ကမ္ဘာပျက်ခါနီးမှာ နေဆယ်စင်း ထွက်တယ်ဆိုတာ တော်တော် ပူမှာပဲလို့ ဝင်းဝင်းတောက်နေတဲ့ နေလုံးကြီးကို လက်ဖဝါးနဲ့ကာပြီးကြည့်ရင်း
ကိုငွေတိုး တွေးနေတယ်။
ကိုငွေတိုး ဝတ်ထားတဲ့ ဖျင်အင်္ကျီကြီးလည်း ချွေးတွေနဲ့ နစ်နေပြီ။ အင်္ကျီကိုချွတ်ပြီး ညှစ်ရင် ရေစိမ်ထားသလို ချွေးတွေ ထွက်လာမှာပဲ။ ကောင်းကင်မှာတော့ တိမ်တစ်စ တစ်မျှင်မျှ မရှိ။ မီးလုံးကြီးနဲ့တူတဲ့ နေမင်းက ရှိသမျှ အပူဓာတ်တွေကို အားရပါးရ လွှတ်ထုတ်ပေးနေတယ်။ နေပူတော့ မိုးတိမ်တွေလည်း အငွေ့ပြန်ပြီး ပျောက်ကုန်ပြီ ထင်ပါရဲ့။ မိုးတစ်ပေါက်တောင်မှ မရွာတာ ကြာလှပြီ။ မိုးမရွာတာ ကြာတော့ ဝါပင်တွေလည်း သံချေး တက်နေပြီ။ “ဝါပင်တွေက သံချေးတက်၊ အိမ်က မိန်းမ ဆန်ချေးထွက်” လို့ မြောက်ဘက်အိမ်က ဖိုးတော အပြောင်အပြက်ပြောတဲ့စကားကို နားထဲမှာ ကြားယောင်လာတယ်။
နေကပူ မိုးကခေါင် မြေက ပတ်ကြားအက်တော့ ၀ါပင်တွေမှာ သံချေးတက်သလို ညိုမည်း ခြောက်သယောင်းလာတာ။ ကိုငွေတိုးက သူ့ဝါခင်း သူကြည့်ပြီး အားပျက်မိတယ်။ မြေဆီခန်းခန်း ရာသီဆိုးဆိုးမှာ ပွင့်လာတဲ့ ၀ါပွင့်တွေကလည်း အားမရစရာ။ ရွာက လူတွေလည်း မိုးရွာအောင် လွန်ဆွဲလွန်းလို့ လက်ဖ၀ါးတွေလည်း အသားမာလိုက်နေပြီ။ မိုးခေါင်ကျော်စွာ နတ်လည်း ကိုငွေတိုးတို့ မိုးတောင်းတာ များပြီး နားငြီးလို့ ပြေးပြီထင်ပါ့။ ကိုငွေတိုးတို့ ရွာသားတွေက စကားတော့ ကြွယ်တယ်။ ဟိုတစ်ခါတုန်းက ချည်မျှင်ရှည်ဝါ စီမံကိန်းဆိုတာ သူတို့ ကြုံဖူးတယ်။ မြို့ကလာတဲ့ တိုက်ပုံ အင်္ကျီဝတ်တွေက ချည်မျှင်ရှည်ဝါ စိုက်ရင် နေ့ချင်းညချင်း သူဌေးဖြစ်မှာလောက် ဟောကြ၊ ပြောကြတာပေါ့။ ကိုငွေတိုးတို့ကိုလည်း ဘယ်တောင်သူ ဘယ်နှဧက စိုက်ရမယ်လို့ စီမံကိန်း ခွဲတမ်းချတာပေါ့။
လည်ပတ် ပါးနပ်တဲ့ ရွာကတောင်သူ အချို့ကတော့ စီမံကိန်း ခွဲတမ်းချတဲ့ ၀ါမျိုး စေ့တွေကို ရေနွေးပူပူ စိမ်တယ်။ ၀ါစေ့ အကောင်း နည်းနည်းရောပြီး စိုက်တယ်။ ၀ါစိုက်ကွက်ထဲမှာ ၀ါပင်တွေက ပေါက်တဲ့ နေရာပေါက်၊ မပေါက်တဲ့ နေရာ မပေါက်နဲ့ ကျိုးတိုးကျဲတဲ။ စိုက်ပျိုးရေး တို့၊ မြေစာရင်းတို့ ဌာန ပေါင်းစုံက ကွင်းဆင်းလာရင် အကျွေးအမွေး လေးနဲ့ အခင်းထဲ ခေါ်ပြတယ်။ သမ၀ါယမ ဆိုင်က ရွှေဝါဆပ်ပြာချောင်း၊ မွှေးဆပ်ပြာခဲ၊ ဂလူးကို့စ် ထုပ်တွေ ကြက်ကြောက်အိတ် ခေါ်တဲ့ သူတို့ လက်ဆွဲအိတ်ထဲ ထည့်ပေးလိုက်ရင် သူတို့ကလည်း ၀ါစိုက်ဧကတွေ အပျက်စာရင်း သွင်းပေးကြတယ်။ ဌာနဆိုင်ရာက လူတွေ ကိုင်လေ့ရှိတဲ့ လက်ဆွဲအိတ် တွေကို ကြက်ကြောက်အိတ်လို့ ရွာမှာခေါ်တယ်။ အဲဒီလို အိတ်တွေဆွဲတဲ့ ဧည့်သည်လာရင် ရွာက ကြက်သားဟင်းနဲ့ ထမင်း ကျွေးရတယ်။ သူတို့တွေ လာဖန်များတော့ အဲဒီ အိတ်မျိုးမြင်ရင် ရွာကကြက်တွေ ကြောက်ပြီး ပြေးကုန် တယ်လို့ တောသားတွေက ဟာသလုပ်တာပါ။
ပြောမယ့်သာ ပြောရတာပါ။ သူတို့ခမျာများက တောသူတောင်သား တွေ အပေါ် မဆိုးရှာကြပါဘူး။ ဟင်း ကောင်းကောင်းနဲ့ ထမင်း ကျွေးရရုံ၊ သောက်တတ်စား တတ်သူဆိုရင် တောအရက်လေး၊ ထန်းရည်လေး ဧည့်ခံရရုံ၊ သူတို့ အပြန်မှာ သမဆိုင်က ဆပ်ပြာလေး၊ ဆေးဝါးလေးကို အမွန်အမြတ် လက်ဆောင် ပေးရရုံပါ။ သူတို့က လက်ဆောင်လောက်ပဲ ယူကြတာပါ။ လာဘ်ပေးလာဘ်ယူ မဟုတ်ကြဘူး။ ဌာန ပေါင်းစုံက ကွင်းဆင်းစစ်ပြီး ချည်မျှင်ရှည်ဝါနဲ့ အဲသည်ရွာက မကိုက်ညီဘူး စာရင်း တင်ပေးလိုက်ရင် အဆင် ပြေတာပဲ။ ၀ါအစား အလုပ်ဖြစ်တဲ့ ပဲစင်းငုံတို့ နှမ်းတို့ စိုက်နိုင်တယ်။
အဲဒီရွာတွေ တာဝန်ကျတဲ့ စိုက်ဧကက ကိုငွေတိုးတို့လို အူတူတူ အတတတောင် သူတွေ ပခုံးပေါ် ကျတော့တာပ။ ကိုငွေတိုးတို့ကတော့ လူရိုးကြီး။ သက်ဆိုင်ရာက ချည်မျှင်ရှည်ဝါ(မွေးရှည်)စိုက်ဆို စိုက်တာပဲ။ နေကြာဆို နေ ကြာပဲ။ ဘယ်ရွေ့ဘယ်မျှ စီမံကိန်း ချသလောက် တာဝန်ကျေအောင် စိုက်တယ်။ ကိုယ့် သားမယား မစားရရင် နေပါစေ။
အဲ... အူတယ်၊ အတယ်ဆိုပေမယ့် ဟာသတော့ မခေါင်းပါးဘူး။ ဟို တုန်းက ချည်မျှင်ရှည်ဝါ စီမံကိန်း လုပ်တော့ ရွာမှာ စာပြောင်ပေါ်တယ်။ “မွေးရှည် လုပ်တော့ ရှေးရွှေပြုတ်တယ်” တဲ့။ မိဘဘိုးဘွား လက်ထက်ကတည်းက စုဆောင်းထားတဲ့ ရှေးရွှေတိုငွေစလေး တွေ မွေးရှည်က ၀ါးသွားတာ ကို ဟားတာပါ။ ကိုငွေတိုးတို့ မြန်မာတွေက နာတာကို ခံသာအောင် ဟာသ နှောတယ်လေ။
တစ်ခါတုန်းကလည်း “ရေရာ သေချာအောင် နေကြာစိုက်ပါ” ဆိုပြီး ဆိုင်းဘုတ် အကြီးကြီးတွေ ရွာအ၀င်မှာ ထောင်ရဖူးပါရောလား။ “ရေရာ သေချာအောင် နေကြာ စိုက်ပါ”ဆိုတဲ့ စကားနောက်မှာ “သွားမလုပ်နဲ့ နွားပြုတ်သွားမယ်”လို့ အချို့က ပြောတယ်။ လူရိုးကြီး ကိုငွေတိုးခမျာလည်း အိမ်မှာ အနေကြာတဲ့ နွား တစ်ရှဉ်း ရောင်းလိုက်ရတယ်။ အခြားသူတွေ အနေကြာ၊ မကြာ မသေချာပေမယ့် ကိုငွေတိုးကတော့ တာဝန် ကျေခဲ့ပါတယ်။
ယခုလည်း ၀ါပင်တွေ သံချေး တက်နေပြီ။ သူ့မိန်းမလည်း ဆန်ချေး ထွက်ရခါနီးပြီ။ မိုးကတော့ မရွာသေးဘူး။ ထန်းလက်တဲလေးထဲမှာ ကိုငွေတိုးက ဓာတ်ခဲရေဒီ ယိုလေး ဖွင့်နားထောင်ရင်း မိုးမျှော်နေတယ်။ ကိုငွေတိုးက ရေဒီယိုတော့ တော်တော် ၀ါသနာ ပါတယ်။ သူနဲ့ ထက်ကြပ်မကွာ ရေဒီယို အမြဲပါတယ်။ ရေဒီ ယိုထဲက အားကုန်လို့ လဲလိုက်တဲ့ ဓာတ်ခဲတွေ အိမ်မှာ ထန်းခေါက်တောင်းနဲ့ တစ်လုံးရှိတယ်။
ကိုငွေတိုး ရေဒီယို နားထောင်တယ် ဆိုတာ ဘီဘီစီ၊ ဗွီအိုအေ၊ ဒီဗွီဘီ၊ အာရ်အက်ဖ်အေ ပြည်ပ အသံလွှင့် ဌာနတွေ မဟုတ်ဘူး။ ကိုငွေတိုးက ရိုးတယ်၊ အတယ်ဆိုပေမယ့် ပြည်ပအသံ လွှင့်ဌာနတွေက မုသာဝါဒတွေ ဘာညာဆိုတာ လောက်တော့ ကြားဖူးပါတယ်။ ပြီးတော့ အဲဒါတွေ ဘယ်အချိန် လွှင့်လို့ ဘယ်နေရာမှာ ဖမ်းရတယ် ဆိုတာလည်း သူမသိဘူး။ သူအမြဲ နားထောင်တာက မြန်မာ့ အသံတို့၊ ပိတောက်မြေတို့၊ အက်ဖ်အမ်တို့ပါ။
သီချင်းကြိုက်တဲ့ သူတွေက သီချင်းကောင်းရင် ရေဒီယို ဖွင့်ပြီး သတင်းတို့၊ သတင်းစာ ကောက်နုတ်ချက်တို့ ဘာညာတွေ လာရင် ရေဒီ ယိုကို ချောက်ခနဲ ပြိုင်တူ ခလုတ် ပိတ်တတ်တယ်။ ကိုငွေတိုးက အဲဒီလို လူစား မဟုတ်ဘူး။ အသံထွက် သလောက် နားထောင်တယ်။ ကိုငွေတိုးတို့ တောင်သူ လယ်သမားတွေက မိုးပေါ်က ရေပဲ အားကိုးပြီး စိုက်ပျိုး ရတာ။ ဆည်ရေ ဆိုတာလည်း အားမကိုးလောက်ဘူး။ မိုးရွာမှ ဆည်ထဲ ရေရှိတာ။ ဒါ ကြောင့် မိုးကိုတော့ ကိုငွေတိုး သိပ်မျှော်တယ်။ ရေဒီယိုထဲက မိုးလေ၀သ သတင်းကို အမြဲ နားထောင်တယ်။
မျှော်တုန်းမျှော်ဆဲ မှာပဲ မိုးလေ၀သ သတင်း ကြေညာတယ်။ မိုးရွာမယ်တဲ့။ တနင်္သာရီတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ ရခိုင် ပြည်နယ်မှာ မိုးရွာမယ်၊ ရွာရန် ရာနှုန်း ၈၀ တဲ့။ ကိုငွေတိုးတို့ အညာတော့ မပါဘူး။ ကိုငွေတိုး “တောက်” တစ်ချက် ခပ်ပြင်းပြင်း ခေါက်လိုက်တယ်။ “ခွေးမသားတွေ မျက်နှာရှိရာ ဟင်းဖတ်ပါသကွာ” လို့လည်း တစ်ယောက်တည်းမို့ စကား ခပ်ကြမ်းကြမ်း ပါးစပ်က ထွက်သွားတယ်။ သူ့စိတ်ထဲမှာ မိုးကို ခွဲတမ်းချ ပေးနေတယ် ထင်တာ။ ရန်ကုန်တို့လို မျက်နှာရှိတဲ့ နေရာတွေမှာ ရာနှုန်း ၈၀ ခွဲဝေပေးတယ် ထင်တာ။
တကယ့်တကယ်တော့ ကိုငွေတိုးက သူတို့အုတ်ဖို ကန်ရွာမှာ မျက်စိကြီးနားကြီး ပါ။ ရေဒီယို အမြဲနားထောင် နေတာဆိုတော့ သူများနဲ့ယှဉ် ရင် ခေါင်းတစ်လုံးမြင့်တယ် လေ။ ရွာမြောက်ပိုင်းက ကို ၀င်းမောင်ရဲ့သမီးလေး စာပေးစာယူနဲ့ ဘွဲ့ရတယ်။ ကလေးမလေးက ၀န်ထမ်း လုပ်ချင်တယ်။ ကိုငွေတိုးရဲ့ တူမတစ်ယောက်က မြို့ကြီး မှာ အရာရောက်နေတယ်။ ဒီ တော့ ကိုဝင်းမောင်က ကိုငွေ တိုးကို ဆရာတင်ပြီး မြို့ကို ချီတက်ကြတာပေါ့။
တောသားတွေ ရိုးတယ်၊ အတယ်လို့ မြို့ကလူ တွေက နှိမ်ပေမယ့် ကိုငွေတိုး တို့က သုံးစားလို့မရလောက် အောင်တော့ မအပါဘူး။ ဂါ ရ၀ပြုဖို့ဆိုပြီး ဆီပုံး သယ်လာတယ်။ အပွေးကောင်း ကောင်း သနပ်ခါးတုံး ကြီးလည်း သုံးတုံး ယူလာတယ်။ ဒီလို လေးလေးပင်ပင်တွေ သယ်လာတော့ ကိုငွေတိုးရဲ့ တူမက အပြစ်တင်တယ်။ ဒီလို ပစ္စည်းတွေ ယူလာတာ လူမြင်တယ်၊ စာအိတ် တစ်အိတ်ဆို ကိစ္စပြီး ပါတယ်လို့ ပြောတယ်။ ဖြစ်ချင်တော့ လုပ်ပေး နိုင်တဲ့သူက ဟိုသွားဒီသွား ခရီး များနေသတဲ့။ စောင့်ရုံ ပေါ့။ အဲဒါနဲ့ ကိုငွေတိုးတူမရဲ့ အသိ ဦးစံထွား အိမ်မှာတည်းရင်း ထိုင်စောင့် နေကြရတယ်။
တစ်ညနေမှာတော့ ကောင်းကင်တစ်ခွင်လုံး ပြို တော့မှာလို မိုးတွေညို့လာတယ်။ ဦးစံထွားရယ်၊ ကိုဝင်းမောင်ရယ်၊ ကိုငွေတိုး ရယ် အိမ်ရှေ့က မြေကွက်လပ် လေးမှာ ခုံတန်းလျားလေးချပြီး လက်ဖက်ရည်ကြမ်း သောက်နေကြတယ်။ ကောင်းကင်ကို မော့ကြည့်ပြီး ကိုငွေတိုးက မိုးရွာတော့မယ် ထင်တယ်လို့ ပြောတယ်။ ဦးစံထွားက ခဏတော့ စောင့်ကြည့်ပါဦးတဲ့။ အဲဒီ အချိန်မှာပဲ အိမ်တံစက်မြိတ်က “တောက်တဲ့” လို့ အော်သံကြားတယ်။ ကိုငွေတိုးက အသံကြားရာ လှမ်းကြည့်ပြီး “ပုတ်သင်ညို နဲ့တော့တူတယ်၊ ပုတ်သင်ညိုတော့ မဟုတ်ဘူး”လို့ ပြောလိုက်တယ်။ ဦးစံထွားက “အဲဒါ တောက်တဲ့လို့ခေါ် တယ်၊ မိုးလေ၀သ ဗေဒင် ဟောတတ်တယ်” ပြောတော့ ကိုငွေတိုး စိတ်ဝင်စားနေပြီ။
“တောက်တဲ့” လို့ အော်လိုက်တော့ ဦးစံထွားက “မိုး လား” မေးတယ်။ နောက်တစ်ခါ “တောက်တဲ့” အော်တော့ “လေလား” မေးတယ်။ တောက်တဲ့အော်လိုက် မိုး လား၊ လေလား မေးလိုက်နဲ့ နောက်ဆုံးတော့ “လေလား” မှာ အော်သံ ရပ်သွားတယ်။ ဦးစံထွားက “ဒီနေ့ မိုးမရွာဘူး လေပဲတိုက်မယ်” ဆိုပြီး တောက်တဲ့ဗေဒင် ဟောလိုက်တယ်။ ကိုငွေတိုး စိတ်ထဲကတော့ မိုးတွေ ဒါလောက်တောင် ညိုမည်းနေတာ မိုးမရွာဘူး ဆိုတာ မဖြစ်နိုင်ဘူးလို့ တွေးတယ်။ ဒါပေမယ့် တကယ်ပဲ မိုးမရွာဘဲ လေပဲ နည်းနည်းတိုက်တော့ ကိုငွေ တိုး အံ့သြသွားတယ်။
နောက်နေ့ ညနေပိုင်းလည်း ဒီလိုပဲ။ မိုးတွေ အုံ့လာပြန်ရော။ လေလည်း တသုန်သုန် တိုက်တယ်။ ဦးစံထွားက မိုးလား၊ လေလား တောက်တဲ့ဗေဒင်မေးပြီး ဒီနေ့ မိုးရွာမယ်လို့ တပ်အပ်သေချာ ပြောချလိုက်တယ်။ အ၀တ်တွေ လှန်းထားတာ ရုပ်ကြလို့ သူ့သမီးတွေကို ခိုင်းတယ်။ တကယ်ပဲ အဲဒီညနေမှာ မိုး တွေ သဲကြီးမဲကြီးရွာတယ်။
ကိုငွေတိုးကတော့ တောက်တဲ့ ဗေဒင်ကို အရမ်း သဘောကျသွားတယ်။ မိုးရွာမှာလား၊ မရွာဘူးလား ဆိုတဲ့ ကိစ္စဟာ ကိုငွေတိုးတို့လို စိုက်ပျိုးရေး သမားတွေ အတွက် အရေးကြီးတယ်။ အဲဒီလို အကောင်မျိုး တစ်ကောင်လောက် ရှိလို့ကတော့ ရွှေပဲ။ ကိုငွေတိုးက မ၀ံ့မရဲနဲ့ မိုးလေ၀သကောင် သူ့ကို ရောင်းပေးပါ ပြောတယ်။
ဦးစံထွားက ခပ်အင် အင်ရယ်။ သူတို့အိမ်မှာ ဒီ တစ်ကောင်ပဲရှိတာ စဉ်းစား ပြီးမှပေးမယ်တဲ့။ ကိုငွေတိုးတို့ ပြန်ရမယ့် ရက်ကို ရောက်လာပြီ။ ဦးစံ ထွားက မိုးလေ၀သကောင် ပေါက်ကလေး မျှပေးမယ် တဲ့။ ကိုငွေတိုးတစ်ယောက် ပျော်လွန်းလို့ ထမင်းတောင် မစားနိုင်ဘူး။ တစ်သက်လုံး သူလိုချင်တဲ့ဆန္ဒ ပြည့်ဝတော့ မယ်ပေါ့။
ကိစ္စတွေပြီးလို့ ရွာကို ပြန်ကြတော့မယ် ဆိုတော့ ဦးစံထွားက အိမ်မြှောင် တစ်ကောင်ကို ဟောလစ် ပုလင်းခွံထဲထည့်၊ အပိတ် မပိတ်ဘဲ ပု လင်းဝကို ဇာပ၀ါပါးပါး လေးတပ်၊ ရော်ဘာကွင်းနဲ့ စည်းပေးလိုက်တယ်။ ဒါ ဗေဒင်ဆရာ ပေါက်စလေးပဲ၊ မကြာခင် အရွယ်ရောက်ပြီး တောက်တဲ့ အော်လိမ့်မယ်၊ ဒီ ကောင် အရွယ် ရောက်လာအောင် ပိုးကောင်လေးတွေ ဖမ်းကျွေးပါလို့ ဦးစံထွားက မှာပါတယ်။
ကိုငွေတိုး ရွာပြန်ရောက် တော့ သူ့ဗေဒင်ဆရာပေါက်စ လေးကို အရိပ်တကြည့်ကြည့် နဲ့ပေါ့။ ငရဲမကြောက်၊ ဘာ မကြောက် ပိုးကောင်လေး တွေဖမ်းကျွေးရတာလည်း မမောနိုင်မပန်းနိုင်။ ရေဒီယို တောင် အရင်လောက် စိတ် ၀င်တစား နားမထောင်နိုင် ဘူး။
အိမ်မြှောင်လေးက တော့ ပိုးကောင်တွေ တစ် ကောင်ပြီးတစ်ကောင် စားနေ ရပေမယ့် တောက်တဲ့ဖြစ် မလာသေးဘူး။ လူရိုးကြီး ကိုငွေတိုးကတော့ တစ်နေ့ ဖြစ်လာနိုးနိုးနဲ့ ထိုင်စောင့် ကြည့်နေတာပေါ့။ အိမ်မြှောင် လေးက “တစ်၊ တစ်၊ တစ်၊ တစ်” နဲ့ အသံပြုတဲ့အခါ ကိုငွေတိုးက “အသံတော့ စမ်းနေပြီဟေ့”လို့ သူ့မိန်းမကို အားရ၀မ်းသာပြောပါတယ်။
ကျော်ရင်မြင့်
(ရွှေအမြုတေ မဂ္ဂဇင်း၊ဇန်န၀ါရီလ ၂၀၁၁)
နောက်ဆုံးရ မြန်မာသတင်းများ
4 years ago
No comments:
Post a Comment