော့မှ စေတနာ စာနာမှုအပြည့်နဲ့ ဝင်ရောက်လာကြတဲ့ ပြည်ပက (အနောက်တိုင်းက) ငြိမ်းချမ်းရေး အကျိုးဆောင်” တွေပဲဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲတွေမှာ အကျိုးဆိုင်တွေ (stake holder) တယ်များပါလားလို့ ပြောစရာဖြစ်နေပါတယ်။ 

ဟုတ်ပါပြီ။ ဒီလို စစ်အစိုးရက မီးစတဖက် ရေမှုတ်တဖက်လုပ်နေတဲ့ “အပစ်ရပ်ဆွေးနွေးပွဲ” တွေကနေ ဘယ်သူတွေအတွက်များ ဘာအကျိုးကျေးဇူးတွေ ထွက်လာပါပြီလဲ။ ဟုတ္တိပတ္တိ၊ လက်ဆုပ်လက်ကိုင်ပြစရာ ဘာဆုံးဖြတ်ချက်များ ပေါ်ထွက်လာပြီလဲ။ ဘာမှ မရသေးဘူး မဟုတ်ပါလား။ အထူးသဖြင့် နိုင်ငံရေးသဘောတူညီချက် တခုမှမကြေညာနိုင်သေးဘဲ ဆွေးနွေးဖို့ အစီအစဉ် မူကြမ်း ဆိုတာတွေသာ တမျိုးပြီးတမျိုး ထွက်လာနေတာ တွေ့ကြရပါတယ်။ အခု နောက်ဆုံးရလဒ်ကလည်း အလားတူ “အခြေခံဆွေးနွေးစရာ အချက်မူကြမ်း” ဆိုတာပါပဲ။ 

ဒါပေမယ့် ဒီဆွေးနွေးပွဲဆိုတာတွေ လုပ်နေတဲ့အတောအတွင်း ပြည်တွင်းစစ်ဖြစ်နေတဲ့ ဒေသတွေမှာရော၊ မဖြစ်တဲ့နေရာတွေမှာပါ ခေါင်းဆောင်တချို့ ချမ်းသာသွားကြပေမယ့် အောက်ခြေတပ်သားတွေနဲ့ ဆင်းရဲသား ပြည်သူလူထုရဲ့ဘဝတွေဟာ လုံးဝ တိုးတက်မလာတဲ့အပြင် ပိုပိုဆိုးသွားတာကို ထူးခြားချက်တခုလို အထင်အရှားကြီး တွေ့နေရပါတယ။် ဒါ့အပြင် “ငြိမ်းချမ်းရေးအကျိုးဆောင်” တွေ အကျိုးရှိနေကြတာကိုလည်း မှတ်တမ်းတင်သင့်ပါတယ်။ 

ဒီလိုနဲ့ပဲ ပျော်ပျော်ကြီးလုပ်လာကြတဲ့ ဆွေးနွေးပွဲတွေဟာ အခုတော့ တောင်ဆီက ရောင်နီမသန်းဘဲ အချက်ပြ မီးကျည်တွေ ပေါ်ထွက်လာတာကို တွေ့လာကြရပါတယ်။ အဲဒါကတော့ သူတို့ပြောတဲ့ နိုင်ငံရေးဆွေးနွေး” တယ်ဆိုတဲ့ အချိန်ကျမှ တင်ပြရမယ့်ကိစ္စတွေကို တင်ပြလာတာပါ။ ဒီကိစ္စမှာလည်း သေနတ် စ ဖောက်တာဟာ စစ်အစိုးရဘက်ကလို့ ဆိုရပါမယ်။ ဆွေးနွေးပွဲကို တင်ကြိုသတ်မှတ်ချက်မပါဘဲ လုပ်မယ်ဆိုတဲ့အထဲကပဲ တိုင်းရင်းသားတွေ မဖြစ်မနေ လက်ခံရမယ်ဆိုတဲ့ အချက်တွေကို စစ်အစိုးရဘက်က တင်လာပါတယ်။ တဖက်သားကို လက်နက်ချခိုင်းရာကျတဲ့ ဒီအချက်တွေကို တင်လိုက်ရင် ပြဿနာတက်လိမ့်မယ်ဆိုတာသိလျက်နဲ့ တင်လိုက်တာမို့ ဒီခြေလှမ်းဟာ သိပ်စဉ်းစားစရာကောင်းပါတယ်။ (ဗိုလ်မင်းအောင်လှိုင် ကပြောပြီး နောက် ဗိုလ်မြင့်စိုးက ပြန်ဖြေဆေး ထုတ်နေတာကို တွေ့ရတော့ သူတို့ရဲ့ရိုးသားမှုဟာ ပိုသံသယရှိစရာဖြစ်လာပါတယ်။) အခုလုပ်နေကြတဲ့ ဆွေးနွေးပွဲဆိုတာတွေကနေ ငြိမ်းချမ်းရေးဆိုတဲ့ အဖြေတခုထွက်လာမှာကို စိုးရိမ်နေသူတွေက ဆွေးနွေးပွဲတွေ ဇာတ်မျောကြီးဖြစ်အောင် တမင်လုပ်တဲ့ အဓိပ္ပာယ်ထွက်နေပါတယ။် တကယ်ကျတော့ အရင်က ဝသဖ၊ အက်စ်အက်စ်အေ၊ မုန်းလား စတဲ့ အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးခဲ့တယ်ဆိုတာတွေဟာလည်း ပြီးပြတ်တယ်လို့ ရှိခဲ့လို့လား။ 

တိုင်းပြည်မှာ စစ်လည်းမဖြစ် ငြိမ်းချမ်းရေးလည်းမရတဲ့ အနေအထားတခုဖန်တီးပြီး တပ်တွေကိုတိုးချဲ့ပြီးရင်းတိုးချဲ့၊ လက်နက်သစ်တွေ တပ်ဆင်ပြီးရင်းတပ်ဆင်၊ ဒီလိုနဲ့ စစ်တပ်ရဲ့အာဏာချုပ်ကိုင်မှုကို ပိုမိုမြဲမြံသထက်မြဲမြံဖို့ ဆိုတာဟာ ဗိုလ်နေဝင်း လက်ထက်ကစလို့ ဗိုလ်သန်းရွှေ-ဗိုလ်ခင်ညွန့်ခေတ်အလယ် ကနေ့ ဗိုလ်သိန်းစိန်တို့လက်ထက်အဆုံး စစ်အာဏာရှင်တွေကျင့်သုံးခဲ့တဲ့ အခြေခံ နည်းဗျူဟာဖြစ်ပါတယ်။ အခုနောက်ပိုင်း ထူးတာက အဲဒီစစ်လည်းမဖြစ် ငြိမ်းချမ်းရေးလည်းမရတဲ့ ဒေသတွေထဲက သယံဇာတတွေကို စစ်တပ်နဲ့ သူတို့ရဲ့ ခရိုနီတွေက မောင်ပိုင်စီးကြတာပါပဲ။ 

တနေ့ကျရင်တော့ ပြည်သူတွေအနေနဲ့ ဒီဆွေးနွေးပွဲတွေကရတဲ့ တကယ့်အမြတ်-အရှုံးစာရင်းကို တွက်ကြပါလိမ့်မယ်။ ။ 

ဗသြ 

အရေးတော်ပုံဂျာနယ် အတွဲ ၂၊ အမှတ် ၁ မှ ... 

 

No comments: