Friday, November 26, 2010

အငတ်စာ (အပိုင်း - ၁)

“ခင်ဗျားရဲ့ ပုဂံပြတိုက်က ဝန်ထမ်းအမျိုးသမီးတွေကတော့ VIP တွေလာရင် ရှင်းပြဖို့ အတွက်ခန့်ထားတာ ထင်ပါရဲ့ဗျာ … လူကြီးတွေလာမှ ‘ပဲများပြီး’ ပျာယာခတ်နေကြတာ၊ ရုပ်သံလွှင့်တဲ့ မင်းသမီးတွေလို သမိုင်းကြောင်းကို ဟန်လုပ် ရှင်းပြတတ်တာ။ သာမန်ပြည်သူတွေ လာရင်တော့ မဂ္ဂဇင်း အဖတ်မပျက်၊ အတင်းတုတ်တာ မပျက် … နည်းနည်းလေးမှ အရေးမလုပ်ဘူး၊ ပြည်သူတွေ အရုပ်တွေ လျှောက်ကြည့်ရုံကလွဲပြီး ဘာအသိအမြင်မှ မရပါဘူးဗျာ”

ဟု ဝင်ပြောလိုက်သောအခါ သူလည်း မြင်တွေ့ခဲ့ရသည်ဖြစ်သဖြင့် ငြိမ်သွားသည်။

ပုပ္ပားသို့လာသောလမ်းတွင် တောရိပ်တောင်ရိပ်နှင့် သစ်ပင်စိမ်းစိမ်းစိုစိုတို့ကို မြင်တွေ့ရသဖြင့် ရင်ထဲမှာ အေးမြ လန်းဆန်းသွားသည်။ ဒါပေမယ့် ကျေးလက်နေ တောသူတောင်သားတွေ၏ ဘဝအခြေအနေတွေကို မြင်တွေ့ကြား သိရသောအခါတွင်မူ စိတ်မကောင်း။

x x x

ပုပ္ပားတောင်ကလပ် ခြေရင်းသို့ ဘုရားဖူးကားနှစ်စီး ထိုးရပ်လိုက်သည်နှင့် ဘုရားပန်း၊ နတ်ပန်းရောင်းသည့် ပန်းသည်တွေနှင့် မျောက်စာရောင်းသည့် ဈေးသည်တွေ အပြေးအလွှား အလုအယက် ရောက်လာကြသည်။

ဘုရားဖူးကားနှစ်စီးပေါ်မှ ငယ်ရွယ်သူတွေက ပေါ့ပေါ့ပါးပါးနှင့် ဘုရားပန်းတွေဝယ်၊ မျောက်စာတွေကိုဝယ်ကာ တောင်ကလပ်သို့ ခပ်သွက်သွက် တက်သွားကြသည်။ ကျွန်တော်နှင့် ဦးဖြူမင်းတို့ ဇရာအိုနှစ်ဦးသာ အထိုင်အထ နှေးသဖြင့်နောက်မှာ ကျန်ခဲ့ကြသည်။

“ကုသိုလ်ယူဖို့ ဘုရားပန်းတွေ နတ်ပန်းတွေ ဝယ်သွားကြပါဦးအဘတို့ရယ် … ဘုရားပန်းလေးတွေ လတ်ပါတယ် … ပုပ္ပားမယ်တော်ကြီး နတ်ကွန်းမှာလည်း သည်ပန်းတွေနဲ့ နတ်တင်နိုင်ပါတယ် … တောင်ပေါ်မှာလည်း ဘုရားပန်း ကပ်နိုင်ပါတယ်”

“မျောက်တွေကို မျောက်စာကျွေးပြီးတော့လည်း ကုသိုလ်ယူနိုင်ပါတယ်ရှင် … မျောက်ကလေးတွေက သနားစရာတွေပါ အဘတို့ရယ် ... မျောက်ကလေးတွေ အတွက် မျောက်စာထုပ်ကလေးတွေ ဝယ်ပြီး ကုသိုလ်ယူကြပါဦးရှင်”

မျောက်စာသည် ကလေးမ အများကြီး ပြောပြနေစရာ မလိုပါ။ မျောက်စာဝယ်နေတုန်းမှာပဲ မျောက်တွေက မျောက်စာ ဝင်လုနေသဖြင့် ဈေးသည်ကလေးတွေက မနည်းကြီး ခြောက်လှန့် မောင်းထုတ်နေရပါသည်။ ကျွန်တော်က ဘုရားပန်း သုံးထောင်ဖိုးနှင့် မျောက်စာ သုံးထောင်ဖိုး ဝယ်လိုက်ပါသည်။ ကလေးမက ထပ်ဝယ်ဖို့ တိုက်တွန်းနေသဖြင့် …

“အဘ ဒါလောက်ပဲ တတ်နိုင်လို့ပါ မိန်းကလေးရယ်” ဟု တောင်းပန်လိုက်သောအခါ အလိုက်သိစွာ ထပ်မတိုက်တွန်းတော့ပါ။ ကိုဖြူမင်းကတော့ ဘုရားပန်းတပွေ့တပိုက်သာမက မျောက်စာထုပ်တွေ ငါးထောင်ဖိုးမက တသောင်းဖိုးနီးပါး ဝယ်ယူလိုက်သည်ကို တွေ့ရသည်။ မျောက်တွေက အလုအယက်တောင်းယူ စားသောက်နေကြသဖြင့် ဘယ်လောက်ဖိုးဝယ်ဝယ် လောက်မည့်ပုံမပေါ်ပါ။

ကျွန်တော်ကတော့ တောင်ကလပ်အတက် ခရီးတလျှောက် မျောက်သားသမီးငယ်လေးများကို ကျောလွယ်၊ ပွေ့ပိုက်ထားကြသည့် မျောက်မိခင်များကိုသာ ရွေးပြီး ချွေချွေတာတာ ကျွေးလာရသည်။ ကိုယ်က သည်လောက်ပဲ တတ်နိုင်တာကိုး။

လူအိုလူကြီးဆို၍ ကျွန်တော်တို့နှစ်ယောက်သာပါပြီး သက်တူရွယ်တူချင်းလည်း ဖြစ်သဖြင့် အဝလွန်ဆူဖြိုးနေသော ဦးလူမင်းကိုစာနာကာ ကျွန်တော်က စောင့်ခေါ်ပြီး တောင်ကလပ်ထိပ်သို့ ခပ်ဖြည်းဖြည်း တက်လာကြပါသည်။ ကျွန်တော်တို့နှစ်ယောက် တောင်ကလပ်ထိပ်သို့ ရောက်ပြီးဘုရားကို ပန်းကပ်ကာ ဝတ်ပြုနေကြသောအချိန်တွင် ကျွန်တော်တို့ ရပ်ကွက်သူရပ်ကွက်သား ဆွေမျိုးသားချင်းများက တောင်အောက် ပြန်ဆင်းဖို့ပင် ပြင်နေကြပြီ။

“အဘတို့ အေးအေးဆေးဆေး ဘုရားဝတ်ပြုပြီးမှ ဆင်းလာနော် … ကျွန်တော်တို့က တောင်ခြေမှာ လျှောက်လည်ရင်း စောင့်နေမယ်” ဟု ရပ်ကွက်လူငယ်လေးတွေက မှာကြားပြီး ဆင်းသွားကြသဖြင့် ကျွန်တော်တို့လည်း စိတ်အေးလက်အေး ဘုရားကန်တော့ပြီး တောင်ထိပ်မှာ စိမ်ပြေနပြေနားနေမိပါသည်။

တောင်ကလပ်ထိပ် ဘုရားရင်ပြင်မှ လှမ်းမျှော်ကြည့်လျှင် ပုပ္ပားတောင်ခြေရှုခင်းကို မြူမင်ပြာများကြားမှ မှုန်မှုန်ရီရီ မြင်တွေ့ရပါသည်။ တောင်ကလပ်မှ တောင်အောက်တောတန်းနှင့် ကားလမ်းဘက် လှမ်းကြည့်ရသည်မှာ ကြည်နူးစရာကောင်းသလို လွမ်းဆွတ်စရာလည်း ကောင်းပါသည်။

အေးသောရာသီ မဟုတ်ပါဘဲလျက် တောင်ကလပ်ထိပ်တွင် မြူခိုးမင်ပြာ ယှက်သန်း ရစ်သိုင်း အုံ့ဆိုင်းနေသည်ကိုလည်း သဘောကျနေမိသည်။ ကျွန်တော်က သဘာဝရှုခင်းတွင် နစ်မျောနေစဉ် ဦးဖြူမင်းကတော့ သူ့လက်ထဲ ကျန်နေသေးသည့် မျောက်စာထုပ်လေးငါးထုပ်နှင့် အလုပ်ရှုပ်နေပါသည်။

ဆက်လက်ဖော်ပြပါမယ်။

No comments: