အဲဒီနေ့က ကျွန်မ မော်လမြိုင်-သံဖြူ ဇရပ်လမ်းပေါ် ခဏ ပြန်ရောက်သွားတယ်။ ပြီး ခဏကြာတော့ ပင်းတယ-တောင်ကြီး ကားလမ်းပေါ် ရောက်သွားပြန်ရော။
ဟော ဟိုးမှာ တောင်တန်း အလွှာတွေလား၊ သစ်ပင် တောအုပ် အဆင့်ဆင့်တွေလား။ အစိမ်းရင့်၊ အစိမ်းနု၊ အညိုရင့်၊ အညိုနု၊ မီးခိုးရင့်၊ မီးခိုးနု။ တချို့နေရာတွေမှာ လိမ္မော်တွေ၊ အနီတွေ ကျန်နေသေးတယ်။ Fall တုန်းက လက်ကျန်တွေလား၊ ဒါမှမဟုတ် သူ့ရဲ့ ရွက်သစ်လဲတဲ့ ရာသီကိုက Spring လား။ ဘာပဲဖြစ်ဖြစ် သဘာဝကဖန်ဆင်းတဲ့ ရှုခင်းပန်းချီထဲ အရောင်စုံအောင် ထည့်ပေးထားသလို။ ဒီနေ့ကျကာမှ နည်းနည်း အအေးပိုပေမယ့် ကောင်းကင်ကတော့ ကြည်စင်လို့။ တိမ်တွေကလည်း အရုပ်တွေထင်လောက်အောင် အထူသားနဲ့။ ငယ်ငယ်က ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နားမှာရှိတဲ့ ကျွန်မချစ်တဲ့ နမ့်ဟူးတောင်းရွာမှာ မော့ကြည့်ခဲ့ရတဲ့ တိမ်တွေလိုပါပဲ။ ဟော ကျွန်မ နမ့်ဟူးတောင်းလည်း ရောက်သွားပြန်ပြီ။ တစ်ချက်တစ်ချက်မှာ ကားက တောင်မြင့်မြင့်တွေပေါ်တက်ရင်း ဘေးမှာ ချောက်တွေနဲ့။ ချောက်တွေအောက် ခပ်လှမ်းလှမ်းမှာ ချောင်းတွေ၊ မြစ်တွေ ပတ်စီးနေတာကို လှမ်းတွေ့ပါတယ်။ ဟော အဲဒါ လားရှိုးသွားရင်ဖြတ်ရတဲ့ ဂုတ်တွင်းပေါ့။ ဂုတ်ထိပ်တံတားကို တွေ့ချင်ရင်တော့ Shenandoah River ပေါ်က တံတားကြီးကို တွေ့မှာ။ ဂုတ်ထိပ်တံတားနဲ့ ခပ်ဆင်ဆင်ပေါ့။
ဟုတ်တာပေါ့။ တကယ်တော့ ကျွန်မ သွားနေတာ West Virginca ကို ပါ။ ကျွန်မနေတဲ့ Maryland ကနေ နှစ်နာရီကျော်လောက် ကားမောင်းသွားရင်ရောက်နိုင်တဲ့ အဲဒီ ဒေသလေးက ကျွန်မကို ချင်းတောင်တန်းတွေ၊ ရှမ်းတောင်တန်းတွေနဲ့ မွန်ပြည်နယ်က သစ်ပင်အုပ်တွေကြား ဖြတ်သွားရတဲ့ အဝေးပြေးလမ်းတွေဆီကို ရောက်သွားစေတာပါ။ အဝေကြီးက တောင်တန်းတွေကလည်း ဘယ်သူတွေ ဘာပဲပြောပြော ကျွန်မ ခံစားရတာကတော့ ရှမ်းတောင်တန်းတွေ၊ ဒါမှမဟုတ်လည်း ချင်းတောင်တန်းတွေပါပဲ။ အလွှာလိုက် အထပ်လိုက်၊ တချို့နေရာတွေမှာ လှေကားထစ်တွေလို ထစ်ပြီး စိုက်ဖို့ ပျိုးဖို့ မြေတွေ ပြင်ထားတာလည်း တွေ့တယ်။ စိုက်ရာသီကို စောင့်နေကြတာလေ။
မြေကွင်း ပြင်ကျယ်တွေ ဖြတ်ရင်တော့ နွားတွေ၊ သိုးတွေ အုပ်လိုက်၊ သန်မာတောင့်တင်းတဲ့ ရွှေညိုရောင် မြင်းတွေနဲ့ သပ်ရပ်ကြီးမား ခိုင်ခံ့တဲ့ အိမ်ကြီးတွေ။ စိုက်ခင်းတွေ၊ ပျိုးခင်းတွေ၊ ပန်းခင်းတချို့။ စိတ်ထဲ မချင့်မရဲနဲ့ ကားပြတင်းတံခါးကို ဖွင့်လိုက်တော့ တိုးဝင်လာတဲ့လေရဲ့ရနံ့က မွှေးလိုက်တာ။ တိတ်ဆိတ် အေးချမ်းလှတဲ့ ဝန်းကျင်။ သာယာ လှပတဲ့ သဘာဝ။ လမ်းတစ်လျှောက် အကောက်အကွေ့တွေ ကုန်းတက် ကုန်းဆင်းတွေ သစ်ပင် တောအုပ်တွေက ကိုယ့်နံဘေးမှာ။ နေခြည်တွေက သစ်ပင်တွေကြားထဲ ထိုးစိုက်ကျ။ တိုက်ခတ်တဲ့လေက အေးမြ မွှေးမြ။
အင်း ဒါကြောင့်လည်း John Denver က...
Almost Heaven, West Virginia Blue ridge mountains,
Shenandoah river Life is old there, older than the trees
Hounger than the mountains, growing like a breeze
လို့ ဆိုပေတာပဲ။
လမ်းတစ်လျှောက်မှာ တွေ့ခဲ့ရသမျှနဲ့ပြောရင်တော့ ကျွန်မတို့ ဖြတ်ခဲ့တာက ကျေးလက်ဒေသပါ။ အဲဒီမှာ နေသူတွေက စိုက်ပျိုးရေး မွေးမြူရေးတွေ လုပ်ကြမယ်။ ဒါမှမဟုတ် ပိုင်ရှင်တွေက မြို့ပြမှာနေပြီး အပန်းဖြေဖို့ ဒါမှမဟုတ် ရင်းနှီး မြှုပ်နှံတဲ့အနေနဲ့ ဒီမြေတွေ အိမ်ကြီးတွေကို ဝယ်ထားကြပြီး အိမ်စောင့်တွေက စိုက်ပျိုး မွေးမြူတာလည်း ဖြစ်နိုင်တာပါပဲ။ တချို့အိမ်တွေက သူတို့မြေတွေ ကျယ်လွန်းတော့ အိမ်ရှေ့မှာ ကန်ကြီးတွေ တူးထားတယ်။ အဲဒီကန်ထဲမှာ ဝမ်းဘဲတွေ၊ ငန်းတွေက ရေကူးလို့။ တချို့ နေရာတွေမှာတော့ သိုးအုပ်တွေနဲ့ သိုးထိန်း ခွေးတွေ ပြေးလွှား။ တကယ့် ကျေးလက်။ တကယ်တမ်းကျတော့ အဲဒီနေရာက မြို့တော် ဝရှင်တန် ဒီစီနဲ့ဆိုရင် အလွန်ဆုံး ၂ နာရီကျော် ၃ နာရီလောက်ပဲ ကားမောင်းရင် ရောက်တဲ့နေရာ။
ပြီးတော့ ဈေးချိုချိုနဲ့လည်း မြေကျယ်ကျယ် အိမ်ကြီးကြီးတွေရနိုင်တဲ့ နေရာ။
ဒီဒေသမှာ စိုက်ပျိုးရေးလုပ်မယ့်သူ နည်းတာကြောင့် လယ်ယာ စိုက်တော့မယ်ဆိုရင် အစိုးရက သိပ်ကို အကူအညီပေး အားပေးတော့တာပါ။ မြေနေရာတွေ ဈေးချိုချိုနဲ့ ရမယ်။ ချေးငွေတွေ လိုသလောက် ရမယ်။ လယ်ယာလုပ်ငန်းအတွက် သုံးရမဲ့ ခေတ်မီ စက်ကိရိယာတွေကလည်း အရင်းအနှီးမများလှတဲ့ လွယ်လင့်တကူ အစုံအလင် ရနိုင်တယ်။ တစ်ခုပါပဲ။ လယ်ယာအလုပ်မို့ တောဆန်ဆန် ကျေးရွာလေးထဲ မြေကွင်းပြင်ကျယ်မှာ နားအေးပါးအေးရှိသလို လူသူ သိပ်မနီးဘဲ နည်းနည်းတော့ အထီးကျန်နေရမယ်။ ဒါပေမဲ့ ဒီမှာက လယ်သမား ယာသမားလည်း တယ်လီဖုန်းနဲ့ အင်တာနက်နဲ့မို့ ကမ္ဘာလောကနဲ့တော့ အဆက်မပြတ်ပါဘူးလေ။
ပြီးတော့လည်း ရာသီအလိုက် အဲဒီ အိမ်ကြီးထဲ မီးလင်းဖိုနဲ့ လေအေးပေးစက်နဲ့ အေးအေးဆေးဆေး နွေးနွေးထွးထွေး နေနိုင်ပါသေး။ တကယ်လို့များ သားသမီးတွေအနားမှာမရှိတော့ဘဲ ပင်စင်စား အဘိုးကြီး၊ အဘွားကြီး နှစ်ယောက်တည်းဘဝဆိုရင်လည်း ညညဆို အတူတူ ရုပ်မြင်သံကြားကြည့်ရင်း ဝိုင်တစ်ခွက်စီသောက်၊ ဒါမှမဟုတ် ခြံထွက် နွားနို့လေး သောက်ပေါ့။ သားသမီးတွေ ကိုယ့်ဆီလာမနေလည်း မပူတော့ပါဘူးလေ။ အရွယ်ရောက် သားသမီးတွေက သူတို့ဘဝ သူတို့ ထိန်းကျောင်းနိုင်မယ့်နိုင်ငံမှာ ရှိနေတာမို့ မိဘတွေမှာ ပူဖို့ တာဝန်မရှိ။ မိဘမို့ သူတို့လေးတွေကို လွမ်းတာတော့ ရှိမှာပေါ့။
ဒါပေမဲ့ ဒါကလည်း ဓမ္မတာမို့ အဆန်းတကြယ် ခံစားရမယ့်ကိစ္စ မဟုတ်။
ဘယ်လောက် စိတ်အေးချမ်းမြေ့ ရှိလိုက်မလဲ။
ဟော ဟိုမှာ တည်ငြိမ်တဲ့ ရေအလျဉ် ငြိမ့်ငြိမ့်လေး စီးနေတာ။ Shenandoah River ပေါ့။ Blue Ridge တောင်တန်းတွေပေါ်ကနေ သူ့ကို ဆီးမြင်နေရတာ။ ဧရာဝတီလောက် မကျယ်ပေမယ့် သူဟာလည်း ဧရာဝတီလိုပဲ သူ့နိုင်ငံ သူ့ဒေသ သမိုင်းကြောင်းထဲ အထင်ကရ မျောပါစီးဆင်းခဲ့ရတာပါပဲ။ သမိုင်းစဉ်ထဲ သူက ဧရာဝတီ မြစ်ဆိုရင် Blue Ridge တောင်တန်းတွေက ပဲခူးရိုးမပေါ့။ စိတ်ကူးကြည့်လိုက်တဲ့အခါ ကျွန်မအတွက်တော့ ရေခြား မြေခြား ပင်လယ်ခြားဆိုတာ မရှိ။ ငြိမ့်ညောင်းတဲ့ မြစ်တစ်စင်းရဲ့ ဂီတဟာ သဘာဝကိုက သာယာချိုမြိန်ပြီးသား မဟုတ်လား။ အဲလိုပဲ တည်ငြိမ်တဲ့ တောင်ပြာတန်းတွေရဲ့ ရင့်ကျက်မှု အနုပညာဆိုတာကလည်း ပင်ကို တန်ဖိုးရှိပြီးသားပါလေ။ အဲဒီအခါ တောင်ထိပ် လေအေးထဲ ကျွန်မ မတ်မတ်ရပ်နေတဲ့ Blue Ridge တောင်ပြာတန်းတွေက ပဲခူးရိုးမလည်းဖြစ်သလို ရခိုင်ရိုးမလည်းဖြစ်တာပဲ။ ဒေါန တောင်တန်းလည်း ဖြစ်နိုင်တာပဲ။ ပြီးတော့ ဒီတောင်တန်းပေါ်ကနေ ကျွန်မ ဆီးမြင်နေရတဲ့ Shenandoah ဆိုတဲ့ မြစ်တစ်စင်းကလည်း ဧရာဝတီ ဒါမှမဟုတ်၊ သံလွင်၊ ဒါမှမဟုတ် သောင်ရင်း ဘာမဆိုဖြစ်လို့ ရတာပဲလေ။ စိတ်ထဲ မွေးမြူခံစားနိုင်ဖို့ပဲ လိုမယ်။
John Denver ကတော့ ဆိုတယ်။
Country roads,
take me home
To the place
I belong West Virginia,
mountain momma
Take me home, country roads.....
ကျွန်မကတော့ အဲဒီလို ဘဝမှာသာနေရရင် စာတွေဖတ် စာတွေ ရေးနေမှာ၊ တစ်ခါတလေကျရင် ပန်းချီဆွဲမယ်လေ။ မကောင်းဘူးလားဆိုတော့ မောင်က ပြုံးတယ်။ ဟိုးတုန်းက ကိုယ်ပိုင် လယ်တွေရှိလျက်နဲ့ အောင်မြင်အောင် မစိုက်နိုင်ခဲ့ စိုက်ခွင့်မရနိုင်တဲ့အတွက် အတိုးချပြီး လုပ်ရတယ် သဘောထားပေါ့လို့ ကျွန်မ ပြောတော့ မောင်က တွေတွေလေးဖြစ်သွားတယ်။ ကရင်ပြည်နယ်ထဲက သူ့ဇာတိရွာဆီ ပြီးတော့ သူ့ယာခင်းတွေ လယ်မြေတွေဆီ မောင်လွမ်းသွားပြီပေါ့။
ဟိုမှာတုန်းကတော့ စပါးတွေပေါ့။ မြေသြဇာ နိုင်နိုင်မကျွေးနိုင်၊ ရေမှန်မှန် မပေးနိုင်လို့ အထွက်မကောင်းတဲ့ နွေစပါးတွေ။ မိုးများလို့ မထိန်းနိုင်ဘဲ ပျက်သွားခဲ့ရတဲ့ မိုးစပါးတွေ။ အရင်းတောင် ပြန်မဖော်နိုင်လို့ ဝမ်းစာစပါးတောင် အနိုင်နိုင်ချန်ရတဲ့ ကာလတွေ။ ဘာပဲဖြစ်ဖြစ် ကိုယ့်မြေ ကိုယ့်ဇာတိဆိုတဲ့စိတ်နဲ့ မောင်လွမ်းပေလိမ့်မယ်။ ဒါဖြင့် ကျွန်မကရော။
ကျွန်မ ငယ်ငယ်က ရေးခဲ့ဖူးတဲ့ ကဗျာလေးတောင် သတိရနေမိပါသေးတယ်။ ပြည့်စုံခြင်း ဆိုတဲ့ ကဗျာလေး လေ။
သည်ဒေသ
မြနှင်းဝေဝေ
နေခြည် တစ်ပြောက်
နှင်းသောက်တဲ့
ပန်းတွေ
လန်းစွင့်နေ။
သည်မြေ
စိုပြေမြက်ခင်း
ထင်းရှူး နံ့သင်းလို့
ချစ်ခြင်း နဲ့ခင်းတဲ့
တို့များရဲ့ ဘဝအိမ်။
သည် အိမ်တွင်း
ချစ်ခြင်းနဲ့ သပ်လျှို
အပိုဂုဏ် မရှိစွာ
အာလူး တစ်အိတ်
ဆန်တစ်အိတ်နဲ့
သိပ်သည်းတဲ့ရေ...
ချိုမြိန်သစ်သီး
မီးလင်းတစ်ဖိုနဲ့
လိုချင်ခြင်းတွေ
ကင်းတယ်။
ချစ်ဇနီး အလှ ဝမ်းဝဖို့
ကြိုးပမ်းရတဲ့ ချစ်သူ
သူနဲ့အတူ
ကူညီ ရုန်းကန်
အားမာန်ဖြည့်တင်း
ပြိုင်ဘက် ကင်းစွာ
လိမ္မာတဲ့ အိမ်သူ ကျွန်မ
သည်ဘဝထဲမှာ
ရှိတယ်။
သည်ဘဝ...
လှပ သာယာတယ်။
အားလပ်တဲ့အခါ
ကဗျာတွေစပ်
စာတွေ ဖတ်နဲ့
သဘာဝမှာ
မျက်နှာအပ်
စိတ်ဓာတ်ဟာ
လတ်ဆတ်နေတယ်။
ညနေခင်း
လေညင်းအလာ
ပြတင်းမှာ လက်တင်
ချစ်သူရဲ့ ရင်ခွင်
ခိုဝင်လို့
ချိုမြိန်တဲ့ ကဗျာ
သာယာစွာ
ဆိုညည်းမယ်။
ချစ်သူ့ ပခုံးဖျား
ခိုနားရင်းလည်း
အင်အားများစွာ
ရလာမယ်။
အဲဒီအခါ
ကမ္ဘာဟာ
တို့များရဲ့
ရိုးသားတဲ့ ချစ်ခြင်းကို
နှစ်လိုခြင်း များစွာနဲ့
ကောင်းချီး သြဘာ
ပေးလိမ့်မယ်...
ကဲကွယ်။
အဲဒီအခါကျမှာတော့ ကျွန်မက စပါးခင်းတွေနေရာမှာ ဂျုံခင်းတွေ၊ ဖရဲခင်းတွေနေရာမှာ ပြောင်းခင်းတွေအစားထိုးရင်း ဘဝကို အဓိပ္ပာယ်ရှိရှိ ဖြတ်သန်းဖို့ပဲ စဉ်းစားချင်ပါတယ်။ ယာခင်းတွေကို ဖြတ်တိုက်လာမယ့် လေအေးအေးမွှေးမွှေးကို မျက်စိစုံမှိတ်ပြီး အားရပါးရ ရှူရှိုက်လိုက်တဲ့အခါ ကျွန်မဆီမှာ မြင်ကွင်းတွေ မရှိတော့ဘဲ မွှေးပျံ့တဲ့ သဘာဝရနံ့သာ ကျန်ရစ်ပြီး ကျွန်မရဲ့ စိတ်နှလုံးတွေကို ဇာတိမြေဆီ ခေါ်သွားလိမ့်မယ်။ ကဲ ကျွန်မရဲ့အိမ်ဆိုတာက အဲဒီမှာ ရှိနေတာလား ဟင်။
သုခမိန်လှိုင် ပြောတာတော့ အိမ်ပြန်ရန် လမ်းမကြီးရယ် အိမ်ကို လိုက်ပို့ဦးနော်။ ဘယ်သူမှလည်း အိမ်မရှိဘူး။ ခရီးသည် လောကသားမို့ ဝမ်းနည်းစရာကွယ် ဝမ်းနည်းပါတယ်။ အိမ်ဘယ်မလဲ လမ်းပြပေးပါကွယ်တဲ့။
မနက်ခင်း အစ နေရောင်မလင်း တလင်းရှိတုန်း ကျွန်မ အိမ်က ထွက်ရပြီ။ ရုံးကို မနက် ၇ နာရီအရောက်ဝင်ရဖို့ လမ်းမှာ ရထားက ၁ နာရီ လောက်စီးရမှာဆိုတော့ အိမ်ကနေ ၅ နာရီခွဲ ထွက်မှ ၁၀ မိနစ်လျှောက်ရတဲ့ ဘူတာရုံလေးကို ရောက်မယ်။ ရထားစောင့်တာ ၅ မိနစ်လောက်၊ ပြီးတော့ လမ်းမှာ ရထားစီး ကြာချိန်က မိနစ် ၅၀ လောက်ဆိုတော့။ အဲလိုမှပဲ ၇ နာရီမှာ ရုံးရောက်ဖို့ စိတ်ချရမယ်။ နွေဆိုရင်တော့ မနက် ၅ နာရီခွဲက အလင်းပျို့ပြီ။ ဆောင်းဆိုရင်တော့ မနက် ၅ နာရီခွဲက အမှောင်ထဲမှာ။ အဲလိုဆိုရင်တော့ ခပ်မှောင်မှောင်ထဲမှာ လမ်းမီးထိန်ထိန်တွေကိုပဲ အားပြုပေါ့။ နှင်းထူထူကျတဲ့ မနက်ခင်းဆိုရင်တော့ ဘူတာထိအောင် ကားနဲ့ ထွက်ပေတော့ပဲ။
များသောအားဖြင့်ကတော့ ရုံးအသွား မနက်ခင်းတွေဟာ အလင်းစို့စို့ကြား လတ်ဆတ် လေညင်း အေးအေးကြား၊ ငှက်ကလေးတွေ ကျလိကျလိ အော်မြည်သံကြား၊ ရှဥ့်ကလေးတွေ ခိုးခိုး ချောင်းကြည့်တဲ့ကြား၊ သစ်ရွက်နံ့ ပန်းရနံ့ မွှေးပျံ့ပျံ့ကြားကနေ အေးအေးလူလူ လမ်းလျှောက်ရင်း ငြိမ်သက်အေးချမ်းတဲ့ ဘူတာရုံလေးဆီ ဦးတည်သွားရတဲ့ မင်္ဂလာ မနက်ခင်းတွေပါပဲ။ ရထားပေါ်ရောက်ရင်လည်း စာအုပ်တစ် အုပ်ဖတ်မလား၊ ငြိမ်သက် ငိုက်မြည်းနေမလား၊ ဝတ္ထုတစ်ပုဒ် ရေးဖို့ တွေးနေမလား၊ အလုပ်ထဲ စိတ်ပင်ပန်းရမလားလို့တော့ ကြိုမတွေးမိတာအမှန်။ ကိုယ်လုပ်သလောက် ကိုယ်ခံစားခွင့်ရတဲ့ အလုပ်ခွင် သဘာဝထဲ ကိုယ်မှန်တာလုပ်နေသရွေ့ ဘာကိုမှ မကြောက်ရွံ့ ပူပန်နေစရာမလိုတဲ့ ဘဝထဲ။ အဲဒီအခါ ရထားပေါ်ပဲ ဖြစ်ဖြစ်၊ ကားပေါ်ပဲ ဖြစ်ဖြစ် နားရသခိုက်လေးမှာ ကျွန်မကတော့ နားပစ်လိုက်တာပဲ။ စိတ်ကူးယဉ်လို့ ရခိုက်လေး စိတ်ကူးယဉ် ပစ်လိုက်တာပဲ။
တကယ်တော့ တစ်နေကုန်နီးပါးက အလုပ်ထဲ ပင်ပန်းဦးမှာ။ အချိန်ပိုမရှိလို့ ကော်ဖီကိုတောင် လမ်းလျှောက်သောက်ရပေမဲ့လည်း အဓိပ္ပာယ်ရှိတဲ့အချိန်တွေလို ခံစားရတာက ကျေနပ်စရာပါ။ စနေ၊ တနင်္ဂနွေတွေဆို ဥဒဟိုရှိနေတဲ့ ဥယျာဉ်တစ်ခုခုထဲသွားထိုင်ရင်း မောင်က ငါး အပျော်မျှားရင်မျှား၊ တစ်ခါတလေ သဘာဝထဲစိမ်ပြီး ကင်မရာတစ်လုံးနဲ့ ဓာတ်ပုံတွေ လိုက်ရိုက်၊ ကလေးတွေက ပြေးလွှားဆော့၊ ကျွန်မက စာဖတ်။ ဒါမှမဟုတ် မြက်ခင်းပေါ် လှဲအိပ်နေမယ်။ ဒီကြားထဲမှာ ကျွန်မ စေတနာ့ဝန်ထမ်းလုပ်နေတဲ့ မြန်မာစာကျောင်လေးမှာလည်း မပျက်မကွက် စာသွားသင်နိုင်ပါသေး။ ကျွန်မအနားမှာ မြန်မာကလေးတွေ အယောက် ၅၀ လောက်။ ပြီးတော့ အဲဒီ အယောက် ၅၀ ရဲ့ မြန်မာမိဘတွေ။ အဲဒါ ကျွန်မရဲ့ ပတ်ဝန်းကျင်။ ကျွန်မရဲ့ အဆွေအမျိုးတွေ။ မဟုတ်ဘူးလား။ အဲဒီအခါ ခုနေရတဲ့ဘဝလေးဟာပဲ ကျွန်မရဲ့ အိမ်။
ကျွန်မအတွက်တော့ ခဏလေး အလည်သွားခဲ့ရတဲ့ West Virginia ခရီးတိုလေးက အိမ်ဆိုတဲ့ နေရာလေးဆီ ရောက်အောင် ပြန်ခေါ်သွားသလိုပါပဲ။ အိမ်ဆိုတာ စိတ်ကြည်လင် ပျော်ရွှင်ရာအရပ်၊ ဘဝအဓိပ္ပာယ်ကို ဖော်ကျူးပေးတဲ့နေရာ၊ ချစ်သောသူတွေရဲ့ ဝန်းရံထားရာ ဒေသ၊ ခံစားတတ်ရင် ကိုယ့် ဇာတိမြေနဲ့ မကွဲပြားဘူးလို့ ခံစားနိုင်တဲ့မြေ။ စိတ်ထားတတ်ရင် လွတ်လပ် အေးချမ်းစွာ တရားသဖြင့် နေခွင့်ရတဲ့ ဝန်းကျင်။
ဟုတ်ပါတယ်။
ဒါကြောင့်ပဲ...
West Virginia ရဲ့ မြို့လေးတစ်မြို့ဆီ...
Blue Ridge တောင်တန်း တွေနဲ့
Shenandoah မြစ်တွေဆီ...
ဦးတည်သွားတဲ့လမ်းတွေက ကျွန်မကို
အိမ်ဆီ ရောက်အောင် ခေါ်သွားခဲ့ကြပါတယ်။
ဘာလို့လဲဆိုတော့
ကျွန်မအတွက် အိမ်ဆိုတာက...
ရောင့်ရဲ တင်းတိမ်မှုတွေနဲ့...
စိတ်ချမ်းသာ ကိုယ်ကျန်းမာ...
လွတ်လပ်ပေါ့ပါး...
နေခွင့်ရတဲ့ နေရာတစ်ခုမျှသာ ဖြစ်လို့ပါပဲ။
I hear her voice in the mornin' hour she calls me
The radio reminds me of my home far away
And drivin' down the road
I get a feelin' That I shoud have been home yesterday,
yesterday
Country roads,
take me home To the place
I belong West Virginia,
mountain momma Take me home,
country roads
မေငြိမ်း
(ရွှေအမြုတေ မဂ္ဂဇင်း ဒီဇင်ဘာလ ၂၀၁၂)
အိုနာသခေရီးအစသို့ ကိုးရကျတာ..
2 months ago
No comments:
Post a Comment