ဟော ရှေ့မှာ ကျွဲရိုင်းတကောင်၊ နှာတဖူးဖူး ခွာတရှပ်ရှပ်ဖြင့် လမ်းကို ကားယားခွကာ သူတို့ကို ဆီးကြိုနေသည်။ ကျွဲရိုင်းတော့ မဟုတ်ပါ။ မောင်းတက် ဝါးကိုင်းဖျားတွင် ကြိုးရှည်ရှည်နှင့်ချည်ကာ လှန်ထားသော ခိုင်းကျွဲကြီးပေပဲ။
ဒီဒေသမှာ ကျွဲတွေကို ရွာနှင့်လှမ်းလှမ်း စားကျက်ကောင်းကောင်းမှာ လှန်ထားတတ်သည်။ အပျောက်အရှ မရှိပေ။ လမ်းကကျဉ်းကျဉ်း ဘေးတဖက်စီ ချုံတွေ ထူထပ်နေသဖြင့် မသွားသာ ဖြစ်နေသည်။ ကျွဲကြီးက ဝဖြိုးတောင့်တင်းသည်။ လူစိမ်းတွေ တွေ့သဖြင့် ရိုင်းချင်နေသည်။
ရှေ့က သွားနှင့်သူတို့မှာ ကျွဲမောင်းမရ၊ ကျွဲက လမ်းဖယ်မပေး။ ပေစောင်းစောင်းဖြင့် ချိုဝင့်နေသည်။ ကျွဲနှင့် လူတို့ ဆိုင်နေကြစဉ် ခပ်လှမ်းလှမ်းမှလိုက်ပါလာသော ဦးအိုက်စံ ရှေ့ကိုတက်ကာ ဘာမပြော ညာမပြော ကျွဲရှေ့မှာ ခြေကော လက်ကော ဖားခုန်ခုန် စုံမြှောက်ကာ ခြောက်လေသည်။ ဦးအိုက်စံ၏ ကိုးရိုးကားရား အမူအရာနှင့် ခြေကားရား လက်ကားရား ဝူးဝူးအော်ကာ ခြောက်လှန့်မှုကြောင့် ရိုင်းချင်သည့်ကျွဲ ချုံကြားသို့ တိုးဝင်ပြေးလေသည်။
သူတို့အားလုံး တဟားဟား ရယ်မောကြသည်။ ဦးအိုက်စံ၏ ဝင်းပသော မျက်နှာသည် စပ်ဖြီးဖြီးဖြင့် ပြုံးလေသည်။ ဦးအိုက်စံ၏ ခုန်ပေါက်မြူးကြွ ကိုးရိုးကားရား အမူအရာက သူတို့ကို ကူးစက်သွားပေသည်။ ကျွဲကိုနိုင်တာ လယ်သမားပေပဲ။
သူတို့ ရွာတွေ ဖြတ်လာကြတော့ ဦးအိုက်စံ ပါမလာတော့ပေ။ မေးကြည့်တော့ တမင်ချန်နေရစ်ခဲ့ကြောင်း သိရသည်။ ဦးအိုက်စံအား နောက်ထပ် မတွေ့ရတော့ပေ။ တခါသာ ရွာဘုန်ကြီးကျောင်းပွဲတခုတွင် လူအုပ်ကြားမှာ လှမ်းတွေ့လိုက်ရသည်။ ဦးအိုက်စံက မသိမသာ ပြုံးပြကာ နှုတ်ဆက်သည်။ လျှို့ဝှက်ရေးကြောင့် သူတို့က ဦးအိုက်စံကို နှုတ်ဆက်ခြင်း မပြုပေ။
နွေမိုးဆောင်း ရာသီတွေ အလီလီပြောင်းခဲ့ပေပြီ။ သူတို့သည် ထိုးစစ်တွေ ဗုံး အမြောက် ကျည်ဆံတွေကြား ဖြတ်သန်းခဲ့ကြသည်။ ဒုဋ္ဌဝတီလိုပင် ကြမ်းသော ရိုင်းသော မြစ်တွေ ချောင်းတွေများစွာကို ဖြတ်သန်းခဲ့ကြသည်။
သံလွင်ကို အခေါက်ခေါက် ကူးခဲ့ကြသည်။ ဝါးဖောင်ကို ကိုယ်တိုင်ဖွဲ့ကာ ကိုယ်တိုင်မျှောခဲ့ကြသည်။
ရေစီးသန်သော မြစ်တွေ ချောင်းတွေမှာ ဖျံတကောင်လို ကူးခဲ့ကြသည်။
တောင်တွေတောင်တွေ၊ တောတွေတောတွေ၊ ခြေရာချင်း ထပ်အောင် သွားခဲ့ကြသည်။ ခြေထောက်တွေ အသားမာတက်၊ လည်ဂုတ်တွေ ကြွက်သားတက်အောင် ခရီးကြမ်းတွေ ဖြတ်သန်းခဲ့ကြသည်။ တောနှင့်တောင်ကို အသားကျခဲ့ကြသည်။
သူတို့သည် ဦးအိုက်စံကို မမေ့။ အကြောင်းတိုက်ဆိုင်တိုင်း သတိရသည်။ ဦးအိုက်စံသည် သူတို့၏ လက်ဦး ဆရာပေပဲ။ ဦးအိုက်စံ၏ စနစ်ကျမှု စေ့စပ်သေချာမှု တာဝန်ယူမှု ဝိရိယရှိမှု ကြံ့ခိုင်မှု ဇွဲ သတ္တိရှိမှု အနစ်နာခံမှု ကိုယ့်အားကိုယ် ကိုးမှုတို့သည် စံနမူနာများ ဖြစ်ခဲ့ပေသည်။
ဧရာဝတီကို အခေါက်ခေါက် လက်ပစ်ကူးခဲ့သော ညောင်ဦးကမ်းပါးက ညောင်ဦးဖီးလို ဒုဋ္ဌဝတီကို အခေါက်ခေါက် ကူးခဲ့သော ဒုဋ္ဌဝတီကမ်းပါးက ဦးအိုက်စံ။ ကျွဲရိုင်းကို ယဉ်ပါးစေသော လယ်သမားကြီး ဦးအိုက်စံ။ ရိုးသား ပျော်ရွှင်တတ်သော တောင်ပေါ်သားကြီး ဦးအိုက်စံ။ သူ အကြိမ်ကြိမ်အလီလီ ပို့ပေးခဲ့သော ဝရမ်းပြေးနှင့် ထောင်ထွက်တွေ ဘယ်လောက်များပြီလဲ။
ဒုဋ္ဌဝတီသည် ရိုင်းတခါ ယဉ်တလှည့် ကြမ်းတခါ ညင်သာတလှည့် နောက်တခါ ကြည်တလှည့် စီးမြဲစီးလျက် ရှိ၏။ နှစ်အတန်ကြာသည့်အခါ တခါ သူတို့ချင်း ပြန်တွေ့စဉ် စိတ်ထိခိုက်ဖွယ်ရာ သတင်းဆိုးတရပ် ကြားလိုက်ရသည်။
စစ်အစိုးရစစ်တပ်က ရွာကို ဝိုင်း ဦးအိုက်စံကို လက်ပြန်ကြိုးတုပ် ရွာပြင်ထုတ်ကာ နှိပ်စက်ညှဉ်းပန်းပြီး လူမဆန်စွာ သတ်ဖြတ်ခဲ့လေသည်။ အိုက်စံသည် ကွန်မြူနစ် အမာခံဆိုပဲ၊ အမာခံဆိုလျှင် တရားမရှိ ဓားမရှိ လက်လွတ်စပယ် လုပ်ခွင့်ရှိပါသလား။
စစ်ပွဲစစ်မြေပြင်တွင် တဖက်နှင့်တဖက် အသေအကြေ ပစ်ခတ်သတ်ဖြတ်ကြသည်မှာ အဆန်းမဟုတ်သော်လည်း ရပ်ထဲရွာထဲနှင့် မြို့ကြီးပြကြီးတွေပေါ်တွင် ဥပဒေမဲ့ ထင်သလို သတ်ဖြတ်ခွင့် ရှိပါသလား။ သူရဲဘောကြောင်လွန်းလှပေသည်။
စစ်အစိုးရ ကြေးစားစစ်တပ်၏ ဗိုလ်ကျရမ်းကားမှုများကို မကြာခဏ မြင်ရ ကြားရပါများလာသည့်အခါ အမာခံဆိုသည်မှာ အဖိနှိပ်ခံ ပြည်သူလူထုကြီးပင်ဖြစ်သည်ဟု သဘောပေါက်လာမိပေသည်။ ထောင်ထွက် ဝရမ်းပြေးနှင့် အမာခံတို့သည် တသားတည်း ရှိနေခဲ့ပေသည်။ ဒီအထဲတွင် သစ္စာဖောက်များ မပါဝင်ပေ။
သစ္စာဖောက်သူများသည် ကျေးဇူးကန်းသူများ ဖြစ်ကြပေသည်။ တချိန်က သူတို့ကို ကူညီရိုင်းပင်းခဲ့သော သူတို့က မှီခိုအားထားခဲ့သော အမာခံများကို သူတို့၏ ကိုယ်ကျိုးစီးပွားအတွက် ရောင်းစားကြသူများ ဖြစ်သည်။
စကားတလုံးမျှမပြော လုပ်စရာရှိသည်ကို ရင်စည်း၍ လုပ်ကိုင်တတ်သော ရိုးသားသိမ်မွေ့သည့် တော၏ သမီးပျိုဖြစ်သော ဦးအိုက်စံ၏ ဇနီးကော။ ကြေးစားတပ်က စော်ကားခဲ့လေသလော။ ချစ်စဖွယ် စူးစမ်းတတ်သော နှလုံးသားဖြူစင်သည့် ဦးအိုက်စံ၏ သမီးနှင့်သားငယ်ကော မိမဲ့ဘမဲ့ လွင့်မျောခဲ့ပြီလော။ စိုးရိမ်ပူပန်စွာဖြင့် သတိတရ အောက်မေ့မိလေသည်။
ဦးအိုက်စံတို့ မိသားစုအကြောင်း စဉ်းစားမိတိုင်း သူသည် မလွှဲသာမရှောင်သာ ခွဲခွာလာခဲ့ရသည့် အမေနှင့် ညီငယ် နှမငယ်များကို လွမ်းဆွတ်မိလေသည်။
အောင်ငြိမ်း
(၂ဝဝ၉၊ ဖေဖော်ဝါရီ ၇)
No comments:
Post a Comment