Thursday, September 23, 2010

လှုပ်ရှားနေသော တောင်တန်းစိမ်းများ (၂)

(၃)

ဘူတာထဲမှ လူငယ်နှစ်ယောက် ထွက်လာသည်။ တောဘူတာရုံကလေးဖြစ်သဖြင့် ဆိုက်ကား၊ မြင်းလှည်း၊ ကား စသည့် ခရီးသည်တင် ယာဉ်တွေ မရှိ။ လမ်းကောင်းကောင်း မရှိ။ မြေလမ်းသာ ဖြစ်သည်။ သူတို့သည် ခပ်လှမ်းလှမ်း နောင်ပိန်ဈေးဘက်သို့ တချက်လှမ်းကြည့်ပြီး ဘူတာရုံတည့်တည့် မြို့ပြင်ထွက်သည့် လမ်းအတိုင်း အိနြေ္ဒမပျက် လျှောက်လာခဲ့သည်။ ဈေးသွားဈေးပြန် တောသူ တောင်သား ရှမ်းအမျိုးသားတချို့တော့ ရှိသည်။ မများပေ။ သူတို့သည် မြေလမ်းအတိုင်း လျှောက်ရင်း မသိမသာ နောက်ပြန်ကြည့်လိုက်သည်။ ခပ်လှမ်းလှမ်းတွင် နောက်ထပ် လူနှစ်ယောက်တွဲ တတွဲကို တွေ့လိုက်သည်။

မြေသားသည် မိုးရေ ရွှဲရွှဲ ဖြန်းထားသဖြင့် တချို့နေရာများတွင် ပျော့အိအိုင်ထွန်း နေသည်။ သူတို့ ခြေရာများ ထင်ကျန်ခဲ့သည်။ လတ်ဆတ်သည့် တောနံ့တောင်နံ့ပါသည့် လေကို ရှူရှိုက်ရသည်။ နှံပြည်စုတ် ငှက်တကောင် ချုံကြားတွင် ဟိုခုန် ဒီခုန် လုပ်လျက်ရှိသည်။ လမ်းခွဲတခုသို့ အရောက်တွင် ရှေ့က အတွဲနှင့် နောက်ကအတွဲ ဆုံမိကြသည်။

“ခင်ဗျားတို့ ဘာနဲ့လာသလဲ”

“ကားနဲ့လာတာ၊ နည်းနည်းစောတာနဲ့ လက်ဖက်ရည်ဆိုင် ထိုင်နေတာ”

“ဘယ်လမ်းသွားမလဲ”

သူတို့နဲ့ မလှမ်းမကမ်းမှ လိုက်လာသော ဦးအိုက်စံက သူတို့ကို မီလာကာ ဝဲဘက်လမ်းခွဲအတိုင်း ဆက် လျှောက်ခဲ့ကြသည်။ အတန်ကြာသွားမိသောအခါ လူခြေတိတ်ဆိတ်သော ရှမ်းရွာကလေးတရွာရှိ ဦးအိုက်စံ နေအိမ်သို့ ဆိုက်ရောက်ခဲ့သည်။

အိမ်ပေါ်တွင် တဦးနှင့်တဦး ဝမ်းသာအားရ စကားတွေဖောင်ဖွဲ့နေသော ဧည့်သည် လူစိမ်း လေးဦးကို ဦးအိုက်စံ၏ ကလေးနှစ်ဦးသည် မျက်စိအဝိုင်းသားနှင့် ကြည့်နေကြပေသည်။ သမီးကြီးက ခြောက်နှစ်၊ သားငယ်ကလေး နှစ်အရွယ်လောက် ရှိမည်။ အကြီးမလေးက ရှင်မီးအင်္ကျီနှင့် ထမီဝတ်ထားသည်။ သားငယ်က သူနှင့် မတန်တဆကြီးသော စွပ်ကျယ်စုတ်တထည်သာ ဝတ်ထားသည်။ ဝိုင်းစက်ကြည်လင်သော ကလေးများ၏ မျက်ဝန်းတွင် အံ့သြထူးဆန်း စိုးထိတ်သော အရိပ်ထင်ဟပ် လျက် ရှိသည်။ ဗမာလူကြီးတွေ အိမ်ပေါ်မှာ ဘာလာလုပ်တာပါလိမ့်။

ဧည့်သည်များသည် တခဏချင်းမှာပင် ကလေးများကို သတိထားမိလာသည်။ ဘာမှလည်း ဝယ်မလာမိဘူး။ ကလေးတွေ ရှိမှန်းလည်း မသိဘူး။ ခရီးလမ်းမှာ ဘာတွေ ကြုံတွေ့ရမည်ဆိုသည်ကိုလည်း ကြိုးစားစဉ်းစားထား တာ မရှိဘူး။ သူတို့တွင် အဝတ်အစား တစုံနှစ်စုံမှလွဲ၍ ဘာမှ ပါမလာပေ။ သူတို့သည် စစ်အစိုးရ၏ အာဏာစက်မှ လွတ်ကင်းရာသို့ တောခိုလာကြသည့် ဝရမ်းပြေးနှင့် ထောင်ထွက်များသာ ဖြစ်ကြပေသည်။

တယောက်က လမ်းမှာ ဘာရယ်မဟုတ်ပဲ ဝယ်လာခဲ့သော မုန့်ထုပ်ကလေးကို သတိရကာ ကလေးများကို ပေးလိုက်သည်။ ဦးအိုက်စံကို မတွေ့ရပေ။ ရွာဝန်းကျင်သို့ စနည်းနာ အရိပ်အကဲကြည့်ရန် ထွက်သွားကြောင်း နောင်မှသိရသည်။ ထမင်းမှာ ရှမ်းဆန်ကို ပေါင်းထားသဖြင့် တမျိုးစားလို့ ကောင်းသည်။

အငွေ့တထောင်းထောင်းနှင့် သင်းနေပေသည်။ ကောက်ညှင်းလိုပျော့၍ ဆန်စေ့များ ကော့နေကြသည်။ ကြက်သားစပ်စပ် ကာလသားချက် ပဲပုပ်ထောင်းနှင့် မုန်ညင်းဟင်းရည်ဖြစ်သည်။ စိတ်လွတ်ကိုယ်လွတ် စားလိုက်ရ၍ စားလို့ကောင်းကြသည်။ ကလေးများနှင့် အိမ်ရှင်ကို ခေါ်ကျွေးသော်လည်း မစားကြပေ။ ဦးအိုက်စံ၏ဇနီးက ရေနွေးကြမ်းနှင့် လိုအပ်သည်များကို လုပ်ကိုင်ပေးကာ ဧည့်ခံသည်။ ရိုးသားသည့် တော၏ သမီးပျိုသည် စကားတလုံးမျှ မပြောပေ။ ရှမ်းစကားသာ တတ်ပုံရပေသည်။

ထိုအခိုက် တဲအိမ်ထက်သို့ ဦးအိုက်စံနှင့် လူစိမ်းတဦးတို့ ရောက်လာကြပြန်သည်။ လူစိမ်းလက်ထဲတွင် ရန်ကုန် ပြည်သူမုန့်တိုက် (ယခင် ရှာမီး) မှ အဆော့တက် ကိတ်မုန့်ဘူးကြီးတဘူး ဆွဲလာသည်။

“ဟာ ဆရာဒေ ပါလား”

“ဟာ ဧည့်သည်တွေနဲ့ပါလား။ ဟိုဘက်ကမ်းကူးမလို့ ထင်တယ်။ တိုက်တိုက်ဆိုင်ဆိုင်ဗျာ။ ပျော်ပျော်ပါးပါးပေါ့”

“ဘယ်လိုဖြစ်လာတာတုန်း”

“ဘယ်လိုမှ မဖြစ်ဘူး။ သွားဆက်သွယ်တဲ့လူက လက်နက်ချသွားလို့ နောက်ကြောင်း ပြန်လှည့်လာတာ”

နောက်ရောက်လာသူနှင့် ပထမရောက်နှင့်သောအသိုက်မှ ဦးဆောင်လာသူတို့ အပြန်အလှန် နှုတ်ဆက် လိုက်ကြသည်။ ကျဉ်းမြောင်းပြီး မှောင်ရိပ်ကျသော တဲငယ်လေးတွင် လူများဖြင့် ပြည့်ကျပ်သွားပေသည်။ လာတဲ့လူလာ သွားတဲ့လူ လည်းသွားပေါ့ဟု စဉ်းစားလိုက်မိသည်။

“မုန့်တွေက ဟန်ဆောင်ပန်ဆောင် ဘုန်းကြီးကန်တော့ဖို့ဆိုပြီး ဝယ်လာတာ။ စားကြဗျာ၊ တပည့်တော်တို့ကို စွန့်ပါဘုရား လို့ ဘုန်းကြီးကို စိတ်ထဲက ကန်တော့လိုက်တော့မယ်၊ လာစားကြဗျာ”

ဆရာဒေ စကားကြောင့် အားလုံးဝိုင်းရယ်လိုက်ကြသည်။ မုန့်တွေကို အိမ်သားတွေနှင့် ကလေးတွေကိုပါ ဝေပေးလိုက်ကြကာ တောခိုလာသည့် ဝရမ်းပြေးနှင့် ထောင်ထွက်တသိုက်တို့၏ ပထမဆုံး အမှတ်တရနေ့သည် စိုပြေသွားပေသည်။

ဆက်လက်ဖော်ပြပါမည်။


No comments: