ဧည့်သည်ရှိ၍သာ အင်္ကျီဝတ်ခြင်းဖြစ်ပြီး ခါတိုင်းဆို အဝတ်ဗလာနှင့် နေပုံရသည်။ ဗမာစကား မတတ်သော်လည်း အရိပ်အကဲကို ကြည့်တတ်သည်။ စူးစမ်းသော သတိရှိသော ရိုးသားသော ခိုင်ကျည်သော အမူအရာသည် မျက်ဝန်းနှင့် မျက်နှာတွင် အထင်းသားပေါ်လွင်နေသည်။
ဧည့်သည်များ စားထားသော မုန့်ထ်ုမှ စက္ကူစများကို လိုက်ကောက်ကာ မီးရှို့ပစ်သည်။ ဧည့်သည်တဦးမှ ပါလာသော လုံချည်အင်္ကျီတစုံ လက်ဆောင်ပေးသည်ကို လက်မခံပေ။
“ဒီအဝတ်အစားတွေက သူတို့အတွက် အန္တရာယ်ရှိတယ်၊ မပေးနဲ့”
ဦးဆောင်လာသော ရဲဘော်က ပြောသည်။
“ဟင်းဖိုးတော့ ပေးမှဖြစ်မယ်”
“မပေးနဲ့တော့ ကျွန်တော် ပေးလိုက်ပြီ”
စားသောက်ပြီးတာနဲ့ အိမ်ပေါ်တွင် ကြာကြာမနေ။ ဦးအိုက်စံ ဦးဆောင်ပြီး ရွာနှင့်အတော်လှမ်းသည် တောင်ယာတဲတလုံးသို့ ရွှေ့ခဲ့ကြသည်။ တောင်ယာတဲပေါ်တွင် ငါးယောက်သား ရယ်လား မောလား စကားကောင်းကြပြန်သည်။ ဦးအိုက်စံသည် မပြန်သေးပေ။ တဲတဝိုက် ကင်းထောက်လျက်ရှိသည်။
နေ့တာသည် တိုတောင်းလေစွ။ အချိန်ကုန် မြန်လှသည်။ မှောင်စပျိုးချိန် ဦးအိုက်စံ တခေါက်ရောက်လာပြန်သည်။ ရေဘူး၊ ကောက်ညှင်းထုပ်နှင့် စောင်စုတ်နှစ်ထည် ပေးသည်။ စကားကျယ်ကျယ် မပြောနဲ့။ မီးမထွန်းနဲ့။ ရှမ်းတပ်တွေ ရှိတယ်။ ဗမာစကားပြောသံကြားရင် ရောက်လာလိမ့်မယ်ဟု သတိပေးစကား ပြောသည်။ ရှမ်းစကား နည်းနည်းပါးပါးတတ်သော ဦးဆောင်ရဲဘော်က ဘာသာပြန်ပေးသည်။
ထို့ကြောင့် စကားပြောချင်စိတ်ကိုမျိုသိပ်ကာ စောစောအိပ်ရာဝင်ကြလေသည်။ ဒုဋ္ဌဝတီမြစ်၏ ဒီဘက်ကမ်းတွင် ရှမ်းတပ်နှင့် ဗမာတပ် (စစ်အစိုးရစစ်တပ်) တို့ရှိကာ၊ ဟိုဘက်ကမ်းသည် ဗမာပြည်ကွန်မြူနစ်ပါတီ၏ ၁ဝ၈ ပြောက်ကျားအခြေခံဒေသ ဖြစ်သည်။ မြစ်တဖက်ကမ်းဆီမှ ဘဝ နှစ်ခု။
ဒီဘက်ကမ်းတွင် သူတို့၏ပုံရိပ်သည် ဝရမ်းပြေးနှင့် ထောင်ထွက်၊ ဟိုဘက်ကမ်းတွင် တောခို လူငယ်ကျောင်းသား၊ စိတ်လှုပ်ရှားစွာဖြင့် တိတ်ဆိတ်ငြိမ်သက် အမှောင်ထုကို သူတို့ကျော်ဖြတ်ကြရ၏။
(၅)
နေနှင့်လတို့သည် ကမ္ဘာလောကကြီးကို သူတလှည့် ငါ့တလှည့် စောင့်ရှောက်ကာ သဘာဝတရားသည် သူ့သဘောသူဆောင်ကာ ပုံမှန်လည်ပတ်နေပေသည်။ သူတို့ စောစီးစွာ နိုးကြသည်။ ဦးအိုက်စံ ခေါ်ဆောင်ရာသို့ တန်းစီလိုက်ခဲ့ကြသည်။ အတော်အတန် သွားမိလျှင် ဒုဋ္ဌဝတီမြစ်ကမ်းသို့ ခပ်စောက်စောက် တောင်ပေါ်လမ်းအတိုင်း ထိုးဆင်းသွားပေသည်။
ပြေပြစ်သည့် ကတ္တရာလမ်းများတွင် လျှောက်ခဲ့သော လူငယ်များ၏ ခြေထောက်များသည် မတ်စောက်သော တောင်ပေါ်လမ်းတွင် ကုတ်ကပ်လျှောက်ကြရသည်။ ခြေမခိုင် ဒူးမခိုင်လျှင် ယိုင်လဲနိုင်သည်။ နာရီဝက်ခန့် ဆင်းမိပြီးနောက် သူတို့သည် ကျောက်တုံး ကျောင်ဆောင်တွေကြားသို့ ရောက်သွားသည်။ ကမ်းပါးယံနှင့် သစ်ကြီးဝါးကြီးများကြား ရောက်နေသဖြင့် ပို၍မှောင်သွားသည်ဟု ထင်မိပေသည်။
“ထမင်းချက်စားကြမယ်ဗျို့”
ဦးအိုက်စံသယ်လာသော ဆန်နှင့် အိုးကို အရင်းတည်ကာ ထမင်းစားဖို့ ပြင်သည်။ ကျောက်ဆောင် ကျောက်ခွက်တွေအကြား တင်ကျန်နေသော မိုးရေကို ဆရာဒေ ဖက်ဖြင့်ခပ်ကာ စုဆောင်းဖို့ ပြင်သည်။
“ရေကတော့ တောထဲမှာ ဒီလိုပဲဗျို့။ ရှာကြံသုံးရတာပဲ”
ဆရာဒေက ရေကို ဖက်ဖြင့်ခပ်ကာ စုဆောင်းနေစဉ်မှာပင် ဦးအိုက်စံက မလှမ်းမကမ်း ရေထွက်ပေါက်တခုသို့ ဆန်နှင့် အိုးကိုယူကာ ဆန်ဆေးနှင့်လေပြီ။ ထင်းတိုထင်းခြောက်များဖြင့် ထမင်းတအိုးတည်ကာ ပါလာသည့် ပဲပုပ်ထောင်းနှင့် တို့မြှုပ်ကာ ထမင်းစားလိုက်ကြသည်။ အတန်ငယ် ဆက်လျှောက်လိုက်သည့်အခါ အလင်းရောင်ဖြင့် လက်ပြောင် လှုပ်ရှားနေသော ဒုဋ္ဌဝတီမြစ်ကို ဘွားခနဲ တွေ့လိုက်ရပေသည်။
ရေစီးကားသန်လှ၏။ မုန်ယိုနေသော တောဆင်ရိုင်းတကောင် စွယ်စုံဖွင့်ကာ ထိုးဆင်းလာသည်နှင့် တူလွန်းလှသည်။ ရေမှာ ရွှံ့နှစ်များဖြင့် နီညိုနောက်ကျိလျက်ရှိ၏။ သစ်တုံးသစ်ခက် သစ်ရွက်သစ်ဆွေး ဒိုက်သရိုက်တို့ တဟုန်ထိုး စီးမျောနေသည်။ ရံဖန်ရံခါ အမြစ်မှကျွတ်ကာ တအုန်းအုန်း လှိမ့်ဆင်းမျောပါလာသော သစ်ပင်ကြီးများလည်း ပါသည်။ ဒေါမာန်ပွားနေသော တိမ်ဆုပ်မြူဆုပ်များကို ဖမ်းဆီးစားသောက်နေသော နဂါးမင်း၏ကျောမှ ကျော်ဖြတ်ကာ တဖက်ကမ်းသို့ သူတို့ ကူးကြရပေမည်။
ခရီးစဉ်ကို သူတို့ ကြိုတင်မသိပေ။ စီစဉ်ပေးသူ ရဲဘော်မှလည်း လျှို့ဝှက်ရေးကြောင့်ထင်သည်။ အသေးစိတ် ပြောမထားပေ။ ထောက်လှမ်းရေးကို မျက်ခြေဖြတ်ရမှာဖြစ်သည့်အတွက် ရေဘော၊ မိုးကာစ စသည့် အပိုပစ္စည်းများလည်း ဘာမှ ယူမလာခဲ့ကြချေ။
ဆက်လက်ဖော်ပြပါမည်။
No comments:
Post a Comment