ရေဆိုတာ မြင့်ရာကနေ နိမ့်ရာကို စီးတယ်လို့ပဲ ကြားဖူးပါတယ်။ ဒါပေမဲ့ သည်နေရာမှာတော့ငါလည်း မရေမရာ ဖြစ်နေတာနဲ့ မင်းကိုပဲ အားကိုးတကြီးနဲ့ ပြန်မေးရဦးမယ်။
၅၅ နှစ်ဆိုတဲ့အရွယ်ဟာ သူငယ်ပြန်ပြီလား၊ ပြန်နိုင်ပြီလား၊ ပြန်တတ်ပြီလား။
အေးပါ ... ၅၅ နှစ်နဲ့ သူငယ်ပြန်တယ်လို့တော့ ငါလည်း မကြားဖူးပါဘူး။ ဒါပေမဲ့ မင်းသိတဲ့အတိုင်း ငါ့အသက်က အခုလာမယ့် အောက်တိုဘာလကျမှ ၅၅ နှစ် ပြည့်မယ်။ သူငယ်ပြန်တတ်တဲ့အရွယ် ခုနစ်ဆယ်ကျော်၊ ရှစ်ဆယ်ကျော် မဟုတ်သေးဘူး။ ပြီးတော့လည်း အထူးသန်တုန်း၊ မြန်တုန်း။
ဟုတ်ပါတယ်။ ဒါပေမဲ့ ငါ သူငယ်ပြန်စပြုနေပြီ။ သူငယ်ပြန်ချင်နေပြီ။ တစ်ခါတလေ ငါ့စိတ်ကို ငါမနည်းထိန်းရတယ်။ ဒါတောင် မရချင်တဲ့အခါ မရဘူး။ လွတ်ချင်တဲ့အခါ လွတ်သွားတယ်။ မင်းက မိန်းမငယ်ငယ်ကလေးတွေကို ယူချင်တဲ့စိတ် ပေါက်ရမှာလား။ တော်လောက်ပါပြီ မောင်ရာ၊ ကြောက်လှပါပြီ။ သည်မယ်ဟေ့ကောင်၊ မနောက်နဲ့။ ငါ အတည်ပြောတာ၊ အဲဒါ ငါပြောပြမယ်၊ မင်းရေး။ ရေးတတ်ရင် ဝတ္ထုဖြစ်တယ်၊ ကဗျာလည်း ဖြစ်တယ်။ စာတစ်ပုဒ် ဖြစ်တယ်ပေါ့ကွာ။
မင်းကတော့ စာရေးတဲ့လူချင်းတူပေမယ့် စာရေးတဲ့ မူချင်းမတူဘူး။ ပြီးတော့ လူငယ်လည်း လူငယ်၊ ဘာအရောင်အဆင်းမှလည်း မရှိ။ လမ်းမပေါ်မှာ ပုဆိုးကွင်းသိုင်းပြီး ခွေလှိမ့်လည်း မင်းအနေနဲ့ကတော့ တင့်တယ်တယ်။ ဘာကိစ္စမှ မရှိနိုင်ဘူး။
မင်း သိပါတယ်လေ။ တတ်နိုင်ရင် ငါ စာမရေးချင်တော့ဘူးဆိုတာကို။ အသက်ကြီးလာပြီ ဟကောင်ရ၊ မျက်စိတွေမှုန်၊ လက်တွေတုန်နဲ့။ မျက်စိမှုန်တာက မျက်မှန်တပ်လို့ရသေးတယ်။ လက်တုန်တာက ဘာမှကူလို့ ထောက်လို့ မရဘူး။
ပြောရတာလည်း ရှက်ပါတယ်ကွာ၊ မရေးပြန်တော့လည်း ထမင်းစားစရာက မရှိပြန်ဘူးဟ။ ထမင်းစားစရာမရှိလို့များ သိသိ တတ်တတ်နဲ့ လာပေးကြ ကမ်းကြလိမ့်မယ်လို့တော့ မမျှော်လင့်နဲ့၊ ကြွေးရှင်က လူရှေ့မရှောင် သူရှေ့မရှောင် ကြွေးလိုက် မတောင်းရင်ဘဲ ကံကောင်း။
ခက်သားပဲကွ။ သည်အသက် သည်အရွယ် ရောက်လာမှတော့ ငါလည်း တခြားအလုပ် လုပ်မစားတတ်တော့ဘူး။ ပြင်လို့ မရတော့ဘူး။ ခေါက်ရိုးကျိုးနေပြီ ဆိုပါတော့ကွာ။ မင်းမျက်မြင်ပဲ။ ငတ်တော့လည်း တွေ့ကရာ လျှောက်ရေးတော့တာပေါ့။ ဖေတော့ မောင်တော့တွေ ရေးလားရေးရဲ့။ ကိုယ့်အကြောင်း ကိုယ်ပြန်ရေးရလားရေးရဲ့။ ဘတ်စ်ကားမှတ်တိုင်က အကြောင်းတွေ၊ လက်ဖက်ရည်ဆိုင်က အကြောင်းတွေ၊ လမ်းဘေးကအကြောင်းတွေ၊ ဘာမှလဲ မဟုတ်ဘဲနဲ့ တောင်လျှောက်ရေး၊ မြောက်လျှောက်ရေး။
ဟော ... အခုတော့ မရေးချင်တော့ဘူး။ မရေးတော့ဘူး။ မင်းတို့ပဲ ရေးကြတော့။ အခု ငါ ပြောပြမယ်ဆိုတာကလည်း ရေးတတ်ရင်တော့ စာကောင်းတစ်ပုဒ် ဖြစ်တယ်ကွ။ လှတယ်။ လှအောင်လည်း ရေးတတ်ရမှာပေါ့ကွာ။ အေး ... သည်ဝတ္ထုမှာတော့ ငါ့ကို အဓိက ဇာတ်ဆောင်နေရာမှာ ထားရေးရမယ်။ နာမည်တော့ လွှဲထည့်လိုက်ပေါ့။ လွယ်ပါတယ်။ အဲ- ဝတ္ထု အစမှာ စောစောက ပြောတဲ့အတိုင်း ငါက ၅၅ နှစ်နဲ့ သူငယ်ပြန်စပြုနေပြီပေါ့။ ဘာဖြစ်လို့ သူငယ်ပြန်ပြီလို့ ပြောရသလဲဆိုတော့ မင်းသိတဲ့အတိုင်း ငါကအခု ကမာရွတ်က အဆောင်တစ်ဆောင်မှာ နေနေတယ်။ အဆောင်ဆိုတာက ကျောင်းသားတွေ၊ ဘွဲ့ရပြီးစ အလုပ်လက်မဲ့ လူငယ်တွေ၊ အလုပ်ဈင်စ လူငယ်တွေ စုပေါင်း ငှားရမ်းနေထိုင်ကြရတဲ့နေရာ။ အားလုံး အသက်နှစ်ဆယ်၊ အစိတ် ပတ်ဝန်းကျင် အရွယ်တွေ၊ လူပျို ကိုယ်လွတ်တွေ၊ ငါလိုလူမျိုး ငါကလွဲလို့ တစ်ယောက်မှ မရှိ။
စဉ်းစားကြည့်လေ၊ အဲဒီလိုအရွယ် လူငယ်ကလေးတွေနဲ့ချည်း နှစ်ရှည်လများ အနေကြာလာတော့ ငါကလည်း လွတ်နေ၊ စိတ်တွေလည်း ပြန်ငယ်လာတယ် ထင်ပါရဲ့။ အတွေးအခေါ်တွေလည်း ပြောင်းကုန်သလား မပြောတတ်ဘူး။ အင်အားချင်းကလည်း ငါက တစ်ယောက်တည်း၊ သူတို့က အများ။ လွှမ်းမိုးလာတယ် အောက်မေ့ရတာပဲ။
ဟင့်အင်း ... မဟုတ်ဘူး၊ မင်းပြောသလို တွဲချင်တဲ့စိတ်၊ နွှဲချင်တဲ့ဆန္ဒမျိုးတော့ ဖြစ်မလာဘူး။ ဒါကတော့ သေချာတယ်။
နောက်တာ ပြောင်တာ၊ ရယ်စရာ ပြောတာက ပြောတာတခြား။ မိန်းမနဲ့ပတ်သက်လို့ကတော့ ငါတော်တော် စိတ်ဓာတ်ကျသွားပြီ။ ဘယ်လိုမှ စဉ်းစားလို့ မရတော့ဘူး။ ဒါအမှန်။ ဒါပေမဲ့ ငါကဘာလဲ မသိဘူး၊ သတင်းစာဖတ်ရင် ခါတိုင်းလို မဖတ်ဘူး၊ ခါတိုင်းဆိုရင် စာအုပ်ကြော်ငြာတွေ ပထမဆုံး လှန်ဖတ်လို့၊ နောက် နာရေးကြော်ငြာတွေ ဖတ်လို့။ ဟောဗျ ... အခုတော့ “အလိုရှိသည်” ဆိုတဲ့ အလုပ်လျှောက်လွှာခေါ်တဲ့ ကြော်ငြာတွေကိုပါ အရေးတကြီး ဖတ်နေပြီ။
ဘာလုပ်မှာလဲ။ ငါ့အသက်အရွယ်၊ ငါ့ပညာအရည်အချင်းနဲ့ ဘာဆိုင်သလဲ။ စဉ်းစားလို့ မရဘူး။ ဘာကြောင့် စိတ်ဝင်တစား ဖတ်မိနေတယ် ဆိုတာကို။ အလကား ပြောနေတာ မဟုတ်ဘူး၊ တစ်ခါတလေ အဲဒီ ကြော်ငြာတဲ့အလုပ်ကို စိတ်ကူးနဲ့ လျှောက်ကြည့်လိုက်တယ်။ ပြီးတော့ လူငယ်တွေ အလွတ်ကျက်ကြတဲ့ “ပြည်မြန်မာ” စာအုပ် ဆိုရင်လည်း ကောက်ဖတ်ကြည့်။ မှတ်၊ ပြီးတော့ စာမေးပွဲ ဝင်ဖြေကြည့်။
တကယ် ရယ်ရတယ်။ ငါ မအောင်ဘူး။ ငါ့ကိုယ်ငါသာ အပြင်ဘက်မှာ အထင်ကြီးနေတာ။ လူတွေ့မေးခံရတဲ့အဆင့်တောင် မရောက်လိုက်ဘူး။ ဖွတ်ကျား၊ စိတ်ကူးထဲမှာတောင် အောက်တန်းကျ။ ဟဲ့ကောင်- ဘာတွေ လိုက်ရေးမှတ်နေတာလဲ။ မဟုတ်တာတွေလည်း လျှောက်မထည့်နဲ့။ ငါပြောသမျှ အကုန်လုံးလည်း ထည့်ရေးဖို့ မလိုဘူး။ ဝတ္ထုတို ဆိုတာ တိုရမယ်။ တိုနိုင်သမျှ တိုရမယ်။ လျှာမရှည်နဲ့။ မလိုအပ်ရင် ထည့်မရေးနဲ့။ စာဖတ်တဲ့ လူတွေမှာလည်း အချိန်အား သိပ်ရှိတာ မဟုတ်ဘူး။ ပြောချင်တဲ့စကားကို မြန်မြန်ပြော၊ တိုတိုပြော။ ရှေးခေတ်က ရေးပုံရေးနည်းတွေကို အတုခိုး မမှားနဲ့။ စာအုပ်ဟောင်းပုံထဲက ပညာဟောင်းရှိတွေရဲ့ စကားတွေကိုလည်း နားယောင်မနေနဲ့။ မင်းရဲ့အလုပ်က ရေး၊ ဆက်ရေး။ စာရေးဆရာ ဖြစ်ချင်တယ် မဟုတ်လား။ ရေး၊ ပြောနေ၊ ငြင်းနေလို့ စာရေးဆရာ မဖြစ်ဘူး။
ဟုတ်ပါ့၊ လျှာရှည်တာက ငါ။ ပြောလက်စ စကားတောင် ဘယ်ရောက်သွား ပါလိမ့်။ အေး-လူငယ်တွေနဲ့ အတူနေတယ်။ လူငယ်တွေနဲ့ ပေါင်းတယ်။ ကိုယ့်ကိုယ်ကိုယ်လည်း လူငယ်လို့ ထင်လာတယ်။ အခုမှ ဘွဲ့ရခါစပေါ့လေ။ အလုပ် မရှိသေးတော့ အလုပ်လျှောက်မယ်ပေါ့။ “အလိုရှိသည်” တွေကို အသေအချာ လိုက်ဖတ်။
ဆိုလိုတာက “ဘဝ”ကို အခုမှ စမယ်ပေါ့။ “စာရေးဆရာ ဘဝ” ကို မေ့လိုက်။ “မောင်သာရ” ကို မေ့လိုက်။ လူငယ်တစ်ယောက်။ မောင်သိန်းလွင် နောက်အသစ် တစ်ယောက်။ မောင်သိန်းလွင် ဘာဖြစ်ချင်သလဲ။ အနာဂတ်ဘဝအတွက် ဘယ်လို စိတ်ကူးကြံစည်ထားသလဲ။ အလုပ်ရွေးပြီးပြီလား၊ လမ်းရွေးပြီးပြီလား။ ဒါမှမဟုတ် ရရာအလုပ် လုပ်မှာလား၊ လှေကြုံလိုက်မှာလား၊ လွယ်တဲ့လမ်း သွားမှာလား၊ ပန်းတိုင်သတ်မှတ် လျှောက်မှာလား။
ဟိုက်- ဘယ်ဆိုးလို့တုံး။ မောင်သိန်းလွင်အသစ်လည်း စိတ်မကျေပွဲ နွှဲချင်သေးတယ်ထင်ပါရဲ့။ ဘဝမှာ နောက်တစ်ကျော့ ထပ်ငယ်ချင်သေးတယ်ထင်ပါရဲ့။ ဆုံးဖြတ်ချက်ချလိုက်တယ်။ ကိုယ်ပိုင် အလုပ်လုပ်မယ် တဲ့။ မင်းသိတယ် မဟုတ်လား။
ဝပ်ခါနီး ကြက်မ တစ်ကောင်ကိုဝယ်ပြီး ကြက်ဥဆယ်လုံး ထည့်ဝပ်ခိုင်းလိုက်တာ အခုပေါက်နေပြီ ဆယ်ကောင်။ တစ်ဥမှ မပျက်ဘူး။ အဝပ်ကောင်းလိုက်တဲ့ ကြက်မ။ သားထိန်းလည်း ကောင်းလိုက်တဲ့ ကြက်မ။ ဟေ့ကောင်- ငေးမနေနဲ့။ အဲဒါ သေသေချာချာ မှတ်။ တစ်နိုင်မွေးမြူရေး ခေါ်တယ်။ မပါပါအောင် ထည့်ရေး။
အေး- ကြက်ကလေးတွေ အကြောင်းကြုံလို့ ပြောဦးမယ်။ မင်းလည်း တိရစ္ဆာန်ချစ်တတ်တဲ့ အကောင်ပဲ။ အဆောင်ပိုင်ရှင် အပျိုကြီးအိုကလည်း တိရစ္ဆာန် ချစ်တတ်တယ်။ တော်သေးတာပေါ့။ မဟုတ်ရင် ကြက်ဆိုတာ တံမြက်စည်းလှည်းထားတဲ့ အမှိုက်ပုံကို ပြန်ဖွပစ်လို ဖွပစ်၊ ပေါင်းသင် မြေဖို့ထားတဲ့ ပန်းပင်ခြေရင်းတွေ ယက်လိုယက်နဲ့ ကောင်းကောင်း ပြဿနာ တက်နိုင်တယ်။
အင်း- ငါလည်း ဒီကြက်ကလေးတွေပေါက်လာမှ အတော့်ကို အိမ်မြဲနေတယ်။ အဲ- အဆောင် မြဲနေတယ်။ ဟန်တော့ကျတယ်။ မြို့ထဲကိုလည်း နေ့စဉ် မထွက်ဖြစ်တော့ဘူး။ ခရီးစရိတ် အကုန်အကျ သက်သာတာပေါ့။ ပြီးတော့ လက်ဖက်ရည်ဆိုင်တွေမှာလည်း သိပ်ကြာကြာ မထိုင်ဖြစ်တော့ဘူး။ အချိန်ပုပ် သက်သာတာပေါ့။ အလကားနေရင်း ငါ့ကြက်ကလေးတွေပဲ ငါထိုင်ကြည့် နေတယ်။ ကြက်ကျောင်းတယ် ဆိုပါတော့။ မင်း မသိဘူး။ လွှတ်စိတ်ဝင်စားဖို့ ကောင်းတယ်။ အစာတွေ့ရင် ကြက်မကြီးက အသံပြုပြီး လှမ်းခေါ်တယ်။ ကြက်ကလေးတွေ ပြေးလာပြီး စားကြတယ်။ ကြက်မကြီးက သူ မစားဘူး။ အစာ သိပ်ပေါများနေမှ ဝင်စားတယ်။ နောက်တစ်ခါ ကျီးကန်းလာတယ်။ ရန်သူလာတယ်။ ကြက်မကြီးက အသံပြုလိုက်တယ်။ အတောင် နှစ်ဖက်ကို ဖွပေးတယ်။ ကြက်ကလေးတွေက အမေ့နား ပြေးလာကြပြီး ပုန်းကြတယ်။
မိဘမေတ္တာ ပြောပါတယ်။ တိရစ္ဆာန်တောင် ကိုယ့်သားသမီး ကိုယ်ချစ်တယ်။ ဒါလည်း ဖွဲ့နွဲ့ပြီး ရေးလို့ရတာပဲ။ ငါ ပြောမယ်။ မနက်ကပဲ မြင်ခဲ့ရသေးတယ်။ ကြက်မကြီးက ပန်းအိုးအောက် အုတ်ခဲကြားက တီကောင်တစ်ကောင်ကို မိလိုက်တယ်။ ဆွဲထုတ်လိုက်တယ်။ ပြတ်ပါလာတယ်။ မစားဘူး။ တလင်းပြောင်မှာချပြီး ကတော့ ကတော့နဲ့ ကြက်ကလေးတွေကို လှမ်းခေါ်တယ်။ အသံပြုလိုက်တယ်။ ဒီတော့ ကြက်ကလေးတွေ ပြေးလာကြတယ်။ ဝိုင်းလုကြတယ်။
ကြက်ကလေးက ဆယ်ကောင်၊ အစာက တစ်ခုတည်း။ ပထမဆုံးရတဲ့အကောင်က အစာကိုစားမယ်လို့အပြင်မှာ နောက်တစ်ကောင်က ကောက်ယူပြေးတယ်။ နှုတ်သီးမှာ အစာတန်းလန်းနဲ့။ တစ်ကောင်က ပြေးတယ်။ ကိုးကောင်က လိုက်တယ်။ ချနားချိန် မရဘူး။ ချစားချိန် မရဘူး။ အချင်းချင်း အတင်းလိုက်လုတယ်။
ပြေးတယ်။ လိုက်လုကြတယ်။ နားတယ်။ နောက်တစ်ကောင့် ပါးစပ်ထဲ ပါသွားတယ်။ နောက်တစ်ကောင်က ပြေးရပြန်တယ်။ ဒီလိုနဲ့ ဆယ်ကောင်မှာ ဘယ်အကောင်မှ ဟုတ္တိပတ္တိ မစားလိုက်ရဘူး။ လုရင်းနဲ့ ပြတ်ကုန်တယ်။ ချီပြေးရင်းနဲ့ နည်းနည်း စားရတဲ့အကောင် စားရမယ်။ အစာကလေး အနည်းအပါး စားရပါမယ့်အရေး ပြေးကြရ၊ လွှားကြရ၊ လုကြရ၊ ယက်ကြရ။
ဒါလည်း ရေးတတ်ရင် ရေးလို့ရတာပဲ။ ဟော- နည်းနည်းကလေး အရွယ်ရောက်လာတော့ ကြက်မကြီးက သားမခွဲ သေးဘူး။ သူတို့အခေါ် “အမွေလု” သတဲ့။ အချင်းချင်း ခွပ်ကုန်ပြီ။ ဒါလည်း ရေးလို့ ရတာပဲ။ ဟဲ့ကောင်- အိပ်ငိုက် မနေနဲ့။ စာရေးဆရာ ဖြစ်ချင်တယ်ဆိုရင် မျက်စိကို ဖွင့်ထား။
(ရွှေအမြုတေ မဂ္ဂဇင်း၊ အောက်တိုဘာလ ၂၀၁၁)
No comments:
Post a Comment