Monday, November 1, 2010

လှုပ်ရှားနေသော တောင်တန်းစိမ်းများ (၄)

ဦးအိုက်စံက ကြိုတင်ပြုလုပ်ထားသော ဝါးဖောင်တစီးကို ဖွက်ထားရာမှ ယူလာခဲ့သည်။ ဖောင်ပေါ်တွင် ဝါးပိုးကို ထွင်းခုတ်ထားသော လှော်တက်များနှင့် ချိတ်တပ်ထားသော အလုံးသေးသေးတောင့်တောင့် ဝါးကိုင်းရှည်တချောင်း ပါသည်။ သူတို့သည် ပါလာသော ပစ္စည်းများကို ဝါးဖောင်အလယ်တွင် စုချည်ကာ နှီးဖြင့် တုပ်နှောင်လိုက်သည်။

“အားလုံး တချည်တည်း ရမလား”

ဦးအိုက်စံ ခေါင်းညိတ်ပြသည်။ လူခြောက်ယောက် တက်စီးလိုက်သဖြင့် ဝါးဖောင်သည် ရေတွင်ပေါ်ရုံသာ ရှိတော့သည်။

“ကဲ ထွက်မယ်”

သူတို့ထဲတွင် ရေကူးတတ်သူရော မကူးတတ်သူရော ပါသည်။ ရေကူးတတ်သူကလည်း ကန်တော်ကြီး၊ အင်းလျား စသည့် ရေသေတွင်သာ ကူးဖူးသူများဖြစ်သဖြင့် ရေစီးကြမ်းသော ဝါခေါင်လ ဒုဋ္ဌဝတီနဂါးမင်းနှင့် အပြိုင်ကူးဖို့ မဝံ့ချေ။

ဖောင်ကလေးသည် ရေစီးကြောင်းအတိုင်း တဟုန်ထိုး စီးမျောသွားပေပြီ။ ရွှံ့ရေဖြင့် ရိုက်ပုတ်မှုကြောင့် သူတို့အားလုံး စိုရွှဲကုန်ကြပြီ။ ရေကန်သာမှာ လှေအပျော်စီးခြင်းမဟုတ်။ ယောက်ျားဖောင်စီး မိန်းမမီးနေ ဆိုသည့် စကားကို သူတို့ လက်တွေ့ကြုံနေရသည်။

“လှော်ပါဟ လှော်ပါ”

“မျောပြီ မျောပြီ ဖိလှော်ပါဟ ရှေ့မှာ ဝဲရှိတယ်”

ကြောက်ကြောက်ရွံ့ရွံ့နှင့် ငုပ်တုတ်ထိုင်နေသူများသည် ခြေစုံရပ်ကာ တတ်သလောက် မှတ်သလောက် အားကုတ်ထုတ် လှော်ကြတော့၏။ သို့ရာတွင် ဖောင်သည် ရေလယ်မှမခွာ ရေစီးအတိုင်း တဟုန်ထိုး မျောလေသည်။ ဖောင်ဦးမှ လှော်နေသည့် ဦးအိုက်စံကို လှမ်းကြည့်လိုက်တော့ စိုးရိမ်ပူပန်သည့် အရိပ်အယောင်ကို မြင်ရသည်။

“လှော်ဟေ့ လှော်ဟေ့ အားစိုက်လှော်ကြ”

“ဝုန်း”

ဦးအိုက်စံသည် မပြောမဆို ရေထဲခုန်ချကာ ဖောင်ဦးမှနေ၍ အားစိုက်ကာ ဖောင်ကို ရေစီးကြောင်းအတွင်းမှ ဆွဲထုတ်သည်။ ဆွဲရင်း လှော်ရင်း ရုန်းရင်း ကန်ရင်း ဖောင်သည် ကမ်းတဖက်သို့ ကပ်သည်ထက် ကပ်လာခဲ့သည်။

သို့ရာတွင် တဖက်ကမ်းမှ ရေစီးက ပုတ်ထုတ်နေသဖြင့် ဖောင်သည် ကမ်းသို့ တော်တော်နှင့်ကပ်၍မရ၊ ဆက်၍ မျောပြန်သည်။

“ချိတ် ချိတ် ... ချိတ်နဲ့ဆွဲ”

ဦးအိုက်စံသည် အသင့်လုပ်ထားသော ဖောင်ပေါ်ပါလာသည့် ဝါးချိတ်ဖြင့် တယောက်က ကမ်းစပ်နီးရာ သစ်ကိုင်း သစ်ခက်များသို့ ချိတ်ဖြင့် လှမ်းဆွဲသည်။ သုံးလေးချက်မျှ ကြိုးစားလိုက်တော့မှ သစ်ကိုင်းတကိုင်းနှင့် ချိတ်မိပြီး မျောနေသော ဖောင်သည် တုံ့ခနဲ တန့်သွားသည်။ ဝါးကိုင်းကိုဆွဲကာ ဖောင်ကို ကမ်းသို့ကပ်ရသည်။

ခုမှ အားလုံးစိတ်အေးသွားသည်။ ရေထဲမှ ပြန်တက်လာသော ဦးအိုက်စံ၏ မျက်နှာသည် ယခုမှ ပုံမှန်အတိုင်း ဝင်းပလာကာ နှစ်ခြိုက်စွာ ပြုံးလိုက်သည်။ သူ့အပြုံးတွင် တာဝန်ကြီးတရပ် ပြီးဆုံးသွား၍ စိတ်ချလက်ချ ဖြစ်သွားသည့်အသွင် ပေါ်လွင်လှပေသည်။ လွတ်လပ်မှုအပြုံးသည် အားလုံးသို့ ကူးစက်သွား၏။ ရိုးသားသော တာဝန်ယူစိတ်ကြီးသော တောင်ပေါ်သား ရှမ်းအမျိုးသားကြီးအပြုံးကို သူတို့ ဘယ်တော့မှ မေ့နိုင်ကြတော့မည် မဟုတ်ချေ။

“ရှေ့မှာ ကွေ့ရှိတယ်။ ကျောက်ဆောင်လည်း ပေါတယ်။ ဝဲတွေလည်း ပေါတယ်။ ဆက်မျောသွားရင် ဗမာ (စစ်တပ်) တပ်စခန်းလည်း ရှိတယ်”

ဦးအိုက်စံက စိုးရိမ်စွာပြောသည်။ ထိုစဉ်က ကမ်းပါးတလျှောက် ချုံနွယ်များကို တိုးဝှေ့လာသော သစ်ရွက်စိမ်း ယူနီဖောင်းဝတ် ရဲဘော်တယောက် ပေါ်လာသည်။ သူနဲ့အတူ ရဲဘော်တချို့ပါလာသည်။

“စိုးရိမ်လိုက်တာဗျာ။ ခင်ဗျားတို့ တော်တော် မျောသွားသလားလို့”

“ရေစီးတော်တော် ကြမ်းတယ်ဗျို့။ ဦးအိုက်စံ ကောင်းပေလို့”

သူတို့ နှစ်ဖာလုံလောက် မျောခဲ့သည် ထင်သည်။ တဖက်ကမ်း သူတို့ထွက်လာသော နေရာကို လျှပ်ရောင်တွင် အတော်ဝေးဝေးမှာ မြင်ရသည်။ လာကြိုသည့် ရဲဘော်ကြီးမှာ ၁၉၆၂ ဇူလိုင် ၇ အရေးအခင်းကာလက အညာသား ကျောင်းသား ရဲဘော်ဟောင်းကြီး တယောက်ဖြစ်မှန်း နောင်မှသိရသည်။

မြစ်တဖက်ကမ်းသည် ပြောက်ကျားအခြေခံဒေသ၊ တစိတ်တပိုင်း လွတ်မြောက်ဒေသဟု ပြောနိုင်သည်။ သူတို့သည် စကားတပြောပြောနှင့် တောင်ပေါ်လမ်းအတိုင်း တက်ခဲ့ကြသည်။ ယခုမှပဲ စိတ်ချလက်ချ လွတ်မြောက်သွားတော့သည်။ ကချင်က ခုန်ချင်ခုန် အော်ချင်အော် ဟစ်ချင်ဟစ်၊ ဝရမ်းပြေးနှင့် ထောင်ထွက်များသည် ပြည်သူ့တပ်မတော်သား ပြောက်ကျား ရဲဘော်သစ်လွင်များ ဖြစ်သွားကြလေပြီ။

ဆက်လက်ဖော်ပြပါမည်။


No comments: