Thursday, May 22, 2014

ဒူတဂါ ပြောတဲ့ ဒါဓူးပြေ၊ ဒါဓူးပြေ (ကိုညို)

ဒူတဂါ ဆိုတာက ဒေလီက အန်ကယ်ဂျော့ (အိန္ဒိယနိုင်ငံ ကာကွယ်ရေးဝန်ကြီး မစ္စတာ ဂျော့ဖာနန်ဒေ့စ်) အိမ်မှာ ထမင်းချက်တဲ့ နီပါလီ လူငယ်တယောက်ပါ။ အသားဖြူဖြူ၊ နှာတံပေါ်ပေါ် ပိန်ပိန်သွယ်၊ နှုတ်ခမ်းမွှေးတိုတိုနဲ့ သူ့ကို ကြည့်ရင် အမြဲပြုံးပြီး မွန်မွန်ရည်ရည်လည်း ရှိတယ်။ အလုပ်လည်း ကြိုးစားတယ်၊ ကျနော်တို့ မြန်မာကျောင်းသားတချို့ကို အန်ကယ်ဂျော့ခ်ျက သူ့ရုံးနဲ့ကပ်ရက် သူ့အိမ်ဝန်းထဲမှာပဲ လွတ်နေတဲ့ရုံးခန်းလေးတခုကို ပေးထားတယ်။ 

ရုံးလုပ်ငန်းတာဝန်ရှိသူ မြန်မာကျောင်းသားတချို့ အဲဒီရုံးခန်းမှာပဲ အလုပ်လည်းလုပ်၊ နေလည်းနေကြတယ်။ အန်ကယ်ဂျော့ခ်ျက အိန္ဒိယအစိုးရ ဝန်ကြီးမဖြစ်ခင် အတိုက်အခံပါတီ ဝန်ကြီးဘဝကတည်းက (၁၉၉၁-၁၉၉၇) ကျနော်တို့ နယူးဒေလီမှာ နိုင်ငံရေးလှုပ်ရှားဖို့ အဲဒီရုံးခန်းပေးထားတာပါ။ သူ ကာကွယ်ရေးဝန်ကြီးဖြစ်တော့လည်း ကျနော်တို့ကို ဆက်ပြီး နေထိုင်စေတယ်။ အခုရေးတဲ့အကြောင်းအရာတွေက သူ အိန္ဒိယနိုင်ငံ ကာကွယ်ရေးဝန်ကြီးမဖြစ်ခင်ကာလက နောက်ခံအခြေအနေတွေပါ။ အဲဒီတုန်းက သူကလည်း ဆင်းရဲသားပါတီ ဝန်ကြီး၊ ကျနော်တို့ကလည်း ပိုက်ဆံမရှိ၊ မျက်နှာမွဲ နိုင်ငံရေးလှုပ်ရှားသူတွေ။ 


ကျနော်တို့က ရုံးမှာအိပ်၊ ရုံးမှာစားကြပေမယ့် ခမ်းခမ်းနားနားတော့ မဟုတ်ကြပါဘူး။ ရုံးခန်း သမံတလင်းမှာ အိပ်၊ အိမ်သာနဲ့ ရေချိုးခန်းတွဲထားတဲ့အခန်းကို မီးဖိုခန်းပါ တွဲထားလိုက်တာဖြစ်တယ်။ ကိုယ့်ပိုက်ဆံကိုယ်ရှယ်ပြီး ချက်ပြုတ် စားသောက်ကြတယ်။ ဟင်းမရှိရင် နောက်ဖေးက မာလီစိုက်ထားတဲ့ စိုက်ခင်းကနေ ခရမ်းသီး၊ ရုံးပတီသီးလေး ခူးစား၊ အလေ့ကျပေါက်နေတဲ့ ဟင်းနုနွယ်ရွက်၊ မြင်းခွာရွက်နဲ့ ခြံစည်းရိုးက ကင်းပုံသီး၊ ကင်းပုံညွန့်တွေ ပြုတ်စားကြပေါ့လေ...။ တခါတခါ ဆီ၊ ဆား၊ ကြက်သွန်လေးလိုချင်ရင် ရုံးနဲ့ မျက်စောင်းထိုး ဝါးတရိုက်ကျော်ကျော်ဝေးတဲ့ ဒူတဂါရဲ့ မီးဖိုခန်းနောက်ဖေး ပြူတင်းပေါက်ကနေ တရွှီရွှီလေချွန်သံပေးပြီး တောင်းလေ့ရှိတယ်။ ဒူတဂါကလည်း ရှိရင် လက်မနှေးဘူး၊ သူ့ဆရာရဲ့ရုံးက တပည့်တပမ်းတွေလစ်ရင် လစ်သလို တောင်ကြည့် မြောက်ကြည့် ကြည့်ပြီး ပြူတင်း ဇကာပေါက်ကနေ လှမ်းပေးတတ်တယ်။ ကျနော်တို့အပေါ် နားလည်တယ်၊ စာနာတတ်တယ်။ 

ကျနော်တို့တတွေ နှစ်ပတ်လည်နေ့တွေ၊ အခမ်းအနားတွေရှိရင် သူလည်း ရုံးခန်းထဲ ဝင်ဝင်လာပြီး ဟိုကူ ဒီကူ ဝင်ကူလုပ်ပေးတယ်။ ဆန္ဒပြပွဲတွေရှိရင်လည်း သူက တက်ကြွတယ်။ ပလာကဒ်တွေ၊ ဘန်နာတွေမှာတောင် ညှပ်ထားတဲ့ စာလုံးတွေ လိုက်ကပ်ပေးတတ်တယ်။ ကျနော်တို့လှုပ်ရှားမှုတွေရှိရင် သူလည်း တက်ကြွတယ်။ 

တခါတလေ... ဆန္ဒပြပွဲတွေတောင် လိုက်တတ်တယ်။ အန်ကယ်ဂျော့ခ်ျရဲ့ စမတားပါတီက ဒူတဂါနဲ့ သူ့အိမ်မှာမွေးထားတဲ့ ဂျော်ကီ ဆိုတဲ့ ခွေးကြီးက ဆန္ဒပြရင် ကျနော်တို့နဲ့အတူ ပါဝင်တတ်တယ်။ ဂျော်ကီက သိပ်လိမ်မာတယ်။ လမ်းဖြတ်ရင် မျဉ်းကြားကနေ မီးပွိုင့် မီးစိမ်းမှ ကူးတယ်၊ အဲလောက်အထိ အသိဉာဏ်ရှိတယ်။ သူ့ကို နို့ပြတ်စအရွယ်ကတည်းက အန်ကယ်ဂျော့ခ်ျကို ကြည်ညိုလေးစားတဲ့ ဂျပန်နိုင်ငံအလုပ်သမားပါတီက အမျိုးသမီးတယောက် ဂျပန်ကနေ တကူးတက သယ်လာပြီး လက်ဆောင်ပေးထားတာဖြစ်တယ်။ သူ့သခင်နဲ့သူက သိတ်ချစ်ကြတယ်။ ဂျော်ကီက ညအိပ်ရင် သူ့သခင်ရဲ့ ကားခေါင်မိုးပေါ်တက်ပြီး အိပ်တဲ့ကောင်။ သူ့ကို ဆူရင် မကြိုက်ဘူး၊ ပြန်မာန်တယ်။ ကိုယ့်သဘောနဲ့ကိုယ် နေချင်သလိုနေတယ်။ ကျနော်တို့ ကြွေးကြော်သံအော်ရင် သူကလည်း လိုက်ဟောင်တတ်တယ်။ အဲလို အကောင်။ 

ဆန္ဒပြအခမ်းအနားစလို့ “ကမ္ဘာမကြေ၊ ဗမာပြေ... သီချင်းဆိုရင် စားဖိုမှူး ဒူတဂါလည်း ကျနော်တို့နဲ့အတူ လိုက်ဆိုတယ်။ အထူးသဖြင့် ဒါ ဒို့ပြေ... ဒါ ဒို့မြေ... ဆိုတဲ့အပိုဒ်ရောက်ရင် သူ့အသံက ပိုကျယ်တယ်။ မပီကလာ ပီကလာနဲ့ သူ ဆိုတာကတော့ “ဒါဓူးပြေ... ဒါဓူးပြေ” လို့ ဖြစ်တယ်။ တကယ်တမ်းပြောမယ်ဆို... သူတို့ပျော်တာက ဆန္ဒပြတဲ့အချိန်ထက် ဆန္ဒပြပွဲတွေ၊ အခမ်းအနားတွေပြီးတဲ့အချိန်ဖြစ်မယ် ထင်ပါတယ်။ 

အဲဒီတုန်းက ကျနော်တို့မှာ ထုံးစံတခုလိုဖြစ်နေတာက ပွဲတခုခုပြီးသွားရင် အားလုံးဆီက ပိုက်ဆံ ရူပီး ၁၀ ဖြစ်စေ၊ ၂၀ ဖြစ်စေ ရှိရင်ရှိသလောက် လိုက်ကောက်တယ်။ တခါတလေ ကံကောင်းပြီဆို အလှူရှင်နဲ့တွေ့လို့ ရူပီး တရာ၊ နှစ်ရာကနေ ရူပီး ၅၀၀ လောက်ထိ ရတတ်တယ်။ အထူးသဖြင့် ထိုင်းဘက်က ဧည့်သည်တွေလာရင် အိန္ဒိယက မိတ်ဆွေလူကြီးတချို့ ရုံးခန်းလာလည်ရင် ကျနော်တို့တတွေနဲ့ လှုပ်ရှားမှုမှာ ကူညီသူတွေအားလုံး ညပိုင်းမှာ အနီးနားက အိုင်အင်န်အေ မားကက်ဈေးထဲမှာ အသားလေး၊ အရိုးလေးတွေနဲ့ ဝီစကီပုလင်းလေး တလုံးလောက်ဆွဲလာပြီး ဝိုင်းထောင်လေ့ရှိတယ်။ ခိုးသောက်ကြတာ။ 

ညနေမိုးချုပ်ရင် ရေချိုးခန်းထဲမှာ ဝက်သားအိုးကြီးက အငွေ့တထောင်း၊ ရေနံဆီမီးဖိုကြီးက တဝူးဝူးနဲ့ အိမ်သာထဲ မီးစက်ခုတ်နေသလား ထင်ရတယ်။ အဲ... ချက်လုပ်ပြုတ်လို့ပြီးပြီဆိုရင်... ရုံးခန်းတံခါးတွေ အကုန်ပိတ်၊ ဂျက်ထိုး၊ နောက်ဖေးက အိမ်သာတံခါးတော့ စေ့ရုံသာ စေ့ထားလိုက်တယ်။ ပြီးရင် ရုံးခန်းကြမ်းပြင်မှာ သတင်းစာတွေ ခင်း၊ ထမင်းအိုးကြီးနဲ့ အသားချက်ထားတဲ့ ပရက်ရှာကွတ်ကာအိုးကြီးကို အလယ်မှာချထား၊ ထမင်းပန်းကန် (စတီးပန်းကန်လုံးတွေ) ကိုယ်စီရေမှာစီ၊ ဝိုင်းထိုင် နေရာယူလိုက်ကြတယ်။ 

ဒူတဂါကလည်း ဖန်ခွက်တချို့သယ်လာပြီး “ဒါဓူးပြေ... ဒါဓူးပြေ...” နဲ့ နိုင်ငံတော်သီချင်းသံပေးပြီး နောက်ဖေးပေါက်ကနေ တက်တက်ကြွကြွနဲ့ ဝင်လာတယ်။ ပြီးရင် အရက်ဝိုင်း စပြီ။ သောက်ကြ၊ အာကြ။ နည်းနည်းကြာရင် ရီကြ၊ အော်ကြ၊ သီချင်းဆိုကြ။ ဒိထက်နည်းနည်းမူးလာရင် အသံတွေ ပိုကျယ်လာ၊ ငြင်းခုံကြ၊ စကားတွေများကြ၊ ပုံတွေ ပိုပြောလာကြတာပေါ့လေ...။ 

ဒူတဂါက နပ်တယ်။ တခွက် နှစ်ခွက်သောက်ပြီးတာနဲ့... လက်ဝါးလေးကာပြီး... “ဘတ်စ်၊ ဘတ်စ်၊သိုင်းကျူး သိုင်းကျူး” နဲ့ လူတကာကို လက်ဆွဲနှုတ်ဆက်ပြီး “ဒါဓူးပြေ... ဒါဓူးပြေ” နဲ့ ပါးစပ်ကရွတ်ပြီး လစ်သွားတယ်။ သူက ဗမာစကားတော့ “နေကောင်းလား၊ ထမင်းစားပြီးပြီလား” လောက်တော့ တတ်တယ်။ 

ဒူတဂါ အမြဲတမ်းဆိုနေတဲ့ “ဒါဓူးပြေ၊ ဒါဓူးပြေ” ဆိုတာကို ရုတ်တရက်တော့ ဘယ်သူမှ သဘောမပေါက်...။ ဒါ တို့ပြေ... ဒါ တို့မြေ လို့ပဲ ထင်နေတာ။ နောက်မှ သိလာတာက…။ 

တရက် ကျနော်က ရုံးခန်းကအထွက် သူက “ဟေး... ဘရောင်း (ကိုညိုကို အင်္ဂလိပ်လို တိုက်ရိုက်ဘာသာပြန်ပြီး ဘရောင်းလို့ ခေါ်တတ်ကြတယ်) ဒီမိုစတေးရှင်း... ဒါဓူးပြေ... ဒါဓူးပြေ နိမ်းဟဲ?” လို့ လက်သီးလက်မောင်းလေး တန်းတန်းပြီး မေးတယ်။ ဒီနေ့ ဆန္ဒမပြဘူး ပြောတော့... စိတ်ညစ်သွားတဲ့လေသံနဲ့... “အိုး... ဒါဓူးပြေ၊ ဒါဓူးပြေ နိမ်းဟဲ... ဒါဓူးနိမ်းပြေကား?” လို့ သူ့ပါးစပ်ကို လက်မလေးနဲ့တေ့ပြီး သောက်တဲ့ဟန်လေး လုပ်ပြတယ်။ သူက ဒါ ဒို့ပြေ ဒါ ဒို့မြေ မရှိရင် ဒါဓူး မသောက်ဘူးလားပေါ့... လို့ မေးတာပါ။ 

အဲဒီကျမှ ဒူတဂါရဲ့ ဒါဓူးပြေ... ဒါဓူးပြေ... ဆိုတဲ့ ဝေါဟာရလေးကို သတိထားမိတော့တယ်။ ဟိန္ဒီဘာသာစကားနဲ့... ဒါဓူး ၏... ဆိုတာ အရက်ကိုခေါ်တာ၊ ပြေ... ဆိုတာ သောက်တာကို ပြောတာ။ သြော် ဒူတဂါပြော ပြောနေတဲ့ ဒါဓူးပြေ... ဒါဓူးပြေ... ဆိုတာ အဲဒါကိုး...။ ဆန္ဒပြတိုင်း သူပါ တက်ကြွနေတာ အဲဒါကြောင့်ကိုး...။ အတော်နောက်တဲ့ ဒူတဂါ... ကွာ။ ဟားဟားဟား ...။ 

တခါတုန်းက ဒါဓူးပြေ... ဒါဓူးပြေ... လှုပ်ရှားမှုလေးတွေကို ပြန်တွေးပြီး...

ဒူတဂါကို လွမ်းနေတဲ့ 
ငညို 

ပုံစာ - ဦးဝင်းတင် လွတ်မြောက်ရေးကင်ပိန်း အခမ်းအနားမှာတွေ့ရတဲ့ ဇာတ်လိုက်ကြီး ဒူတဂါ။ 

 

No comments: