စာမူ တချို့တော့ ဖတ်ရပါရဲ့။ ဒါပေမယ့် စာမူရွေးတာ ကျွန်တော့် အလုပ် မဟုတ်ဘူးလိုပဲ။ မှတ်ချက်ကလေး ရေးပြီး ကျွန်တော့် ဆရာသမားဆီ ပို့ပေးရတာပေါ့။ ကျွန်တော် ရွေးလေ့ရှိတဲ့ မှတ်ချက်ကတော့ "သင့်" ဆိုတာပါပဲ။ ကျွန်တော်တို့ အလုပ်ခန်းက မြို့လယ် လမ်းကျဉ်းတခုမှာပါ။ အယ်ဒီတာ ရုံးခန်းသာ ဆိုရတယ်။ တကယ်တော့ ပုံနှိပ်တိုက်နဲ့ တွဲလျက်။ ပုံနှိပ်စက်က နောက်ခန်းမှာ တဂျုံးဂျုံး၊ တဂျိုင်းဂျိုင်း မြည်အောင် ရိုက်နေတာ။ ထပ်ခိုးပေါ်မှာက ခဲစာလုံး စာစီဆရာတွေ။ စာစီ ဆရာတွေက စီတဲ့ စာမူ ကုန်ခါနီးရင် "ကော်ပီ ဆရာရေ" လို့ လှမ်းအော် တတ်တယ်။ "ကော်ပီ" ဆိုတာ စီရမယ့် စာမူကို စာစီဆရာ၊ အယ်ဒီတာတွေ အဲဒီတုန်းက ခေါ်တဲ့ စကားလုံးပါ။ ကျွန်တော်ကလည်း ကိုယ့်ဆရာသမား ချပေးထားတဲ့ စာမူတွေကို သတ်ပုံပြင်၊ ပုဒ်ဖြတ်၊ အပိုဒ်ခွဲ၊ စာချဲ စသဖြင့် သင်္ကေတတွေ ရေးပြီး စာစီဆရာတွေဆီ ညှပ်ချိတ် ကြိုးလေးနဲ့ တင်ပေးရတယ်။ ကြိုးတချောင်းထိပ်မှာ ကလစ်ညှပ်တခု ချည်ထားတာပါပဲ။ အဲဒီ ညှပ်ချိတ်ကြိုးနဲ့ စာစီခန်းကို စာမူ တင်ပေးတယ်။ စာစီပြီး ဂယ်လီပရုက စပြီး စက်တင် ပုံနှိပ်တော့မယ့် စက်တင်ဖောင်ပရုထိ စာစီ ဆရာတွေက ပြန်ချပေးတယ်။ ပြန်ဆွဲတင်တယ်။
ပုံနှိပ်မင်နံ့၊ ခဲစားလုံးနံ့၊ လက်ဆေးတဲ့ ရေနံဆီနံ့၊ စက္ကူနံ့၊ ချွေးနံ့ စတဲ့ အနံ့မျိုးစုံကိုလည်း ရှူရှိုက်နေရတယ်။ ဒါပေမယ့် ကိုယ် ဝါသနာ ပါတဲ့အလုပ်ဆိုတော့ မညည်းမညူ လုပ်တာပါပဲ။ သို့သော် ကြာတော့ ငြီးငွေ့လာတာပေါ့ဗျာ။ အဲသလို ငြီးငွေ့တဲ့အချိန်မှာ ကျွန်တော်တို့ အပန်းဖြေတဲ့ နည်းလေးတခုရှိတယ်။ အဲဒီနည်းကိုလည်း ကျွန်တော်တို့ရဲ့ ဆရာသမားက ပြပေးထားတာပါ။ လက်ထပ်သင်တဲ့ သဘောတော့ မဟုတ်ဘူးပေါ့ဗျာ။ အရိပ်ပြ အကောင်ထင် သဘောနဲ့ နည်းပေး လမ်းပြ လုပ်တာပါ။
၂။
ဒီလို ခင်ဗျ။
ကျွန်တော်တို့ အလုပ်တိုက်လို့ ခေါ်တဲ့ အခန်းကျဉ်းလေးထဲမှာ စားပွဲသုံးလုံး ရှိတယ်။ ဝင်ဝင်ချင်း အပေါက်ဝ စားပွဲမှာ ကျွန်တော် ထိုင်ရတယ်။ ကျွန်တော်နဲ့ ကပ်လျက် စားပွဲမှာ ဒုတိယအဆင့် အယ်ဒီတာဆရာ ထိုင်တယ်။ ဟိုနောက်ဆုံး စားပွဲမှာကျမှ ဆရာသမားက ထိုင်တယ်။ အလုပ်ခန်းက ကျဉ်းလေတော့ ဆရာသမားခမျာလည်း တခမ်းတနား အခန်းတခန်း နဲ့ မနေနိုင်ရှာဘူးပေါ့။ အဲ အဲဒီတော့ ဆရာ့ လှုပ်ရှားမှုတွေကို ကျွန်တော်တို့က မြင်နေရသပေါ့ဗျာ။
ဆရာသမားက အသက်အရွယ်ရပေမယ့် ရုပ်က ဖြောင့်တယ် ခင်ဗျာ။ လူပုံကလည်း ခပ်နွဲ့နွဲ့ပါပဲ။ ဒါပေမယ့် အထင်တော့ မသေးလိုက်နဲ့ဗျို့။ ဆရာက စွံတယ်။ ဆရာသမား ချိတ်လိုက်ပြီ ဆိုတဲ့ မြာဟာ အဖြောင့်စား၊ အတောင့်စားတွေချည်းပဲ ခင်ဗျ။ ဆရာသမားက တခုတော့ ထိန်းတယ်။ အိမ်ထောင်ရှင်ဆို ထိတောင် မထိဘူး။ အဲဒါကိုလည်း နည်းယူရတယ်။ ထိန်းရတယ်။ စာပေသမားတွေရဲ့ လောကကလည်း ဘာသားထုထား သမို့တုံးဗျာ။ ခပ်ရှုပ်ရှုပ်ကိစ္စတွေ ရှိတာပါပဲ။ အားလုံး မဟုတ်ပေမယ့် တချို့ကတော့ တခြားလောကတွေလိုပဲ ထုံးစံအတိုင်း ခပ်ထွေးထွေးပေါ့ဗျာ။ ဆရာသမားက အဲသလို "မြာ" မျိုးဆိုရင် ကြိုကြိုတင်တင် မှန်းဆပြီး သိလေ့ရှိတယ် ခင်ဗျ။ ပါရမီ ခေါ်မလား မသိ။ အမျိုးသမီး တချို့ကလည်း စာပေ အကြောင်းပြပြီး ဟိုဒင်း၊ ဒီဒင်းလေး ဖြစ်ကြတာကိုး။ ယောက်ျား ဆိုတာကလည်း ယောက်ျားပဲ ဆိုတော့ အဲသလို မစွမ်းရင်း ကလည်းရှိရင် ကန်စွန်းခင်းလည်း ငြိတော့တာပေါ့ဗျာ။
အဲသလို ငြိဖို့ ဆိုတဲ့ ဖြစ်တန်စွမ်း (ဖြစ်တန်ရာအခြေ) ကတော့ တော်တော့်ကို နည်းတယ် ခင်ဗျာ။ စာပေ ဝါသနာပါတယ် ဆိုတဲ့ အမျိုးသမီးတွေထဲမှာ အဲသလိုမျိုးက ရာခိုင်နှုန်းနဲ့ ပြောရရင် ဒသမ တစ်ရာနှုန်းတောင် မရှိဘူး။ ပြီးတော့ စာပေဝါသနာရှင် အမျိုးသမီး အများစုဟာ မမှည့်ဘူးဗျာ။ မတောင့်ဘူး။ မဖြောင့်ဘူး။ မချောဘူးဗျ။ မယုံ စာရေးဆရာမတွေ ကြည့်။ ချောတောတောရယ် လို့ ကျွန်တော့် မျက်စိထဲတော့ တယောက်မှ မတွေ့ဘူး။
ဘုတ်ထိုင်းကြီးတွေ၊ ပိန်ကပ်ကပ်တွေ၊ မျက်မှန်ထူတွေ၊ တဖြောင့်တည်း ဝါးခြမ်းပြားတွေ၊ တိုင်ကီပုံတွေ၊ စဥ့်အိုးရှိပ်တွေ၊ ပေမမီ ဒေါက်မမီ ပုတုတုတွေ၊ ဂလန်ဂလား ရှည်မျောမျောတွေ၊ မီးသွေးအိတ်ကို ကတ္တရာ သုတ်ထားတဲ့ ပုံတွေ၊ ပိုးဟပ်ကို ထုံးသုတ်ထားပုံတွေ၊ ဓာတ်တိုင်ကို မိတ်ကပ် ခြယ်ထားပုံတွေ ... စတာတွေပဲ များတယ်။ ဒါပေါ့လေ ရုပ်ရည်အဆင်း ပြေပြစ်တင့်တယ်မှတော့ စာရေးဆရာမ ဘယ်လုပ်တော့ မတုံး။ ရုပ်ရှင်မင်းသမီးတို့၊ မော်ဒယ်လ်တို့ လုပ်တော့မှာပေါ့။ (မင်းသမီးတွေ၊ အဆိုတော်တွေ စာရေးတာ သူတို့ကိစ္စပဲလေ)
စာရေးဆရာမကြီးတွေ ငယ်ငယ်ကတော့ ချောသားဗျ။ ဥပမာ ဒေါ်ဒဂုန်ခင်ခင်လေး၊ ဂျင်းဖောမယ်(ဒေါ်) ခင်ဖုန်းတင့်၊ ဆရာမကြီး (ဒေါ်) ခင်ဆွေဦး၊ (ဒေါ်) ပတ္တမြားခင် စသဖြင့်ပေါ့။ ဆရာမကြီးတွေ ငယ်ငယ်က ဓာတ်ပုံတွေ တွေ့ဖူးမှာပေါ့။ သူတို့ ငယ်ငယ်က လှသဗျ။
ကျွန်တော်တို့နဲ့ မတိမ်းမယိမ်း စာရေးဆရာမတွေကတော့ ပြောမပြောချင် ပေါင်ဗျာ။ (စာရေးဆရာ ငနဲတွေက ပိုဆိုးသေး၊ မယုံ ကျွန်တော့် ကြည့်)
အဲဒီထဲကမှ စာပေ ဝါသနာပါတယ် ဆိုပြီး စာပေသမားတွေနဲ့ ရင်းနှီးကြတဲ့ အမျိုးသမီးတချို့ကတော့ တကယ်တမ်းလည်း စာပေ ဝါသနာပါတာ မဟုတ်။ စာပေ ရေးနိုင်တဲ့ အရည်အချင်းလည်း သိပ်မရှိ။ ဟိုလို ဒီလိုနဲ့ စာသမားတွေကြားထဲ ရောက်လာလေ့ ရှိတာကိုး။ အဲသလိုတွေထဲက တချို့ရဲ့ တချို့ကိုလည်း ကျွန်တော်တို့ရဲ့ ဆရာသမားက ကျူတယ်ဗျ။
အစပိုင်းတော့ မရိပ်မိပါဘူးဗျာ။ ဆရာသမားက သိပ်ကို မင်မောင်း ကောင်းတာဗျ။ မျက်နှာကလည်း ခပ်တည်တည်။ စကားပြောပုံကလည်း ဣနြေ္ဒရရ။ သူ ဘာမှ မဘာသလိုပဲ။ ဒါပေတဲ့ အဲသလို အမျိုးသမီးတယောက်နဲ့ စကားပြောပြီးရင် စာရွက် တရွက်ပေါ် မှတ်ချက်လိုလို ရေးတယ်ဗျ။ ခဏလည်းနေရော အမျိုးသမီးက ထွက်သွားတယ်။ သိပ်မကြာခင် ကျွန်တော်တို့ ဆရာသမားက တိုက်ပုံလေး ကောက်စွပ်ပြီး ထွက်သွားတယ်။ ကြာတော့ ကျွန်တော်တို့က သိပ်မသင်္ကာတာနဲ့ နောက်ယောင်ခံ လိုက်ချောင်း ကြည့်တယ်။ မြို့ထဲ ချောင်ကျကျ တရုတ်ဆိုင်မှာ ဖြစ်ဖြစ်၊ ကုလားဆိုင်မှာ ဖြစ်ဖြစ် ချိန်းတာကိုး။ ကျွန်တော်တို့က ဒီဆရာ ဘယ်လိုများ စွံပါလိမ့်လို့ အရိပ်အကဲနဲ့ နည်းပညာတွေကို ကြည့်တော့မှ သဘောပေါက်လာတယ်။
ဆရာသမားက ဟတ္ထ ပါဒပရာမာသ (လက်ခြေထိ ပါခြင်း) နည်းကို သုံးတာကိုး။ အဲဒါ ဟိုးရှေးရှေးတုန်းကတည်းက အိန္ဒိယမှာ သုံးခဲ့တဲ့ နည်းခင်ဗျာ။ (မဟောသဓ ဇာတ်တော်ထဲမှာ မဟောသဓ ပညာရှိက အမရာဒေဝီကို လက်သီး ဆုပ်ပြပြီး အိမ်ထောင် ရှိလား သင်္ကေတနဲ့ မေးတယ်။ အမရာဒေဝီက လက်ဝါး ဖြန့်ပြပြီး အိမ်ထောင် မရှိဘူးလို့ သင်္ကေတ ပြတယ်လေ) ခုထိလည်း ကမ္ဘာအနှံ့သုံးတုန်းပါပဲ။
သင်္ကေတပြုတဲ့နည်း လို့လည်း ဆိုသဗျ။ လက်ယပ် ခေါ်ရင် လာပါလို့ ပြောတာမျိုး။ လက်ခါပြရင် သဘောမကျဘူး၊ သဘောမတူဘူးလို့ ပြောတာမျိုးပေါ့ဗျာ။ ဆရာသမား လှုပ်ရှားပုံက သိပ်ညင်သာတယ် ခင်ဗျ။ သူလှုပ်ရှားတာက ခြေဖဝါး။ ခြေဖဝါးမှာမှ ခြေမနဲ့ ခြေညှိုး နှစ်ချောင်းတည်း။ ခပ်ပျံပျံ အမျိုးသမီးလို့ သူက သိလိုက်ပြီဆိုရင် စားပွဲအောက်က အမျိုးသမီးရဲ့ ခြေဖမိုးကို သူ့ခြေဖဝါးနဲ့ အသာထိတာ။ အမျိုးသမီးက စချင်ရင်လည်း ဒီနည်းပဲတဲ့။ (ရှေးအိန္ဒိယနည်းတဲ့။ အမျိုးသမီးတွေကတော့ မသုံးပါဘူး) အဲဒီက စလို့ သင်္ကေတပြရင်း အဓိပ္ပာယ်ပါတာတွေ ပြောတာပေါ့ဗျာ။
အမျိုးသမီးကလည်း အိုကေတယ် ဆိုရင် အေးဆေးပဲပေါ့။ ဒီအခါကျတော့မှ ဆရာသမားက စာရွက်ပေါ်မှာ မှတ်ချက်ရေး သလိုလို ဘာလိုလိုနဲ့ ချိန်းတဲ့နေရာကို ရေးပြလိုက်တာပါပဲ။ အစပိုင်းမှာ ကျွန်တော်တို့က လုံးဝ မရိပ်မိဘူး။ နောက်တော့ ဆရာသမားကို နောက်ယောင်ခံ လိုက်ကြည့်။ တိုက်မှာ ဆရာလှုပ်ရှားပုံ အကဲခတ်ပြီးမှ ဒီနည်းကို သဘောပေါက်လာတာပါ။
၃။
ဆရာကောင်းတပည့် ပန်းကောင်းပန် ဆိုတဲ့ စကားအရ ကျွန်တော်လည်း အဲသလို နည်းမျိုးနဲ့ ကြိုးစားကြည့်ချင်စိတ် ပေါ်လာတယ်။
တနေ့တော့ ဆရာသမားက တိုက်မှာမရှိဘူး။ ကိစ္စတခုနဲ့ အပြင်သွားနေတယ်။ ဒုတိယ ဆရာသမားကလည်း စာမူ ပရုဖတ်ရင်း အလုပ်ရှုပ်နေတယ်။
အဲဒီအချိန်မှာ အမျိုးသမီးတယောက် အလုပ်တိုက်ထဲ ဝင်လာတယ်။ ကျွန်တော်တို့တိုက်ကို သူဝင်ထွက်နေတာ ကြာပြီ။ စာရေးလည်း မကောင်းပါဘူး။ ပုံကလည်း မလာလှပါဘူး။ ကျွန်တော်တို့ရဲ့ ဆရာသမားကလည်း သူ့ကို သိပ်ဂရုမစိုက်ဘူး။
ဒီတော့ ကျွန်တော့် အလှည့်ကျပြီ ထင်တာပေါ့လေ။
အမျိုးသမီးက တခုလပ် ဆိုလား ပြောသံကြားတယ်။ ကျွန်တော်ကလည်း အဲဒီအမျိုးသမီးကို မကြိုက်လှပါဘူး။ သို့သော် အစကပြောသလို ပုံနှိပ်စက်သံက ဆူညံ။ စာသမား၊ ပေးသမား ဆိုတဲ့ ငနဲတွေကလည်း ရူးကြောင်၊ မူးကြောင်တွေက များသား၊ ပြောတော့ မိုးလား ကဲလား၊ လုပ်တော့တလွဲတွေ။
အဲ စက္ကူနံ့၊ မင်နံ့၊ ရေနံ ဆီနံ့တွေကလည်း လှိုင်နေ။ အခန်းကကျဉ်း။ စိတ်ကအိုက်။ ဒီတော့ ကျွန်တော်လည်း အပျင်းပြေ သဘောထားပြီး ဆရာသမားရဲ့နည်းကို အသုံးချ စမ်းသပ် အကောင်အထည်ဖော်မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။
၎။
အမျိုးသမီးက "ဆရာကော" တဲ့။
ကျွန်တော်က ဆရာ့ဂိုက်ဖမ်းပြီး ခေါင်းငုံ့လျက် ခပ်တည်တည်။
"အပြင်သွားပါတယ်။ ခဏ ထိုင်စောင့်ပါ"
သူက ကျွန်တော့်ရှေ့က ခုံမှာ ဝင်ထိုင်တယ်။ ဘေးက ခုံပုမှာ သူဝယ်လာတယ် ထင်ရတဲ့ အထုပ်တွေချထားတယ်။ အခန်းက ကျဉ်းလေတော့ သူ့နောက်က ဖြတ်သွားသူ ဝင်သာ ထွက်သာအောင် ထိုင်ခုံကို ရှေ့နားတိုးထားတယ်။ သူ့ခြေထောက်က ကျွန်တော့် ခြေထောက်နဲ့ ကပ်လျက်လောက် ရှိနေတယ်။
ကျွန်တော်က အလုပ်များတဲ့ဟန်နဲ့ စာမူတပုဒ်ကိုဖတ်ရင်း ပုဒ်ခွဲ၊ ပိုဒ်ခွဲ၊ စာခြားမျဉ်းတွေ တားနေရင်း "ဘာကိစ္စများ ရှိပါလိမ့်" လို့ ခေါင်းငုံ့လျက် ပြောတယ်။ (ဆရာသမားရဲ့ ဂိုက်မျိုးပေါ့ဗျာ) သူက "လမ်းကြုံလို့ ဝင်လာတာပါ။ ကျွန်မ စာမူပေးပို့ ထားတာလည်း ကြာပြီမို့ စုံစမ်းရင်းပါ"
"အဲဒါတော့ ဆရာပဲ ဆုံးဖြတ်ပါလိမ့်မယ်။ ဆရာ့ဆီ တင်ထားပါတယ်။ ဆရာ့ကိုပဲ မေးပါ"
ကျွန်တော် သိတာပေါ့ဗျာ။ ဒီအမျိုးသမီး စာရေးမှမကောင်းတာ။ ကပေါက်ချိ ကပေါက်ချာတွေ လျှောက်ရေးတတ်တာ။ ဝါကျတောင် ဖြောင့်အောင် မရေးတတ်ဘူး။ သတ်ပုံလည်း မမှန်ဘူး။ ကတ္တားတွေ၊ ကံတွေလည်း မှားတယ်။ ဘယ်တော့မှ စာရေးဆရာမ ဖြစ်လာမှာ မဟုတ်ပါဘူး။ (တကယ်လည်း ဖြစ်မလာပါဘူး)
ဒါပေတဲ့ ကျွန်တော်လည်း ပျင်းပျင်းရှိတာနဲ့ အဲဒီ အမျိုးသမီးကို စောင့်ခိုင်းထားလိုက်ပါတယ်။ တအောင့်နေတော့ ကျွန်တော့် ဆရာသမားရဲ့ နည်းအတိုင်း "ဟတ္ထပါဒ" ကိစ္စ စကြည့်တာပေါ့ဗျာ။
ကျွန်တော့် ခြေမနဲ့ သူ့ ခြေဖမိုးလို့ ထင်ရတဲ့နေရာကို ထိကြည့်တယ်။သူက အေးဆေးပဲ။ ဒီလိုနဲ့။ ခြေဖဝါးကို အပေါ်ဘက် နည်းနည်းရွှေ့တယ်။ ထိကြည့်တယ်။ အေးဆေးပဲ။ ထိရတာက ပျော့ပျော့အိအိမို့ ကျွန်တော့် စိတ်ထဲ ဒီ အမျိုးသမီးက ပုံသာ သိပ်မလာတာ အသားက နူးညံ့သားပဲလို့ ထင်မိတယ်။ နောက်တော့ တဆင့်တက်ပြီး ကျွန်တော့်ခြေမနဲ့ အဲဒီ ပျော့အိအိကို ကုတ်တယ်။ အမျိုးသမီးက ဘာမှမဖြစ်သလို အေးဆေးပဲ။ သိတောင် မသိဘူးဆိုတာမျိုး။
ကျွန်တော့် စိတ်ထဲမှာ ဒီအမျိုးသမီးလည်း "ဟတ္ထပါဒ ပရာမာသ" သိနေပါကလား လို့ ယူဆလိုက်တယ်။
နည်းနည်း ထပ်ကဲပြီး အဲဒီ ပျော့အိအိကို ခြေဖဝါးနဲ့ ကုတ်ပြီး ဖိလိုက်တယ်။ ဒီတခါ အိုကေရင် ဆရာသမားနည်းအတိုင်း ချိန်းဆိုချင်တဲ့နေရာကို စာရွက်ပေါ်ရေးပြီး သူ့ကို ပြလိုက်ရုံပေါ့။ (ကျွန်တော့်စိတ်ထဲ ၄၄ လမ်းထိပ်က ကျောက်စားပွဲ တရုတ် လက်ဖက်ရည်ဆိုင်ကို ချိန်းမယ် စိတ်ကူးသေး) တယ်ဟုတ်ပါလား။ တယ်ဟုတ်တဲ့ ငါ ပါလားလို့ ပီတိတွေများ နေမိသပေါ့။
ခြေမကို နောက်ထပ် နည်းနည်းထပ်ပြီး ရှေ့တိုးတယ်။ ပျော့အိအိက နောက် နည်းနည်း ဆုတ်သွားသလိုပဲ။
သူ့ကို ကြည့်လိုက်တော့ အေးဆေးပဲ။ ဘာမှ မဖြစ်သလို။ ဟန်ပြီအထင်နဲ့ ခြေမကို ရှေ့ထပ်တိုးတယ်။ ဖိတယ်။ နည်းနည်း ထပ်ရွေ့သွားတယ်။ ရှေ့ထပ် တိုးတယ်။ ခြေမနဲ့ ဖိတယ်။ ပျော့အိအိ။ အဲဒီအချိန်မှာ ...
"ဟင် ဆရာ။ ကျွန်မ ပေါင်မုန့်ကို ဘာလို့ ခြေထောက်နဲ့ နင်းနေတာလဲ" တဲ့။
ဒီတော့မှ ကျွန်တော့် ခြေထောက် ရောက်နေတာကို ငုံ့ကြည့်မိတယ်။ ဟုတ်ကဲ့ပါ ခင်ဗျာ။
ကျွန်တော့် ခြေမဟာ သူဝယ်လာတဲ့ ပြည်သူ့မုန့်တိုက်က ပြင်သစ်ပေါင်မုန့်လို့ ခေါ်တဲ့ ပေါင်မုန့်ရှည်ရှည် ချွန်ချွန်ကြီးကို နင်းထားမိသလို ကြီး ဖြစ်နေတာကိုးဗျ။
ကျွန်တော် ရှက်ကိုး ရှက်ကန်းနဲ့ "ဆောဒီး" လို့ ပြောလိုက်ရတယ်။
အဲဒီတုန်းက ပြည်သူ့ မုန့်တိုက်က ပေါင်မုန့်ဝယ်ရင် စက္ကူအိတ်ထဲ ထည့်ပေးတယ်။ စက္ကူအိတ်က သေးလေတော့ ပေါင်မုန့်သားက အပြင်ထွက်နေတယ်။
သူက မုန့်တိုက်က ပေါင်မုန့်တို့၊ ဘာတို့ဝယ်ပြီး အပြန် ကျွန်တော်တို့ တိုက်ကို ခရီးကြုံဝင်လာတာကိုး။ ပေါင်မုန့်ထုပ်ကို သူ့ဘေးနား ကပ်လျက် ချထားတာကိုး။
ကျွန်တော်က အဲဒီ ပေါင်မုန့်ကြီးကို သူ့ခြေသလုံး မှတ်ပြီး ခြေဖမိုးနဲ့ "ဟတ္ထ ပါဒ ပရာမာသ" (လက်ခြေတို့ ထိပါးခြင်းအမှု) ပြုနေမိတာကိုး။ လွဲပါ့ဗျာ။ တိတိကျကျ အမှန်အကန်လွဲပဲ။
ကိုယ့်ကိုယ်ကိုယ် ဟုတ်လှပြီ မှတ်တာ။ လက်စသတ်တော့ ပေါင်မုန့်ကြီးကို ဟတ္ထ ပါဒ။ အဲဒီကတည်းက အဲဒီ "ဟတ္ထပါဒ" နည်း မသုံးရဲတော့တာ ခုထိပါပဲဗျာ။
အဲဒီ အမျိုးသမီးလည်း ဘယ်ဆီ ဘယ်ဝယ် ရောက်နေမှန်းတောင် မသိရပါဘူး။ စာရေးဆရာမလည်း ဖြစ်မလာပါဘူး။ ဆိုးလိုက်တဲ့ အဖြစ်ဗျာ။ ကျွန်တော့်ထက် အဖြစ်ဆိုးတာတောင် ကျွန်တော့်လောက် အဖြစ်ဆိုးမယ် မထင်ဘူးဗျာ။ ပေါင်မုန့်မှန်း၊ ပေါင်မုန့်မှန်း မသိတဲ့ အဖြစ်။
http://shweamyutay.com/ မှ ကူးယူဖော်ပြပါတယ်။
သရုပ်ဖော် - မြင့်မောင်ကျော်
သရုပ်ဖော် - မြင့်မောင်ကျော်
No comments:
Post a Comment