Friday, November 11, 2011

ဘူစတာ (ဘိုကြည်)

“သမီးရေ ... ငှက်ဆိုတာ ဟိုး လွတ်လပ်တဲ့ ကောင်းကင်ပြင်ကြီးမှာ လွတ်လွတ်လပ်လပ် ပျံသန်းခွင့်ရှိတယ်။ ပျံသန်းနိုင်တဲ့စွမ်းရည်လည်း ရှိကြတယ်သမီးရဲ့။ ဒါကြောင့် ပျံနိုင်အောင် ကြိုးစားပါ သမီးရေ။ သမီး ပျံသန်းနိုင်အောင် အဖေတို့ ဝိုင်းကြိုးစားပေးကြမယ် ...”

၁၉၉၈ ခုနှစ်၊ နွေဦးပေါက် တရက်၊ သာယာဝတီထောင်ရဲ့ တိုက် ၃၊ အခန်းနံပါတ် ၅ မှာ ဟောဒီ မေတ္တာဇာတ်လမ်းလေး စခဲ့တယ်။ အဲဒီအချိန်က ကျနော့်အခန်းမှာ ကျနော်ရယ်၊ ဟန်ဝင်းအောင်ရယ်၊ ဝတုတ် (ခ) ခင်မောင်ဦးရယ် ၃ ယောက် နေထိုင်ကြပါတယ်။ တနေ့မှာ ဟန်ဝင်းအောင်က အပျံသင်ခါစ ခိုလေးတကောင် မပျံနိုင်ဘဲ ပြုတ်ကျလာလို့ ကောက်လာတယ်။ အဲဒီခိုလေးမှာ ဝဲတွေပေါက်နေတယ်။ တကိုယ်လုံး အဖုလေးတွေနဲ့ပေါ့။

ဟန်ဝင်းအောင်က ခိုလေးကို အခန်းထဲမှာမွေးဖို့ အတူနေ ကျနော်တို့ကို ညှိတယ်။ အတောင် မဖြတ်ရဘူး။ ပျံနိုင်တဲ့အချိန်ကျရင် ပျံခွင့်ပေးရမယ်ဆိုတဲ့ ကျနော့်ညှိနှိုင်းချက်ကို သူလည်း သဘောတူတာနဲ့ ကျနော်တို့ ခိုကလေးကို မွေးဖြစ်သွားကြတယ်။ အဲဒီအချိန်တုန်းက ခိုလေးကို အထီးလား၊ အမလား ကျနော်တို့ မခွဲခြားနိုင်ကြပါဘူး။ ဒါပေမယ့် နာမည်ရှိဖို့တော့လိုတယ်ဆိုပြီး နာမည် စဉ်းစားကြတယ်။ နောက်ဆုံး ကျနော် အဆိုပြုတဲ့ ‘ဘူစတာ’ ဆိုတဲ့ နာမည်လေးကို သဘောတူလိုက်ကြတယ်။ ကျနော်က အဲဒီနာမည်လေးကို ထောင်မကျခင်က အိမ်တွေမှာ အမြဲသုံးနေတဲ့ လျှပ်စစ်မီးအား တိုးမြှင့်တဲ့ စက်ကလေးကို အစွဲပြုပြီး ပေးလိုက်တာပါ။ တဖက်က အဓိပ္ပာယ်ကလည်း ကျနော်တို့ အထီးကျန်နေတဲ့အချိန်မှာ ကျနော်တို့ကို ကြည်နူးမှုလေးတချို့ ပေးစွမ်းနိုင်တယ်ဆိုတဲ့ အဓိပ္ပာယ်လေးပေါ့။

ဒီလိုနဲ့ ခိုလေးရောက်လာပြီး အစပိုင်းရက်တွေမှာ ကျနော်တို့လည်း သူ့ကို အရိပ်တကြည့်ကြည့်နဲ့ပေါ့။ အစာလေးတွေ ခွံ့ကျွေးကြ၊ ရေတိုက်ကြ။ အနာတွေကို ဆေးလိမ်းပေးကြနဲ့ ကြည်နူးနေကြပါတယ်။ ခိုလေးကို တိရစ္ဆာန်လို့တောင် သဘောမထားဘဲ ကိုယ့်သားသမီးလိုကို ချစ်နေကြတာပါ။ ရက်အနည်းငယ်အတွင်းမှာပဲ ခိုကလေးလည်း အတော် ကျန်းမာလာတယ်။ ကျနော်တို့ရဲ့ ကြည်နူးမှုတွေမှာလည်း အပျော်တွေ ထပ်တိုးလာတယ်။ သူ ဗိုက်ဆာရင် ကျနော်တို့ကို ပွတ်သီးပွတ်သတ်လေးလုပ်။ ကျနော်တို့က လက်ဖဝါးပေါ်ကို ကုလားပဲစေ့လေး တင်ထား၊ သူက လက်ပေါ်ကို ခုန်တက်ပြီး အစာစား။ သိပ်ပျော်စရာကောင်းတဲ့ အချိန်လေးတွေပါ။ အဲဒီအချိန်မှာတော့ ကျနော်တို့လည်း သူ့ကို သမီးလေးမှန်း ခွဲနိုင်ခဲ့ပါပြီ။

ဒီလိုနဲ့ သမီးလေးအရွယ်ရောက်လာတဲ့အခါမှာတော့ ကျနော်တို့လည်း မိဘဝတ္တရား ကျေပါ့မလား။ ထမင်းဟင်း ကျွေးထားရုံနဲ့ လုံလောက်ပါ့မလားဆိုတာမျိုး ပူရ ပင်ရတာတွေ ရှိလာပါပြီ။ သူ့ကိုယ်သူ ရပ်တည်နိုင်အောင် ဘယ်လို ပြုစုပျိုးထောင်မလဲ။ သူ့ အမျိုးအဆွေတွေကိုသိအောင် ဘယ်လိုလုပ်ပေးရမလဲ။ အကယ်၍များ ငါတို့ ထောင်ပြောင်းကြရရင် ဘယ်လိုလုပ်ရပါ့မလဲ စသည်ဖြင့် ကျနော်တို့ ၃ ယောက်သား ခေါင်းချင်းရိုက် တိုင်ပင်မိကြတယ်။

သူ့ကို သဘာဝအကြောင်းသိအောင် သင်ပေးရမယ်။ သူ့ဆွေမျိုးတွေနဲ့ သူ့အသိုင်းအဝိုင်းကို သူသိအောင် သူ့ အသိုင်းအဝိုင်းက သူ့ကို ပြန်လက်ခံအောင်ကြိုးစားရမယ်။ သူ့ဖာသာသူ အစာရှာ စားတတ်အောင် လေ့ကျင့်ပေးရမယ်။ အဲဒါမှ သူ့ကိုချစ်ရာရောက်မယ်။ ငါတို့လူသားတွေကို သူ့ရဲ့ဆွေမျိုးရယ်လို့ ထင်ယောင်နေတဲ့ အမြင်မှားကို ချေဖျက်ပေးရမယ်လို့ ကျနော်တို့ ဆွေးနွေးဖြစ်ခဲ့ကြတယ်။

“သမီးရေ သမီးဟာ ငှက်လေးတကောင် ဖြစ်တယ်။ ခိုမျိုးနွယ်စုလေးပေါ့။ ငှက်ဆိုတာ ဟိုး လွတ်လပ်တဲ့ ကောင်းကင်ပြင်ကြီးမှာ လွတ်လွတ်လပ်လပ် ပျံသန်းခွင့်ရှိတယ်။ ပျံသန်းနိုင်တဲ့စွမ်းရည်လည်း ရှိကြတယ်သမီးရဲ့။ ဒါကြောင့် ပျံနိုင်အောင် ကြိုးစားပါ သမီးရေ။ သမီး ပျံသန်းနိုင်အောင် အဖေတို့ ဝိုင်းကြိုးစားပေးကြမယ်”

သူ နားလည်မှာ မဟုတ်မှန်းသိပေမယ့် ကျနော်က အဲဒီလို တတွတ်တွတ် ဆက်ကာ ဆက်ကာ ပြောနေမိတယ်။

‘ဖေဖေ့ဆီမှာလည်း အဖေနဲ့ အမေ ဆိုတာရှိတယ် သမီးရဲ့။ ဖေဖေရဲ့ အဖေနဲ့ အမေတို့က အဖေ့ကိုသိပ်ချစ်ကြတာပေါ့။ ဒါပေမယ့် မတရားတဲ့ အာဏာရှင်တွေက အဖေသိပ်ချစ်တဲ့ မိဘတွေရဲ့ရင်ခွင်ထဲကနေ အဖေ့ကို အတင်းလုယူလာကြပြီး ဒီလှောင်အိမ်ထဲမှာ ထားထားကြတယ်။ ဒါပေမယ့်သမီးရယ် အဖေကတော့ သမီးကို ဒီလှောင်အိမ်ထဲမှာ မထားနိုင်ဘူး။ သမီးကို အဖေတို့နားမှာ အမြဲရှိနေစေချင်ပါတယ်၊ ဒါပေမယ့် သမီး အဖေတို့နဲ့ မနေရဘူး။ ဟိုး လွတ်လပ်တဲ့ ကောင်းကင်ကြီးထဲမှာ သမီးမြူးတူးခုန်ပေါက်ပြီး ကခုန်နေတာကိုပဲ အဖေ မြင်ချင်တယ်။

“ခင်ဗျားကသာ ဒီလိုပြောနေတာ သူ့ကို လောကကြီးအကြောင်းသိအောင် ဘယ်လိုသင်ပေးမှာလဲ” ဝတုတ်က ကျနော် ပြောနေတာတွေကို နားထောင်ရင်း ထမေးပါတယ်။

ဒါကလွယ်တော့ မလွယ်ဘူး။ ဒါပေမယ့်ကြိုးစားလို့ ရပါတယ်။ အရင်းအနှီးလိုတယ်။ အချိန်လိုတယ်။ လုပ်ပိုင်ခွင့်လိုတယ်လို့ ကျနော် ပြန်ဖြေလိုက်တယ်။ နောက်တနေ့မှာ ကျနော်ကစပြီး အဆိုပြုတယ်။

“ဟန်ဝင်းအောင်ရေ … ငါတို့ဆီမှာရှိနေတဲ့ ကုလားပဲ လက်နှစ်ဆုပ်စာကို ရှေ့က ကွက်လပ်ထဲမှာ ကြဲထားလိုက်။ မင်း အဲဒါကို နေ့တိုင်းလုပ်ပေးပါ။ ပြီးတော့ သမီးကို လက်ထဲမှာ အစာမကျွေးနဲ့တော့။ အောက်မှာ ချကျွေးချေတော့”

‘မစားရင် ဘယ်လိုလုပ်မလဲလို့’ ဝတုတ်က မေးပြန်ပါတယ်။ “မလိုပါဘူး။ သူ ဆာရင် စားလိမ့်မယ်”

ဒီလိုနဲ့ ရက်အနည်းငယ်အတွင်းမှာပဲ သူဟာ အစာကို အောက်ကနေ ကောက်စားတတ်တဲ့အကျင့် ရသွားပါတယ်။ အဲဒီကမှ နောက်တဆင့် တက်ရပါတယ်။

“သူ့ကို အခန်းထဲမှာ အစာမကျွေးနဲ့တော့ဗျာ၊ ကျနော်တို့ အခန်းရှေ့မှာ ချကျွေးမယ်”

ကျနော်တို့က ကုလားပဲစေ့တွေကို ကျနော်တို့ရှေ့ စိုက်ခင်းထဲကို ကြဲချထားလိုက်တော့ အခြားခိုတွေလာပြီး ကျနော်တို့ကြဲထားတဲ့ ကုလားပဲတွေကို လာပြီး စားသောက်နေကြတာပေါ့။

“သမီးရေ ဟိုမှာတွေ့လား။ အဲဒါ သမီးရဲ့ခိုမျိုးနွယ်စုတွေပေါ့။ အဲဒီထဲမှာ သမီးရဲ့ အဖေ အမေ၊ မောင်နှမတွေ ရှိကြတယ်။ သွားပြီး မိတ်ဆက်ချည်။ ဆွေမျိုးတွေကို ရှာချည်ပါ သမီးရယ် … ဒါမှ သမီးဟာ ကိုယ့်ရဲ့ မျိုးရိုးဗီဇကို သိမှာပေါ့။ ကိုယ့်ရဲ့မိဘဆွေမျိုးကိုသိမှာပေါ့ ကလေးရဲ့” ကျနော်က တတွတ်တွတ် ရေရွတ်ပြောပြနေပေမယ့် သူ မသွားပါ။

ဆက်လက်ဖော်ပြပါမယ်။


 

No comments: