Saturday, February 19, 2011

ခင်မောင်ရင်ကို မီရဲ့လား (မိုးချိုသင်း)

တနေ့က အဖေ ကက်ဆက်ခွေတွေ ငှားလာသည်။ အမှတ်တမဲ့ကြည့်မိတော့ ခင်မောင်ရင်၏ သီချင်းများ။ အမှန်ပြောရလျှင် သိပ်စိတ်မဝင်စားမိပါ။ ဖွင့်ပြီး နားမထောင်မိပါ။ အဖေ နားထောင်ဖို့ ငှားလာတာပဲလို့ ထင်မိပါသည်။ မနေ့ကတော့ ကျွန်မ ဇော်ဝင်းထွဋ် သီချင်းများ နားထောင်နေတုန်း ကျွန်မအနား အဖေရောက်လာသည်။ “ခင်မောင်ရင် သီချင်းတွေ နားထောင် ကြည့်ရအောင်” ဆို၍ ဖွင့်လက်စကိုပိတ်ကာ ခင်မောင်ရင်ကို ဖွင့်ပေးလိုက်ရ၏။

မောင်မောင်ကြီး၏ ဆိုသံက ပျံ့လွင့်လာသည်။ “အင်းကို ဟင်္သာဆင်းမည်။ ဆင်းရင်လေးနဲ့ ခွင်းမည်။ ထိုမုဆိုးကို ထီးရိုးရိုက်သည်။ ထီးရိုးကို မိုးကြိုးပစ်မတဲ့ စာရှိပါသည်။ ၁၃၀၀ ပြည့်မှ စ၍ မြန်မာပြည်သည် လိုတာရနိုင်မည်” တဲ့။ “စကြာ သိုက်သီချင်း”၊ ကျွန်မက ထိုအပိုဒ်လေးကို စိတ်ထဲမှာ ကြားဖူးသလိုပဲဟု ထင်မိ၏။ အဓိပ္ပာယ်ကို နားမလည်၍ အဖေ့ကို ရှင်းပြခိုင်းတော့ အဖေက အသေအချာ ရှင်းပြသည်။ ဒီသီချင်းသည် အင်္ဂလိပ်လက်ထက် အင်္ဂလိပ် အာဏာပိုင်တွေ အကြီးအကျယ် စိတ်ဆိုးပြီး ပိတ်ပစ်ခဲ့ရသည့် သီချင်းပါလား။ အဖေရှင်းပြမှ သီချင်းအရသာ ပိုပီပြင်လာသည်။


အဖေက စည်းချက်လိုက်တော့ ကျွန်မက တိုးတိုးလေးလိုက်ဆိုမိ၏။ နှစ်ယောက်စလုံး သဘောကျကာ ထပ်ခါတလဲလဲ ဖွင့်နေမိ၏။ အဖေကတော့ သီချင်းသံကြားမှာ ကျွန်မအား “သမီးက ဇော်ဝင်းထွဋ် နားထောင်တယ်၊ အဖေက ဇော်ဝင်းထွဋ်ရဲ့အဘိုး ရွှေတိုင်ညွန့် ရေးတဲ့ သီချင်းတွေ နားထောင်တယ်” ဟု လှမ်းပြောနေသေး၏။

ခေတ်ဆိုတာ သိပ်မြန်တာပဲဟု ကျွန်မ တွေးနေမိ၏။ ခင်မောင်ရင်ကိုတော့ ဗိုလ်အောင်ဒင် ကြည့်ပြီးကတည်းက သူ့အပြော၊ သူ့အရယ်တွေကို သဘောကျနေခဲ့တာပဲဖြစ်သည်။ သူ့ သီချင်းကိုတော့ အမြဲတစေ နားမထောင်ခဲ့ဖူးပါ။ ကွက်ကျား ကွက်ကျားတော့ နားထောင်ဖူးသည်။ ငယ်ငယ်က အဖေနဲ့ တက္ကသိုလ်အနုပညာအသင်း အဆိုအက အတီးပြိုင်ပွဲ လိုက်သွားစဉ်က လူရွှင်တော် တောသားကြီးကို ကျွန်မ အလွန်ပဲ သဘောကျမိပါသည်။

နောက် မြန်မာ့ရုပ်မြင်သံကြားမှာ “သူဇာ” ဇာတ်ကားလာတော့ “နတ်သမီးလေးတွေ တဖက် လေးငါးရာ” နှင့် တခြားသီချင်းများ နားထောင်ဖူးပါသည်။ သည်လို နားထောင်ပြီးတိုင်း ခင်မောင်ရင်က အဆိုရော၊ အမူအရာပါ အလွန်ပိုင်တဲ့ မင်းသားကောင်း တလက်ပဲဟု စိတ်ထဲ မှတ်ချက်ချမိ၏။ နောက်တခါ အဖေ အမြဲဆိုနေတတ်တဲ့ ဘိုးဘိုးအောင် သီချင်းတို့၊ ကျော်ကြားလှတဲ့ နဂါးနီတို့ကတော့ ကျွန်မ ကိုယ်တိုင်ပဲ လိုက်ဆိုတတ်နေပါပြီ။ နဂါးနီ သီချင်းဆို နေရာအနှံ့အပြားမှာ ကြားရတတ်၏။

ဒီသီချင်းသည် ကျွန်မတို့ အတွက် စိမ်းမနေပါ။ ထီဆိုင်တွေမှာလည်း ဖွင့်ကြသည်။ ကျွန်မကတော့ ထိုသီချင်းသံကြားတိုင်း အမျိုးအမည် မသိတဲ့ စိတ်လှုပ်ရှားမှုမျိုး အမြဲဖြစ်တတ်၏။ တခါလည်း မဟုတ်၊ နှစ်ခါလည်း မဟုတ်။ ဒါပေမယ့် ခင်မောင်ရင်ကို ကျွန်မသိတာ ဒီလောက်ပဲ ဖြစ်ပါသည်။ ဒီလောက်နဲ့တင်ပဲ ခင်မောင်ရင်ကို ကျွန်မ စွဲငြိလှပြီ။ ကျွန်မစိတ်ထဲမှာ ခမ်းနားလှပြီ။ အမေကတော့ ကျွန်မကို ခင်မောင်ရင်နှင့် ပတ်သက်သော ဇာတ်လမ်းတပုဒ် ပြောပြဖူး၏။ ပုံပြင်မဟုတ်ပါ။ တကယ့်အဖြစ်အပျက် ဖြစ်၏။ ဒါပေမယ့် ကိုယ်တွေ့ မဟုတ်ပါ။ တဆင့်ပြောသော ဇာတ်လမ်းဖြစ်၏။

ဟိုးအရင်က ရွာတစ်ရွာမှာ ခင်မောင်ရင်ကို အလွန်စွဲသော လူကြီးတစ်ယောက် ရှိသည်တဲ့။ စွဲလိုက်သမှ ခင်မောင်ရင်မှ ခင်မောင်ရင်၊ ခင်မောင်ရင် ဆိုသည့် သီချင်းမှန်သမျှ သူ ရသည်။ ခင်မောင်ရင်နှင့် တူအောင်လည်း အတော့်ကို ပင်ပန်းတကြီး ကြိုးစားကျင့်ယူသည်တဲ့။ တခါတခါ မာဖလာလေး လည်ပင်းပတ်ပြီးလည်း နေတတ်သည်။ အုန်းဆီကို ရွှဲနေအောင်လိမ်းပြီး ဆံပင်ကိုပြောင်နေအောင် လှန်ဖြီးကာ မျက်နှာ ခပ်မော့မော့နှင့် ခင်မောင်ရင် စတိုင်လည်း ဖမ်းတတ်သေး၏။

သူက ခင်မောင်ရင် အသည်းစွဲလေ။ သူများတွေက ခင်မောင်ရင် ခေတ်ပြီးလို့ တွံတေးသိန်းတန်တို့၊ ဇော်ဝမ်းတို့ခေတ်တွေ ရောက်ကုန်ပြီ။ သူ မမှုပါ။ သူ နားမလည် သဘောမပေါက်ပါ။ အမြဲတစေ ခင်မောင်ရင် ခေတ်လို့ပဲ ထင်နေရှာသည်။ အစွဲအလမ်းကလည်း ခပ်ကြီးကြီး မဟုတ်လား။ သူ့ကို တရွာလုံးက ခင်မောင်ရင်နှင့်ပတ်သက်၍ စိတ်ကုန်ကြ၏။ စိတ်ပျက်ကြ၏။ သူနှင့် ဝေးဝေးရှောင်ကြရ၏။

သူနှင့် စကားဝိုင်းတ၀ိုင်းထဲမှာ ထိုင်ပြီး ဘယ်သူမှ မငြင်းရဲပေ။ မငြင်းချင်ပေ။ သူများတွေက

“တွံတေးသိန်းတန် သိပ်ကောင်းတာပဲဗျာ။ ဘယ်လို အဆိုပိုင်တာ” လို့ သူ့ရှေ့မှာ ပြောမိရင် သူက ...

“ဟုတ်ပါပြီ။ မင်းတို့ တွံတေးသိန်းတန် ကောင်းတာ လက်ခံပါပြီ။ ဒါပေမယ့် ငါ မေးပါရစေ။ ဦးခင်မောင်ရင်ကို မီရဲ့လား” ဟု အမြဲ မေးတတ်၏။

ဒါဆို သူနဲ့ ပြိုင်မငြင်းချင် သူတွေက သူ့အကြောင်းသိနေသူတွေက “မမီပါဘူး မမီပါဘူး” ဟု ပြန်ပြောမှ ကျေနပ် သဘောကျနေတတ်သည် တဲ့။

တခါကလည်း (ထိုခေတ်က ဇော်ဝမ်း ရေပန်းစားနေချိန် ဖြစ်သည်) လူတယောက်က သူ့ရှေ့မှာ
“ဇော်ဝမ်းတို့များ ဆိုတတ်လိုက်တာ”ဟု သွားပြောမိရာ …

“ဆိုတတ်တာကတော့ ဟုတ်ပါပြီ။ ဒါပေမယ့် ငါ မေးလိုက်ရဦးမယ်။ ခင်မောင်ရင်ကို မီရဲ့လား” ဟု မေးတော့သည်။

မခံချင်စိတ်ရှိသူက …

“သူ့ခေတ်နဲ့ သူပေါ့ဗျာ” ဟု ပြောကြည့်ပါလား။

သူနှင့် ငြင်းမဆုံးနိုင်တော့။ စကားစ မပြတ်နိုင်တော့။ “ခင်မောင်ရင်ကို မီရဲ့လား” ဟူသော စကားသံသည်သာ ထိုစကားဝိုင်းတွင် ပေါက်ကွဲလျက်ရှိတော့သည်။ ကျယ်လောင်လျက် ကျန်ရစ်တော့သည်။ ထိုအခါ အထွန့်တက်သူ ဂြိုဟ်ဆိုးဝင်တော့၏။ မီးခိုးကြွက်လျှောက် တသီတတန်းကြီး ဒုက္ခရောက်တော့၏။ နောက်ဆုံးမှာတော့ ကိုယ်ကပင် မှန်နေစေဦးတော့ အရှုံးပေးရကာ“အေးဗျာ ခင်မောင်ရင်ကိုတော့ ဘယ်မီမလဲ” ဟု ပြောမှ စကားဝိုင်း သိမ်း၏။ ငြင်းခန်းရပ်၏။ ထိုအခါမှသာ ငြိမ်းချမ်းရေး ရတော့၏။

သူ့ကိုတော့ တရွာလုံးက ကျိတ်ရယ်ကြ၏။ “ခင်မောင်ရင်နဲ့ပတ်သက်လို့တော့ တခွန်းမှ သွားမဟလေနဲ့” ဟု တိတ်တိတ် ကျိတ် သတိပေးကြ၏။ စကားစပ်မိလို့ ခင်မောင်ရင်အကြောင်း ရောက်သွားပါကလည်း အချင်းချင်းလက်တို့ကာ စကားဝိုင်းမှ မသိမသာ ခွာကြ၏။ အကြောင်းအမျိုးမျိုးပြ၍ သုတ်ခြေတင်ကြ၏။

သူသည် ခေတ်ကိုလည်း မမြင်တော့ပေ။ ခေတ်ရေစီးကြောင်း၏ အားမာန်ကို လျစ်လျူရှုကာ နောက်ကျနေပြီဖြစ်တဲ့ ခေတ်မမီတော့ပြီဖြစ်တဲ့ သံသရာထဲမှာ ကုတ်ကပ် တွယ်ရစ်လျက် ကျန်ရစ်ခဲ့လေ၏။ ဘယ်လို အကြောင်းပြချက်ကိုမှ လက်မခံတော့ဘဲ စိတ်၏ အစွဲအလမ်း နောက်ကို တကောက်ကောက် လိုက်ပါနေကာ ဘယ်အရာမဆို ခင်မောင်ရင် ပေတံနှင့်ချည်း တိုင်းထွာနေတော့၏။ ရယ်လည်း ရယ်ရ၊ အတော်လည်း ကသိကအောက်နိုင်လှသောကိစ္စပင် ဖြစ်သည်။

ကျွန်မလည်း ထိုလူကြီးအကြောင်းတွေးရင်း အခုလို တိုးတက်ခေတ်မီလှသော ဟဲဗီးရော့ခ်တို့၊ ရော့အင်ရိုးတို့ ခေတ်စားနေသော ခေတ်ကြီးထဲတွင် “ခင်မောင်ရင်ကို မီရဲ့လား” ဟု ထိုလူကြီး လာမေးနေမှာ စိုးကြောက်မိပါတော့၏။ လူကြီးမင်းများရှင် … မိမိသဘောကျ နှစ်ခြိုက်သူများကို တိုးတိုးတိတ်တိတ်သာ ကောင်းချီးပေးကြရန် ကျွန်မ မေတ္တာရပ်ခံပါရစေ။

မိုးချိုသင်း
ပေဖူးလွှာ မဂ္ဂဇင်း
၁၉၉၀ အောက်တိုဘာလ

ပေဖူးလွှာ၏ မှတ်ချက်

အချို့သော သူတို့သည် မိမိတို့ ဖြတ်သန်းခဲ့သော အတိတ်ကာလတခုဆီမှ အစွဲအလမ်းများကို မလွှတ်စတမ်း ဆုပ်ကိုင်ဖက်တွယ်ထားရင်းမှ ရေစီးကြောင်းတခု၏ အပြောင်းအလဲနှင့် အရှိန်အဟုန်ကို မျက်ကွယ်ပြုလေ့ရှိပါသည်။ လိုက်ပါစီးဆင်းခြင်းမပြုနိုင်တော့ဘဲ “ရေမျောကမ်းတင်” ဖြစ်လေ့ရှိပါသည်။ လွန်ခဲ့သော အနှစ် ၂၀ ကျော်က ဝတ္ထုကောင်းတပုဒ်သည် ခေတ်တိုင်းခေတ်တိုင်း၌ ရှိတတ်စမြဲဖြစ်သော အစွဲသန်သူတို့ကို ဖော်ညွှန်းနိုင်ဆဲရှိသည်ဟု ယူဆရ၍ ဤကဏ္ဍတွင် ပြန်လည်ပုံနှိပ်ဖော်ပြရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပါသည်။
ပေဖူးလွှာ

ပေဖူးလွှာ မဂ္ဂဇင်း၊ ဖေဖော်ဝါရီလ ၂၀၁၁ မှ ပြန်လည်ကူးယူ ဖော်ပြပါတယ်။

No comments: