Saturday, December 24, 2011

ကိုယ်စား ... ရေးလိုက်တဲ့ကဗျာ (ကမာပုလဲ)

သံစို့နဲ့ အရိုက်ခံကာ
လက်ဝါးကပ်တိုင်နဲ့
ဆူးခက်သရဖူကို ... ဆုအဖြစ်
လက်မခံရဲခဲ့ရင်
ကမ္ဘာလောကကို ချစ်တယ်လို့
ပြောဖို့ မကြိုးစားပါနဲ့ ...
သင့်ကိုသင် လိမ်ညာနေတဲ့ ပြစ်မှုကို
သင့်လိပ်ပြာက
ကြေကြေကွဲကွဲ ရယ်မောနေလိမ့်မယ် ...။

အညံ့ခံမှုမှာ
ထွေထွေထူးထူး
သင်ကြားနေဖို့ မလိုပါဘူး ...
နောက်ကျောထိုးမယ့် ဓားတစင်းကို
သင်ကိုယ်တိုင်
စိတ်လိုလက်ရ
အားကိုးတကြီး သွေးပေးနေခဲ့မယ်ဆိုရင် ...။


ဘုရားသခင်ထံမှာ
အကောင်းဆုံးကို ဆုတောင်းနေလို့ရတယ်
သင့်ရဲ့ ကြောက်စိတ်နဲ့ တာဝန်မဲ့မှုကိုတော့
ဘုရားသခင်ရဲ့ ပခုံးပေါ်
တင်ပေးလိုက်လို့ ရမှာမဟုတ်ဘူး ...။

တကယ်တော့
ဘဝဟာ ... ရိုးရိုးကလေးပါ
နာကျင်ခံစားရမှာကို ကြောက်နေခဲ့ရင်
မေတ္တာတရားကို စိုက်ပျိုးဖို့ မကြိုးစားနဲ့
ခေတ်ရဲ့
အစစ်အမှန် ဆာလောင်မှုတွေက
သင့်ကို
တိုက်စား မြှုပ်နှံသွားလိမ့်မယ် ...။

သက်ဝင် ယုံကြည် ခံစားတတ်ပါစ
မြေကမ္ဘာပေါ်
ချစ်ခြင်း မေတ္တာတရားတို့ ကျရောက်မလာမီ
လူ့သမိုင်းဟာ
မျက်ရည်နဲ့ အတိပြီးခဲ့တယ် ...။ ။

ကမာပုလဲ
၂၄၊ ၁၂၊ ၂၀၁၁။

ဝန်ခံချက်။ ။ မနက်ဖြန် ခရစ်စမတ်နေ့အတွက် သည်ကဗျာကို ရေးဖြစ်တယ် ...။


 

No comments: