လူများ ဟန်ကျချင်တော့၊ မုတ်ဆိတ်ပျားစွဲဆိုသလို... ဝတ္ထုရေးဖို့ ကုန်ကြမ်းက အိမ်နီးချင်း လာဖြစ်တယ်။ ကျုပ်နဲ့ ခြံချင်းကပ်ရက် အိမ်ကလေးမှာ လူတယောက်နဲ့ ဝက်တကောင် ပြောင်းရောက်လာကြတယ်။
လူကတော့ ပုံပန်းကြည့်ရတာ အဖြူ၊ american ပါ။ hispanic ပုံ မပေါက်ပါဘူး။ ၃၀ အရွယ် နှုတ်ခမ်းမွေး၊ ပါးသိုင်းမွေးမှ အလှမထားတာပဲ။ ပြီး အရပ်က တံခါးပေါက် ခေါင်းငုံ့ဝင်ရလောက်အောင် မြင့်လို့သာပေါ့။ မတရား ဝတယ်။ သိတယ်နော်..၊ ကျုပ်ကိုယ်ထက် နှစ်ဆလောက် ဝတယ်ဆိုတော့.. အနည်းဆုံးပေါင် ၃၆၀ လောက် ကျော်မှာပေါ့။
ရယ်ရတယ်။ သူနဲ့အတူပါလာတဲ့ သူ့ရဲ့ pet ဝက်ကလည်း သခင်နဲ့အတူ ဘယ်လောက် အပြိုင်စားထားကြတယ် မသိဘူး။ သူတို့အိမ်အဝင် တံခါးပေါက်မှာ ပြိုင်တူလုဝင်ရင် တစ်နေကြရော။ ပြီး သူ့ဝက်ကလည်း နေ့စဉ် ရေချိုး သန့်စင်ပေးထားလို့ပဲလား၊ ကျုပ်တို့ ဒေသရဲ့ ဝင်ရိုးစွန်း ရာသီဥတုကြောင့်ပဲလား မသိ၊ alaska ဝက်ဝံလို ဖြူဆွတ်နေတာပဲ။ ကျုပ်တို့ ရှမ်းပြည်တောင် ပိုင်း“ကလော”နားမှာလည်း “ဝက်ဖြူရေတောင်”ဆိုတာ ရှိတယ် မဟုတ်လား။ ဝက်ကလည်း အဖြူ၊ သူ့သခင်ကလည်း အဖြူ၊ ဝတာချင်းကလည်း တူကြတော့ လိုက်ဖက်တယ်။
ပြောရအုံးမယ်။ ကျုပ်နေတဲ့ဒေသ မြောက်ဖျားပြည်နယ်တွေမှာက သန်းကြွယ်သူဌေးပိုင် အိမ်ကြီး ရခိုင် mansion တွေသာ မဟုတ်လို့ကတော့ သာမန်အိမ်တိုင်းမှာ လူတကိုယ်စာ ဝင်သာ ထွက်သာရုံ နှစ်ပေခွဲ သုံးပေကျယ် တံခါးပေါက်ကလေး တပေါက်ပဲ ရှိတတ် ထားတတ်ကြတယ်။ ရာသီဥတု အေးတဲ့ဒဏ်ကြောင့် တံခါးရွက်လဲ တဖက်ဖွင့်ပဲ တပ်လေ့ရှိကြပြီး၊ ပိတ်လိုက်ရင် လေလည်း လုံကြရတယ်။ ဒါကြောင့် သူတို့ နှစ်ကောင် ပြိုင်တူယှဉ်ဝင်လို့ မရကြဘူး ပြောတာပေါ့။
ကျုပ် အိမ်နီးချင်းရဲ့အဖြစ်ကလည်း လွယ်တော့ မလွယ်ဘူး။ နော့ သူ့ဥစ္စာက လမ်းလျှောက်ရင် ခြေထောက်မှ ရှေ့တည့်တည့် လှမ်းမလျှောက်နိုင်တော့တာပဲ။ မပျံနိုင်တဲ့ ရေနေငှက် penguin လျှောက်နေရတာပဲ။ သူ့ခါးက သူဝတ်နေရတဲ့ ဘောင်းဘီတွေကိုလည်း ကြည့်အုံးလေ။ ကျောင်းထားခါစ ဘောင်းဘီမမြဲတတ်သေးတဲ့ အရွယ်ဝတ်တွေမှာလို ခါးရှုံ့မျှော့ကြိုးနဲ့ ပခုံး သိုင်းနဲ့ ဆွဲဝတ်နေရတာလေ။ ဆောင်းတွင်းမှာသာ အင်္ကျီအထပ်ထပ်နဲ့ဖုံးထားလို့ မမြင်ရတာကို...။ နွေရောက်တော့ ကိုယ်ပေါ်မှာအတိုင်းသား။ ကျောဘက် Y ကြိုးနဲ့။ ကျုပ် စဉ်းစားကြည့်မိတယ်။ စိတ်ကူးကြည့်တာပေါ့လေ ...။ ကျုပ်တို့ရဲ့ အနံကြီး ကွင်းကျယ် ရခိုင်ပုဆိုးတထည်သာ ပေးဝတ်လိုက်ရရင်... ခါးမှာ စည်းစရာ မလို... အံကိုက် ခွခေါင်းအုံးစွပ်လို ဖြစ်သွားမယ်ထင်တယ်။
သိတယ်နော်။ ကျုပ်တို့ ny ပြည်နယ်အနောက်ပိုင်း great lakes ကြီးတွေရဲ့ ဝန်းကျင်က နိုင်ငံကျော်တဲ့ နှင်းသောင်းကျန်းမှု အကြောင်းကို...။ ဆိုးသွမ်းကြမ်းတမ်းသလား မမေးနဲ့။ america နိုင်ငံသားတွေ အချင်းချင်းတောင် လက်ဖျားခါကြရတဲ့ ဒေသ။ တနှစ်မှာဆောင်းချည့်ကိုက october ကနေ march လကုန်အထိ ၆ လ။ လက်တွေ့ရာသီပေါ့နော်။ သည် ၆ လမှာလည်း များသောအားဖြင့်က မြေကြီး မမြင်ရ၊ မြက် မမြင်ရ၊ အပင်တွေမှာ အရွက် မမြင်ရ၊ ငှက် မမြင်ရ၊ နှင်းရေခဲပြင်။ မြစ်ပြင်ကိုလည်း ခြေလျင်ဖြတ်လို့ရတဲ့ ကာလ။ ကျလိုက်တဲ့ နှင်းဆိုတာကလည်း နှင်းပွင့်နှင်းလွှာ တလှည့်၊ နှမ်းနှင်းမိုး တလှည့်၊ နှင်း မိုးသီးမိုးပေါက် တလှည့်၊ နှင်းမုန်တိုင်း တလှည့်၊ ရေခဲမိုး တလှည့်နဲ့ နှင်းလွတ်တဲ့ နေ့ရယ်လို့မှ မရှိတတ်တော့တာပဲ။ ကျုပ်တို့နိုင်ငံမှာ နွေကျောင်းပိတ်ရက်။ သည်မှာက ဆောင်းကျောင်းပိတ်ရက်။
အဲ တခါတရံ ကံအားလျော်စွာ အေးမြတဲ့ နေရောင်ခြည်ကလေးကိုများ မြင်တွေ့လိုက်ရရင် အို့ လူတွေ လူတွေဆိုတာ အိမ့်ပြင်ထွက် ပျော်ကြရွှင်ကြလို့။ တယောက်ကို တယောက်လည်း beautiful day ချင်း မိုးမွှန်အောင် ရင့်ကြူး နှုတ်ဆက်ကြလို့...။ tv တွေ radio မှာလည်း ၁၅ မိနစ်တခါလောက် ကျေညာသလေ...။ မမြင်လိုက်ရ အရသာ မခံလိုက်ရမှာစိုးလို့...။ နေ့က လှမှလှ။ သာမှသာ ဆိုပဲ။
ကျုပ် မှတ်မိသေးတယ်။ ငယ်ငယ်က ကြားဖူးခဲ့၊ လိုက်ဆိုခဲ့ဖူးတဲ့ သီချင်းကလေး တပိုင်းတစပါ။ you are my sunshine: my only sunshine: you never know dear; how much I love you; please don’t take my sunshine away ... ဆိုတယ် မဟုတ်လား။ နေရောင်ကို ချစ်သူနဲ့ ဥဒါဟရုဏ်ပြု တင်စားသုံးထားတာပေါ့။
ဘယ်...ကျုပ်ခံစားလို့ရမလဲ။ ကျုပ်က ဗမာပြည်မှာမှ အပူပိုင်းဇုံ ဆိုတဲ့ ဝါဝါ အကွက်ကလေးထဲက မန္တလေးမှာ မွေးခဲ့တဲ့ အကောင်။ ဖွတ်ကျား...။ ကြားရတာနဲ့ကို စိတ်ကုန်လိုက်တာ။ အဓိပ္ပာယ် မသိလို့သာ ငယ်တုန်းက ဆိုခဲ့မိတာ။ သည်လောက် ခြစ်ခြစ်တောက် ကျောကော့အောင် ပူလောင်တဲ့ နေရောင်ကိုများ “ချစ်သူ”တဲ့။ သီချင်း ရေးဆရာ ဦးဏှောက်မှ ကောင်းရဲ့လား အောက်မေ့ခဲ့မိတယ်။
ခုတော့ ကျုပ် နားလည်ပြီ။ သူ့ရဲ့ တင်စားမှု ဥပမာကလေးကိုလည်း ကျုပ် ကြိုက်သွားပြီ။ ခံစားလို့ရပြီ။ ဒါပေမဲ့ ကျုပ်တို့မှာက ဆောင်းတွင်းဝင်တော့မယ်ဆိုကတည်းက...ရှဥ့်တွေက သစ်ခေါင်းတွေထဲမှာ ရိက္ခာလှောင်သလို ကုန်ခြောက်တွေ စည်သွတ်ဘူးတွေကို စုဆောင်းထားကြရပြီလေ။ လူတွေလည်း ကိုယ့်အိမ်ထဲမှာ ကိုယ် အောင်းနေကြရတော့မယ်။
အဲ မလွှဲမရှောင်သာ ထွက်ရတော့မယ်ဆိုတော့လည်း တမျိုးပေါ့။ ဝတ်ပေတော့ အနွေးထည် အထပ်ထပ်။ သာမန် ဖလံထည်၊ သိုးမွေး၊ သက္ကလပ်ဆိုတာတွေနဲ့ကတော့ ဘယ်လောက် ထပ်ဝတ်ဝတ် မရတတ်ဘူး။ အရိုးခိုက်တယ်၊ ခွေးတွေ ကြောင်တွေတောင် မေးရိုက်တယ်ဆိုတဲ့ အချမ်းမျိုးပေါ့။ အဲသည်တော့ ဒေသသုံး ကိုယ်ငွေ့ထိန်း thermo ကိုယ် ကပ်အင်္ကျီဘောင်းဘီတွေ အောက်ကခံဝတ်၊ ပြီးတော့ ပုံမှန်အနွေးထည်တွေ ထပ်ဝတ်၊ သူ့အပေါ်ကမှ ဂွမ်းကပ်ထည့် သားရေနှင်းကာခါးရှည် (ခေါင်းစွပ် hood တွဲရက်နဲ့) parka ကြီး ထပ်ဝတ်။ ခေါင်း စွပ်၊ နားရွက်အုပ်၊ လက်အိတ် စွပ်၊ နှင်းကာမျက်မှန်တပ်၊ နှင်းတောတိုး ဖိနပ်ရှည်စီး၊ တကိုယ်လုံးကို မုန့်ဖက်ထုပ် ထုပ်သလိုထုပ်ပြီးမှ အပြင်ထွက်ရတယ်။ ပြောပကော။ မိုးလေဝသဌာနကလည်း tv တွေ radio တွေမှာ အမြဲမပြတ် သတိပေးနေတာပဲ။ temp 0ံ အောက် minus စပြပြီဆိုကတည်းက ကိုယ်ကို bundle-up ထုပ်ပိုးပြီးမှသာ အိမ်ပြင်ထွက်ကြဖို့ ထွက်ရရင်လည်း ၁၅ မိနစ်ထက် ပိုကြာ ကြာမနေဖို့... နှာဖျားနားရွက် နဲ့ နှုတ်ခမ်းတွေကိုပါ ကြွေမကျအောင် ဖုံးအုပ်ထားဖို့ စသဖြင့်နဲ့ အအေးဒဏ်ကြောင့် ကိုယ်ပေါ်မှာ မီးလောင်ဖုတွေ ဖြစ်လာရင်လည်း ဆေးရုံ ဆေးခန်း အမြန်ပြေးဖို့ စသဖြင့် စိုးရိမ်တကြီး ကျေညာသတိပေးနေတာပဲ။
အဲသည်တော့ လူတွေဆိုတာ ဘာနဲ့တူသလဲဆိုတော့ လူ မမြင်ရဘူး။ အဝတ်ထုပ် အရုပ်ကြီးတွေ ရှပ်တိုက် လှုပ်ရွ ရွေ့နေကြသလိုပဲ။ တပေလောက်အကွာ မျက်နှာချင်းဆိုင် အနားရောက်တောင်မှ ဘယ်သူဘယ်ဝါ မမှတ်မိတတ်ကြဘူး။ ပြီးတော့ အသက်ရှူလိုက်တိုင်း တထောင်းထောင်း ထွက်နေတဲ့ နှာခေါင်းငွေ့တွေက မျက်ခုံးမွေးတွေ နှုတ်ခမ်းမွေးတွေ မျက်မှန်တွေပေါ်မှာ နှင်းဖပ်တွေ ရေခဲမှုန်တွေ ဖြစ်ကုန်ရော။ သည်တော့ မှုန်ဝါးဝါးသာ မြင်ရတော့တာကလား။
ဆောင်းတွင်းမှာ အပြင်ထွက် ခြေလျင်လျှောက်ဖို့ဆိုတာ ဘယ်လွယ်မလဲ။ ပေါ့ပါးတဲ့ကားကလေးတွေဆိုရင် ဘီးချော်ပြီး လမ်းဘေးစင်္ကြံပေါ်တက် အိမ်တွေဆိုင်တွေ ဝင်တိုက်လိုတိုက်၊ ကားအချင်းချင်း တိုက်လိုတိုက်၊ ချာလပတ်ရမ်းပြီး မှောက်လို မှောက်နဲ့ ဒုက္ခရောက် သေကျေကုန်ကြရတဲ့ သတင်းက နေ့စဉ်ကြားနေရတတ်တာပဲ။ လူဆိုတာကတော့ မပြောနဲ့။ သဲထဲ ခြေကျွံတာ၊ နွံထဲ ခြေကျွံတာနဲ့ နှင်းမှုန်မွမွ ရေခဲမှုန်ရွရွ တပေနှစ်ပေထုထဲ ခြေကျွံတာက လုံးဝ မတူဘူး။ ပြန်အနုတ်ရ ခက်တာချင်းက တူတယ်ထားအုံး။ နှင်းက များသောအားဖြင့် အောက်ခြေမှာ ရေခဲနေပြီ။ ချော်လဲ ကုန်ကြရော။ နောက်စေ့ ခေါင်းကွဲလို့ သေကြရတဲ့လူ၊ လေဖြတ်ရတဲ့လူတွေဆို တနှစ်တ နှစ်မှာ ရာနဲ့ချီ ရှိတတ်တယ်။
ပြီးတော့လည်း လူတိုင်းမှာ ဝတ်ထားရတဲ့ ဖိနပ်နဲ့ အဝတ်တွေရဲ့ အလေးချိန်က ရှိရင်းစွဲ ကိုယ်အလေးချိန်ထက် မနည်း လေးတတ်ကြတာကလား။ ကိုယ့်ကိုယ်ခန္ဓာကိုယ် ထမ်းသယ်သွားနေရသလိုမျိုး။ ဘယ့်နှယ် နှင်းထုတွေထဲမှာ ၁၀ လှမ်း၊ ၁၅ လှမ်း လှမ်းလိုက်ရင်ပဲ အတွင်းထဲမှာက ချွေးတွေထွက်ကုန်ပြီ။ အရွယ်ရရင် မောလာပြီ။
ကျုပ်လူ အိမ်နီးချင်းခမျာလည်း ကျုပ်လိုပဲ အပြင်ဘက် သိပ်မထွက်နိုင်ပါဘူး။ သူက ကျုပ်ထက် ပိုဆိုးအုံးမယ်။ မတော် သူ့ခန္ဓာကိုယ်ကြီးနဲ့များ နှင်းပြင်ထဲ ပစ်လဲလိုက်ရလို့ကတော့၊ ပြန်ထဖို့ ဘယ်လွယ်လိမ့်မလဲ။ စဥ့်အိုးကို ပြန်ထောင်ရသလို နေမှာ။
ခက်တာက သူ့မှာလဲ ကျုပ်လိုပဲ၊ အိမ့်ရှင်မ မရှိဘူး။
အရေးထဲ အိမ်ထဲမှာ ဝက်တကောင်ကလဲ ထည့်မွေးထားသေးတယ်။ လူစာရော ဝက်စာရော ဝယ်ဖို့ခြမ်းဖို့အတွက်က အနည်းဆုံး တပတ်တခါတော့ ထွက်ဖို့ လိုမှာပေါ့။ ပြီး သူလုပ်နေတဲ့ အလုပ်အတွက်ကရော ဘာ အလုပ်မျိုးပဲဖြစ်ဖြစ် လူတကာလို အနည်းဆုံး တပတ်ကို ၅ ရက်တော့ ထွက်ရမှာပေါ့။ သူ ဘာလုပ်တာလဲ။ သူ့ အလုပ်က ဘယ်မှာလဲ။ ကျုပ် မသိဘူး။ ဒါပေမယ့် အလုပ်သွား အလုပ်ပြန်အတွက်တော့ လူတကာလို သူ့မှာလဲ သူ ကိုယ်နဲ့ဆံ့တဲ့ jeep cherokee တစင်းတော့ ရှိတယ်။ အဲ... ကားဆိုလို့ ပြောရအုံးမယ်။ သူ့ရဲ့ အခြေအနေအရ သူ့ကားကိုလဲ သူ့အိမ်နဲ့တွဲရက် ကားရုံထဲမှာ ထည့်ထားရတယ်။ သိတယ်နော်။ သည်နိုင်ငံ သည်ဒေသမှာ ကားကို ကားရုံနဲ့ ထည့်ထားနိုင်တယ်၊ ကားရုံတွဲရက်ပါတဲ့အိမ်ကို ငှားနေနိုင်တယ်ဆိုတာ နည်းတဲ့အဆင့် မဟုတ်ဘူး။ ကားရုံငှားခပါ ပေးရမှာဖြစ်တဲ့အတွက်ရယ်၊ တိရစ္ဆာန်တကောင်ပါ အိမ်မှာ ထည့်မွေးမယ့်အတွက်ရယ် အိမ်လခက ကြေးများမယ်။ ပေးနိုင်ဖို့အတွက်ကလည်း ဝင်ငွေ ကောင်းရမယ်။
ဒါပေမယ့် ကျုပ်လူရဲ့ ကိုယ်ခန္ဓာက သူကားထည့်ထားဖို့ ကားရုံပါမှကို ဖြစ်မယ်။ သူများတကာလို ကားကို အိမ်ရှေ့လမ်းဘေး ရပ်ထားလို့ မဖြစ်ဘူး။ ကားက အဖိုးတန်၊ ဇိမ်ခံ၊ အသစ်လို ကောင်းလှလို့ မဟုတ်ဘူး။ သူက သူ့ကိုယ်သူမှ အနိုင်နိုင်လေ။ တခြားကားတွေလို အိမ်ရှေ့ ရပ်ထားလိုက်လို့ တညလောက်များ နှင်းကျ များတာနဲ့ ကြုံလိုက်ရင် သူ့ အဖို့က ဘယ်လွယ်လိမ့်မလဲ။ တခါတလေ နှင်းက အကျများရင်၊ နှင်းမုန်တိုင်းနဲ့ ကြုံရင်...တညဆို ဆိုသလောက် မနက်ရောက်တော့ နှင်းထုအောက်က ကိုယ့်ကားကိုယ် ပြန်တူး ဖော်ယူရတတ်တာလေ။ တခါတလေကျတော့ နှင်းဆိုတာကလည်း မိုးလိုပဲပေါ့။ ကျချိန်ကန့်သတ်ချက် ဘယ်ရှိပါ့မလဲ။ မိုးလို စွေချင်လဲ စွေနေတတ်တာမျိုးပဲ။
မနှစ်က December Christmas အကြိုည၊ တနှစ် က November 18th နဲ့ 11th january မှာ ကျခဲ့တဲ့ lake effect snow storm ဆိုတာမျိုးတွေနဲ့သာ တိုးလိုက်ရလို့ကတော့ မြေကြီးပေါ် အမြင့် ၉’ ပေခွဲတို့ ၁၃’ ပေတို့အထိ တက်ခဲ့တာလေ။ ကျုပ်တို့ နိုင်ငံ ရေကြီးတတ်တဲ့ ဒေသတွေက အိမ်တိုင် အိမ်ထရံ မှတ်ကြသလိုပေါ့။ ပြီးတော့လဲ ၂၀၀၀ ပြည့်နှစ်ကဆိုရင် နှင်းက ၃၂ နာရီ အဖပ်လိုက် ဆက်တိုက်ကျခဲ့တာ။ တချို့အိမ်တွေ အောက်ထပ်ပြတင်း ပေါက်မှန်တံခါးတွေ ဖွင့်လို့မရနိုင်တော့တဲ့အထိ အိမ်ကို မြှုပ်ပစ်လိုက်တာ။ တချို့ ကွန့်ကရစ်အမိုးပြန့်တိုက်တွေက အမိုးတွေ အလေးဒဏ်မခံနိုင်လို့ ပေါက်ကျ ကျွံကျကုန် ကြတယ်။ လျှပ်စစ်ဓာတ်အားတွေ အကုန်ပြတ်။ အနွေးဓာတ် မရ၊ မီး မရ။ ရေပိုက်တွေထဲက ရေတွေလဲ အကုန်ခဲကုန်လို့ ရေလဲ မရ။ အိမ်သာတွေလဲ သုံးမရ။ မြို့တော်ဝန်က မြို့ကို အရေးပေါ် အခြေအနေကျေညာပြီး၊ အကူအညီ တောင်းရတဲ့အထိပဲ။ အသက်ကြီးတဲ့ လူအို ဒုက္ခိတတွေ ၂ ယောက်သေတယ်။ သစ်ပင်ပြတ်ကျပြီး အိမ်ပေါ်ပိလို့ ဆိုလား၊ ၁၄ ယောက် ဆေးရုံရောက်တယ်။ လေဘေး ရေဘေး ငလျင်ဘေးလို နှင်းဘေးဒုက္ခပေါ့။
ကဲ သည်လိုအချိန်မျိုးမှာ ကျုပ်လူရဲ့ကားသာ လမ်းဘေး ရပ်ထားလို့ကတော့၊ ဘယ့်နှယ်လုပ်ဖော်မလဲ။ ဘယ်သူက လာဖော်ပေးမလဲ။ ကိုယ့်ဒုက္ခနဲ့ကိုယ် ဘယ်သူကမှလဲ လာမကူညီနိုင်ဘူး။ သည်ကာလမျိုးမှာ လူဆိုးသူခိုး မရှိသလို ငွေပေးခိုင်းလို့လဲ လာဖော်ပေးမယ့် အလုပ်သမား လူကောင်းလဲ မရှိဘူး။ မှန်တယ်။ သူ့ကြိုတင်တွက် ကိန်းနဲ့သူ။ ကားရုံပူးတွဲပါတဲ့ အိမ်ကို ရှာငှားတာ မှန်တယ်။
ဒါတောင်မှ လက်တွေ့ကျတော့ ကျုပ်လူ မသက်သာရှာပါဘူး။ ကားရုံထဲကနေ တာလမ်းမရောက်တဲ့အထိ ကားမောင်းထွက်ဖို့က ဝါးတရိုက်သာသာလောက်တော့ နှင်း ရှင်းရအုံးမှာပဲ။ ခက်တာက ရေပိုက်နဲ့ ဖျော်ပစ်လို့ကလဲ မရဘူး။ အောက်ပိုင်းရေခဲက ကြာတော့ ကျောက်ဖြစ်နေပြီ။ ဆားခဲတွေနဲ့ ပက်ဖြူးပြီး တော်တော်ကြာ စောင့်နေမှ ပျော်မယ်။ ဒါပေမယ့် ပိုက်ဆံတတ်နိုင်ရင်တော့လဲ လူထိုင်ပြီး တက်မောင်းလို့ရတဲ့ နှင်းခုတ်စက်ကလေးတွေ အချိန်မရွေး ဝယ်လို့ရပါတယ်။ စစ်မြေပြင်မှာ ကတုတ်ကျင်းတူးသလို မြောင်းလိုက်တူးပြီး လမ်းလုပ်လို့ ရတာပေါ့။ ဒါပေမယ့် ပြဿနာက အဲသည်စက်ကလေးပေါ် ကျုပ်လူ တက်ထိုင်လို့ မရဘူး။ ကျိုးသွားမှာပေါ့။ အဲသည်တော့ သူလဲ ဆားတွေနဲ့ ပက်လိုက်၊ ဂေါ်ပြားနဲ့ကော်ပြီး ဘေးပုံလိုက်နဲ့ တနာရီသာသာလောက်တော့ ချွေးပြိုက်ပြိုက်ကျအောင် လုပ်ရတာပေါ့။ ကျုပ်မနက် အိပ်ရာက ထ၊ မျက်နှာသစ်၊ breakfast စားနေပြီဆိုရင် ကျုပ် ပြတင်းပေါက်က လှမ်းမြင်နေရတာပဲ။
အဲ ဆယ်ခါ့ရာမှ တခါ ... သူ ဂေါ်ထိုးနေတဲ့အခိုက်နဲ့... ရှေ့ကတ္တရာလမ်းမကို ဆိုင်ရာတွေက ကျွဲရိုင်းစက်ကြီးတွေ ကြိုးကြာ မြေကော်စက်ကြီးတွေနဲ့ လာရှင်းနေခိုက်... ကြုံကြိုက်လိုက်ရင်တော့ တချက် လှည့်လုပ်ပေးလိုက်ရင်ပဲ ကျုပ်လူ အများကြီး သက်သာသွားတာပေါ့။ ဒါပေမယ့် ဆိုင်ရာစည်ပင်က ယန္တရားတပ်ဖွဲ့တို့၊ မီးသတ်တပ်ဖွဲ့တို့၊ ပုဂ္ဂလိက စေတနာ့ဝန်ထမ်းပုဂ္ဂိုလ်တွေဆိုတာက အသွားအလာရှင်းတဲ့ သန်ကောင်ကျော် လင်းအားကြီးပိုင်းမှ လုပ်ကြတာ။ အေး ကျုပ်လူကလဲ မိုးမလင်းခင် ထလုပ်နေရင်တော့ ကြုံနိုင်တာပေါ့လေ။
ကျုပ်လူကလဲ ဘယ်မှာ ဘာလုပ်တယ်သာ မသိရတာ မဟုတ်ဘူး။ အလုပ်ချိန်တွေကလဲ မမှန်ဘူး။ တခါတလေ ကျုပ်က မီးဖိုခန်းထဲ မရောက်သေးဘူး။ သူ ထွက်တဲ့ ကားသံ ကြားရပြီ။ တခါတလေ ကျုပ်က ထမင်းစားပြီး လို့ tv ထိုင်ကြည့်နေပြီ။ အဲသည်တော့မှ သူ ပြန်လာတဲ့ ကားမီးရောင် ပြတင်းပေါက် လာထင်တာကို မြင်ရတယ်။ သေချာတာကတော့ နေ့တာတိုလို့လား မသိ။ ဆောင်းတွင်းဆိုရင်တော့ ညမှောင်မှ မီးထွန်းချိန်ရောက်မှချည့် သူ အိမ်ပြန်ရောက်တတ်တယ်။
အင်း အချိန်ပိုတွေသာ လုပ်နေရလို့ကတော့၊ တပတ်ကို အလုပ်ချိန် အနည်းဆုံး နာရီ ၆၀ ရှိနိုင်တယ်။ သူ့ ဥပဓိရုပ်အရ၊ သူ့ ဝတ်ပုံစားပုံအရ၊ သူတို့လို ကော်လာဖြူ လူတန်းစား၊ စပွဲထိုင် အလုပ်သမားတွေ ရကြလေ့ရှိတဲ့ အနည်းဆုံးနှုန်း တနာရီ ၁၄ ဒေါ်လာနဲ့ပဲ တွက်ကြည့်အုံး။ အခွန်အကောက် အမျိုးမျိုး နုတ်ပြီး၊ အာမခံကြေးငွေ၊ ကျန်းမာရေး အာမခံတွေ နုတ်ပြီး၊ တပတ်တွက်လုပ်ခ ဝင်ငွေ ၇၀၀ လောက်ရနိုင်တယ်။ တနှစ်ဝင်ငွေ ၃ သောင်း ၇ ထောင် ၈ ရာ ရှိနိုင်တယ်။
ဖြစ်နိုင်တယ်။ သည်ဝင် ငွေမျိုးနဲ့မို့ ကိုယ့်ခြံကိုယ့်ဝင်းနဲ့ ကားရုံတွဲရက်ပါတဲ့ တထပ်အိမ်ကလေးကို ငှားနေနိုင်တာပေါ့။ ကျုပ်နေတဲ့ အိမ်နဲ့ကတော့ ဘာမှမဆိုင်ဘူး။ ကျုပ်က နှစ်ထပ်အိမ်။ အိပ်ခန်းကလည်း သူ့လို နှစ်ခန်း မဟုတ်ဘူး။ တခန်းတည်း။ ကျုပ်က အပေါ်ထပ်မှာ နေတယ်။ အောက်ထပ်မှာက အငြိမ်းစား ကျောင်းဆရာ နေတယ်။ သူက သူ့အိမ်နောက်ဖေးမှာ ပါတီတွေဘာတွေ လုပ်ချင်ရင် လုပ်နိုင်တဲ့ မြေပိုကွက်လပ်နဲ့ မြက်ခင်းရှိတယ်။ ပိုင်ရှင်က တလတခါ မြက်ခင်းလာပြင်ပေးတယ်။ ကျုပ်အိမ် နောက်ဖေးမှာက နောက်ထပ် နှစ်ထပ်အိမ် ကလေးတလုံး ရှိတယ်။ တယောက်တည်းသမား လူငှားတွေချည့်ပဲ။ ဒါပေမယ့် ရပ်ကွက်က သန့်တော့၊ လူတွေကလဲ သန့်ကြပါတယ်။ ကျုပ်ကိုလဲ အဖိုးအို တစ်ယောက်တည်း စာရေးဆရာဆိုလို့ ငှားတာရယ်။
ကျုပ်တွက်ရင် လွဲခဲပါတယ်။ ကျုပ်လူရဲ့ အိမ်လခ က ၁၂၀၀ တဲ့။ နောက်တော့ သိရတယ်။ လျှပ်စစ်မီတာခတွေ၊ gas မီတာခတွေ၊ ရေမီတာခတွေ၊ အမှိုက်သိမ်းခတွေနဲ့ သူသုံးတဲ့ အိမ်တယ်လီဖုံးခ၊ cell ဖုံးခတွေ သပ္ပရနံပေါင်း လျှောက်ပေါင်းလိုက်ရင် ၁၇၀၀ လောက်တော့ ရှိမှာပေါ့။ ဘယ် ကျုပ်ရဲ့ အိမ်လခက ၇၀၀ ရယ်။
ဒါတောင်နော်... ကျုပ်တွက်တဲ့ အထဲမှာ သူ့ကိုယ်ပိုင် အသုံးစရိတ်တွေ၊ လူနဲ့ဝက်ရဲ့ စားစရိတ်နဲ့ သန့်ရှင်းရေး စရိတ်တွေ မပါသေးဘူး။ ကျုပ် အဖိုးအိုရဲ့ အသုံးစရိတ်က ဘာရှိမှာလဲ။ သည်အထဲ သက်ကြီးလျှော့ဈေး senior discount တွေက ရသေးတယ်။ အများကြီး ကွာတယ်။ စားကြတာချင်းကလဲ အများကြီး ကွာလိမ့်မယ်။ ကြည့်သာကြည့်တော့လေ။ ကျုပ်လူကသာ အဲသည်လို မတန်တဆ ဝနတာ မဟုတ်ဘူး။ သူ့ဝက်ကလဲ နွေရာသီရောက်လို့ နောက်ဖေးမြက်ခင်းမှာ ထွက်ဆော့ကြမှ သိရတယ်။ ဗိုက်က မြေကြီး ရှပ်တိုက်နေပြီ။
ဝက်ဆိုတဲ့ သတ္တဝါရဲ့ စရိုက်သဘာဝလဲ ကြားဖူးတယ် မဟုတ်လား။ စားခွက်ထဲမှာသာ အစာရှိနေလို့ကတော့ မနားပဲ မအိပ်ပဲ အစားနဲ့ပါးစပ် မပြတ်တမ်း စားနေ ဝါးနေတတ်တဲ့ အမျိုးလေ...။
ကျုပ်တို့ တိုင်းပြည်မှာတော့ သည်လို တနိုင်တပိုင် ဝက်မွေးတဲ့ လူတချို့ကို တွေ့ဖူးပါရဲ့။ အရပ်ထဲက အိမ်နီးနားချင်းတွေကို သောက်ရေ အိုးဟောင်းတွေ တအိမ်တအိုး လိုက်ပို့ထားပြီး၊ ထမရည်တို့ ထမင်းကျန်ဟင်းကျန်တို့ ဟင်းသီးဟင်းရွက်အမှိုက်တို့ကို စုထည့်ထားပေးဖို့ တောင်းတာပဲ။ ပြီးတော့ နီးရာဈေးတွေထဲသွား အမှိုက်ပုံမှာ ပစ်ထားသမျှ ဟင်းသီး ဟင်းရွက်တွေထဲက ကောင်းတာကလေးတွေ ရွေးယူ။ အဲဒါတွေ အားလုံးကို ရောမွှေ။ ဖွဲနုကလေး နည်းနည်း ထပ်ဖြူးပြီး သစ်သားဇလား ခွက်ထဲ ညနေတိုင်း ထည့်ကျွေးကြတာပဲ။ တနပ်ပဲ။ သူ့လို တကူးတက ဝက်ကို အစာမှာ ဝယ်ကျွေးတာမျိုး မတွေ့ဘူး။
အစာရောင်းတဲ့ ကုမ္ပဏီကလဲ အချိန်မှန်တယ်။ ကျုပ်တို့ဆီက နို့ကုလားတွေ နွားနို့ထည့်တဲ့ အလုံပိတ် ပုံးကြီးတွေနဲ့ ညနေ ၄ နာရီလောက်ဆို ရောက်လာပြီ။ ပြောင်လက် သန့်ရှင်းနေတဲ့ သွပ်ပုံး ကြီး ၂ လုံး သူ့တံခါးဝ လာချပြီး ပုံးဟောင်းတွေ သိမ်းသွားတာပဲ။ သည်နိုင်ငံမှာက ကျုပ်တို့ဆီမှာလို အပုပ်အသိုး အကျန်အကြွင်းတွေ ကျွေးလို့ကတော့၊ ပြီး မဝတဝ ကျွေးလို့ကတော့၊ ပြီး အိမ်ထဲမှာလဲ သန့်သန့်ရှင်းရှင်း မထားလို့ကတော့ ပြီး တိမွေးကု ဆရာဝန်နဲ့ ဆေးခန်းနဲ့ ပုံမှန်ဆေးစစ်လား ကာကွယ်ဆေးထိုးလား မလုပ်လို့ ကတော့... ဆေးစစ်ကြောင်း လက်မှတ်မပြနိုင်လို့ကတော့ အိမ်ရှင်ကလဲ လက်မခံဘူး။ ဆိုင်ရာတွေကလဲ တရားစွဲမယ်။ တိရစ္ဆာန်လဲ စောင့်ရှောက်ရေးဌာနက သိမ်းမယ်။ လူလဲ အချုပ်ခန်းထဲ ရောက်နိုင်တယ်။
သည်မှာက A S P C A ဆိုတဲ့ အမေရိကန် တိရစ္ဆာန် ညှဉ်းပန်းမှု ကာကွယ်ရေးလဲရှိသလို တိရစ္ဆာန်ထိန်းသိမ်းရေး animal control တို့၊ တိရစ္ဆာန်ကယ်ဆယ်ရေး animal resuue တို့ဆိုတဲ့ မူခင်း ရဲတပ်ဖွဲ့တွေလဲ ရှိတယ်။ ချစ်တယ်ဆိုပြီး ခွေးတို့ ကြောင်တို့ မွေးရတာတောင် မလွယ်ဘူး။ သူတို့ ရဲတပ်ဖွဲ့တွေကလဲ မှုခင်းရဲတို့လို လက်နက်ကိုင်တွေ ရဲကားတွေနဲ့ပဲ။ ကောင်းကောင်းဖမ်းတာ အရေးယူတာပေါ့။ ဗုဒ္ဓဘာသာ လာအိုဘုန်းကြီးကျောင်းမှာ ဘေးမဲ့လာလွှတ်တဲ့ ကြောင်မကြီးနဲ့ သားပေါက် ၄ ကောင်ကို သနားပြီး လက်ခံကျွေးမွေးထားလိုက်တာ... နောင် အတော်ကြာတော့ အကောင် ၄၀ လောက် ဖြစ်လာသတဲ့။ ဘုန်းကြီးကတော့ ကျုပ်တို့ ပြည်တွင်းမှာ မွေးသလို ကျွေးပဲထားလိုက်တာပေါ့။ အဲဒါကို တစုံတယောက်က လှမ်းတိုင်လိုက်တာ ဘုန်းကြီး အရေးယူခံရတယ်။ ကြောင်တွေလဲ သိမ်းသွားတယ်။ ရုံးကလဲ ဘုန်းကြီးကို ဒဏ်ရိုက်တယ်။ ပတ်ဝန်းကျင်ကို ရောဂါပြန့်ပွားစေတယ်... တဲ့။ တကောင်ကို ဒဏ်ငွေ နှစ်ရာတဲ့။ ဗုဒ္ဓဘာသာဝင် ဒကာဒကာမတွေက ဝင်းဆောင်လိုက်ရတာပေါ့။
ဒါပေမယ့် ကျုပ်ရဲ့ အိမ်နီးနားချင်း ပြိတ္တာကောင်လေးကတော့ အဲလိုမျိုး မဟုတ်ပါဘူး။ သူက သူ့ ဝက်ကို ညီအကိုလို သဘောထားတာပဲ။ ပြီးတော့ တတ်နိုင်တယ်။ အိမ်ထဲမှာ သူက တခန်း၊ သူ့ဝက်က တခန်း နေနေကြတာပဲ။ ညစဉ်ညတိုင်းလိုလိုလဲ သူတို့ ညီအကို ကျုပ်စာရေးရင်း လှမ်းမြင်နေရတဲ့ အိမ်ရှေ့ခန်းထဲမှာ ဘောလုံး ကစားတတ်ကြတယ်။ ဘောလုံးကတော့ tennis ကစားတဲ့ ဘောလုံး အရွယ်ပဲ။ တနာရီလောက်ကြာ ကစားကြပြီးမှ ရေချိုးကြ ထမင်းစားကြ ထင်ပါရဲ့။ ပြီး မီးမှိတ် အိပ်ကြတာပဲ။ လူကတော့ စားပြီး အိပ်မှာပေါ့။ ဝက်ကတော့ သိတယ် မဟုတ်လား။ တညလုံး တအွတ်အွတ် တရှူးရှူးနဲ့ စားနေသံ ကြားရတာပဲ။
ကြည့်ရတာတော့ နေ့ဘက် တနေကုန် ကျုပ်လူ အလုပ်သွားနေတုန်း အစာမကျွေးပဲ တံခါးပိတ်ထားခဲ့တယ် ထင်တယ်။ အစာပုံးတွေလဲ အပြင်ထုတ်ထားခဲ့ပြီလေ။ ပြီး သူပြန်လာမှ သူ့အတွက် စားစရာ လုပ်မယ်။ ဝက်စာခွက် ဆေးမယ်ပေါ့။ ကြာတော့လဲ သခင်ပြန်လာမှ... ကစားရမယ်။ ရေချိုး သန့်ရှင်းရမယ်၊ စားရမယ် ဆိုတဲ့ နေ့စဉ်အချိန်ဇယားကို သူ့ဝက် ကောင်းကောင်း သိပြီပေါ့။
အဲ... နှင်းပျောက်တဲ့ ရာသီရောက်ပြီဆိုရင်တော့ သူ့နောက်ဖေးဘက်က မြက်ခင်းပြင်မှာ ကြီးလတ်ငယ် ဘောလုံး ၃ လုံး လိမ့်နေကြတာ ကျုပ်မြင်ရပြီ။ ၂ ပေ လောက် ကျယ်ပြီး၊ ၁ ပေ လောက်မြင့်တဲ့ ဂိုးတိုင်ပေါက်ကလေးတွေ တဖက်တချက် နေရာချလို့။ လူကတော့ ခြေထောက်နဲ့ တို့ပြီး ကန်တာပေါ့။ ဝက်ကတော့ နှုတ်သီးနဲ့ ထိုးလိုက် ကလော်လိုက်ပေါ့။ သူ့ဖက် ကိုယ့်ဘက် ဂိုးပေါက်ထဲ ဝင်အောင် လုသွင်းကြတာပဲ။ ဘယ်လို ဘယ်လောက်ထိ လေ့ကျင့်ထားတယ်တော့ မသိဘူး။ ဝက်ကလဲ လည်လှပြီ။ ရယ်ရတာက သူ နှုတ်သီးနဲ့ ထိုးလိုက်လို့ ဂိုးပေါက်ထဲ ဘောလုံးဝင်သွားပြီဆိုရင် ဘောလုံးကို လှည့်မကြည့်တော့ပဲ ကွင်းလယ် ပြန်သွားသဗျ။ ပြီး ပျော်တဲ့ပုံနဲ့ မြက်ခင်းပေါ် လှဲချပြီး လူးတော့တာပဲ။ အာဂကောင်။ သူ နိုင်ပြီပေါ့လေ။ အဲသည်အခါကျရင် ကျုပ်လူက ဘာလဲ မသိဘူး။ သူ ဘောင်းဘီ ခါးရှုံ့အိတ်ထဲက အစာတုံးကလေးတွေ ဝက်ပါးစပ်ထဲ ခွံ့ကျွေးလိုက်တယ်။ ဆုလာဘ် သဘောမျိုးနေမှာပေါ့။
ပြောရအုံးမယ်။ သည်နိုင်ငံမှာက pet show လို့ ဆိုတဲ့ ကြောင်တွေ ခွေးတွေကို အမျိုးအစားအလိုက် အလှပြပွဲတို့ အလှပြိုင်ပွဲတို့လဲ ရှိတယ်။
ရေခဲသေတ္တာကိုဆွဲဖွင့်ပြီး အထဲက စားစရာကို ယူစားတတ်တဲ့ ခွေးသူခိုးတို့၊ ထောင်လှေကားကို တထစ်ချင်းတက်ပြီး ကြိုးတန်း လျှောက်ပြတတ်တဲ့ ကြောင်တို့၊ သစ်ပင်တွေပေါ်က ငှက်သိုက်တွေကို လိုက်ရှာပြီး ဥတွေကို ဖောက်စားတတ်တဲ့ ရှဥ့်ယုတ်မာတို့၊ သစ်ကြားသီးတို့ သစ်စေ့သီးတို့ကို ချီယူလာပြီး ဓာတ်ကြိုးပေါ်ကနေ လမ်းလယ်ကောင်ချ ကားက တက်ကျိတ်သွားမှ လမ်းပေါ်ဆင်း အထဲက အဆံကို စားတတ်တဲ့ ကျီးကန်းလည်တို့လို တိရစ္ဆာန်တွေကို video ရိုက်ထားပြီး ပြတဲ့ pet star နာမည် ပေးထားတဲ့ တိရစ္ဆာန်လိမ္မာ ပြပွဲတွေလဲ ရှိတယ်။
နောက် ဖျံက မတ်တတ်ရပ်ရက် လျှောက်လှမ်းရင်း ပင်ပေါင် ဘောလုံးကို အောက်မကျအောင် နှုတ်သီးနဲ့ ထိန်းသွားတာတို့၊ ဖြူနီဝါပြာ ပလပ်စတစ် ပန်းကန်ပြား ၄ ချပ်ထပ်ထားတဲ့အထဲက ပရိသတ်ကြိုက်ရာ တချပ်ကို အရောင်ပြောပြ ယူခိုင်းတာနဲ့ ရွေးယူလာနိုင်တဲ့ ခွေးတို့... မျိုးတွေကို ပြတဲ့ပြိုင်တဲ့ pet athlete အားကစား တိရစ္ဆာန်ပွဲတွေလဲ ရှိတယ်။
ပြီး k9 တို့လို လေ့ကျင့်ထားတဲ့ ရဲခွေး စစ်ခွေးတွေလဲ မဟုတ်ပဲ မြေကြီးထဲအောင်းနေတဲ့ ကြွက်ကို အနံ့ခံပြီး မြေကြီးရက်ထုတ် ဖမ်းနိုင်တဲ့ ခွေးတို့လို...အိမ်ထဲ ဝင်လာပြီး လျှောက်ပျံနေတဲ့ စာကလေးကို ကြမ်းပြင်ပေါ်ကနေ ချိန်ပြီး ခုန်ဖမ်းနိုင်တဲ့ ကြောင်တို့လို အိမ်မွေးတိရစ္ဆာန်တွေ ကိုလဲ pet cap ဆိုပြီး ပြိုင်ပွဲ ပြပွဲတွေ လုပ်တယ်။
သည်နိုင်ငံမှာက တိရစ္ဆာန် ချစ်တတ်ကြတဲ့ လူတွေကလဲများ၊ မွေးကြတဲ့ လူတွေကလဲ သန်းပေါင်းများစွာ ရှိကြတော့... ပြည်နယ်တိုင်းမှာ မြို့ကြီးပြကြီးတိုင်းမှာ... သည်လိုပြပွဲ ပြိုင်ပွဲတွေက ကြုံရင် ကြုံသလို လုပ်နေကြတာပဲ။
ကျုပ်လူကလဲ မဆိုးဘူး။ ကျုပ်တို့ မြို့ကနေ ကားနဲ့ ၉ နာရီလောက် မောင်းရတဲ့ TL ပြည်နယ်က chicago ကို... သူနဲ့ သူ့ဝက် သွားပြိုင်ပွဲဝင်သတဲ့လေ...။ ကျုပ်လူက ဂိုးသွင်းလိုက်တော့၊ ကျုပ်လူက မြေလူးပြီး၊ ဝက်က လှည့်မကြည့်ဘူး... တဲ့။ အဲ ... ဝက်က ဂိုးပြန်သွင်းလိုက်တော့ ဝက်က မြေလူးသတဲ့။ ဒါ ဘာဆန်းသလဲ မပြောနဲ့။ ပရိသတ်က အဲဒါကို သိပ်သဘောကျကြပြီး... နောက်ဆုံး ပရိသတ်က မဲပေးလိုက်ကြတာပဲ။ ဒါနဲ့ ကျုပ်လူ ညီအကိုလဲ ပထမဆုတဲ့။ ဒေါ်လာ နှစ်သောင်း ခွဲရလာကြတယ်။
မသိပါဘူး။ နောက်တပတ် တနင်္ဂနွေကျတော့ အိမ်နီးနားချင်းတွေကို ဖိတ်ပြီး သူ့ အိမ်နောက်ဖေးက မြက်ခင်းမှာ ဧည့်ခံတယ်။ ကြီးကြီးကျယ်ကျယ် ကျွေးတာမွေးတာ မဟုတ်ပါဘူး။ beer နဲ့ အသားစုံ barbecue ပါပဲ။ အရပ်နဲ့လဲ မိတ်ဆက် ကြွားတာပေါ့လေ။ သူ့နာမည်က bob တဲ့။ သူ့ ဝက်မကြီးရဲ့ နာမည်ကတော့ barbara တဲ့။
မောင်သာရ
(ရွှေအမြုတေ မဂ္ဂဇင်း၊စက်တင်ဘာလ ၂၀၁၂)
အိုနာသခေရီးအစသို့ ကိုးရကျတာ..
2 months ago
No comments:
Post a Comment