မြန်မာ့ လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်း (၁၉၀၀၊ ၁၉၄၈) နှစ် ၅၀ အတွင်းမှာ ပေါ်တွက်လာတဲ့ ရှေ့တန်းရောက် ခေါင်းဆောင်များကို စာရင်းချကြည့်ရင် လူ ၅၀ ထက် မပိုနိုင်ပါဘူး။ (၁၉၄၈၊ ၁၉၈၈) နှစ်လေးဆယ်အတွင်း ပေါ်ထွက်တာတဲ့ နိုးကြားတဲ့ လူမှုအစုများရဲ့ ကိန်းဂဏန်းဟာလည်း အကန့်အသတ်ရှိမှာ သေချာပါတယ်။
နှစ် ၂၀ နှင့် နှစ် ၄၀
အလားတူပါပဲ (၁၉၈၈/၂၀၁၁) ခုနှစ်နှစ်ပေါင်း ၂၀ ကျော်အတွင်း ပေါ်ထွက်လာတဲ့ နိုးကြားတဲ့လူမှုအစုဟာ ဖြစ်တည်စုစည်းစ ဖြစ်စဉ်ထဲမှာပဲ ရှိနေဆဲလို့ မှတ်ယူကြရမှာပါ။ ၁၉၄၈ ကနေ ၁၉၈၈ နှစ်လေးဆယ်အတွင်းက မြန်မာ့နိုင်ငံရေးလမ်းကြောင်းဟာ ဥပဒေတွင်းနဲ့ ဥပဒေပ (violence and Non-Violence Mean) လမ်းကြောင်း ၂ ကြောင်းနဲ့ ဖြစ်ပေါ်ခဲ့တာပါ။ ၁၉၈၈ ခုနှစ်ကနေ၊ ဒီကနေ့အထိကတော့ အခြေခံအားဖြင့် by non-violence mean နဲ့ ဖြစ်ပေါ်နေတယ်လို့ ဆိုနိုင်ပါတယ်။ အချို့အစုအဖွဲ့များဟာ violence mean လမ်းကြောင်းပေါ်မှာရှိနေဆဲ ဖြစ်ပါတယ်။
ဆိုရှယ်လစ်ကနေ ဂငယ်ကွေ့
ဒုတိယ ကမ္ဘာစစ်ကြီးပြီးစမှာဖြစ်ထွန်းလာတဲ့ဆိုရှယ်လစ်စနစ် လမ်းကြောင်းဟာ ၁၉၉၀ ခုနှစ်အတွင်းမှာ ဂငယ်ကွေ့ကွေ့ သွားခဲ့ပါတယ်။ ကမ္ဘာကြီးဟာ ၁၈၄၈ ခုနှစ် သမိုင်းလမ်းကြောင်းပေါ်ပြန်တက်လာခဲ့ပါတယ်။ လစ်ဘရယ် ဒီမိုကရေစီဟာ ရွေးချယ်ရမယ့် သမိုင်းလမ်းကြောင်း ဖြစ်လာခဲ့ပါတယ်။ မြန်မာ့လူအဖွဲ့အစည်းစဟာ ၁၉၄၈ ခုနှစ်ကနေ ၁၉၆၂ ခုနှစ်အထိ၊ (အခြေခံအားဖြင့်) ပါတီစုံ ဒီမိုကရေစီစနစ်လမ်းကြောင်းပေါ်မှာ ရှိခဲ့ပါတယ်။ ၁၉၆၂ ခုနှစ်ကနေ၊ ဒီကနေ့အထိ၊ ပါတီ စုံဒီမိုကရေစီစနစ်လမ်းကြောင်းနဲ့ Autho-ritarinism လမ်းကြောင်း အားပြိုင်ခဲ့ရပါတယ်။
ခေတ်သစ် အရင်းရှင်စနစ်
ဒီကနေ့ခေတ် ကမ္ဘာကြီးဟာ ခေတ်သစ် အရင်းရှင်စနစ်ကြီးစိုးတဲ့ ကမ္ဘာကြီး ဖြစ်ပါတယ်။ နီယိုကွန်လက်သစ် တဦးဖြစ်တဲ့ တီအယ်လ်ဖရိုက်မင်းက Globalization=Capitalization=Marketization=Democratization=Americanization ပဲလို့ ပြောင်ပြောင်ပဲ ပြောပါတယ်။ အမေရိကန်ပုံစံ အရင်းရှင်စနစ်ဟာကမ္ဘာကြီးက လိုက်ရမယ့် အရင်းရှင်စနစ်ပုံစံပဲလို့ ဆိုချင် တာပါ။ အမေရိကန်ဟာအမေရိကန်ပုံစံ အရင်းရှင်စနစ်ကို အီရတ်မှာ တင်ပို့ပြီးပါပြီ အာဖဂန်နစ္စတန်မှာ တင်ပို့ဆဲ ဖြစ်ပါတယ်။ လစ်ဗျားမှာတော့ နေတိုးတပ်ဖွဲ့များက အုတ်မြစ်ချပေးခဲ့ပါပြီ။
ရေနံ နိုင်ငံများ
အာရပ်ကမ္ဘာက ပင်လယ်ကွေ့နိုင်ငံများကတော့ အမေရိကန်လိုသမျှ ရေနံထုတ်ပေးနေလို့ (အဲဒီဒေသက) မူလာကြီးများရဲ့ခေတ်သစ်ပဒေသရာဇ်ပုံစံ အုပ်စိုးမှုကို သမိုင်အမွေအဖြစ် ထိန်းသိမ်းထားဟန်တူပါတယ်။ အာရပ်နွေဦး နိုးထမှုဟာ ဧကရာဇ်ကမ္ဘာ့စနစ်နဲ့ ဗဟုရာဇ် ကမ္ဘာစနစ်များအကြားက ဂလိုဘယ် ပဋိပက္ခကို မွေးထုတ်ပေးခဲ့ပါတယ်။ နှစ်ဖက် အကျိုးရှိရေး အခြေခံပေါ်မှာ ပူးပေါင်းဆောင်ရွက်ကြဆိုတာဟာ ကမ္ဘာပေါ်က တီအင်န်စီကြီးများရဲ့ Global Call ပါပဲ။ Global Call ဟာ ၁၉ ရာစုအလယ်ပိုင်းက တရုတ်ပြည်မှာ ဖြစ်ပေါ်ခဲ့တဲ့ တရုတ်ဖရဲသီးခွဲစိတ်ခြင်း ဆိုတဲ့ တင်စားချက်ကို အမှတ်ရစရာပါပဲ။
ဂျပန် တံခါးဖွင့်
မျက်မှောက်ခေတ်ဟာ ၁၆၄၈ ခုနှစ်နှစ်သုံးဆယ် စစ်ပွဲအပြီးမှာ ကမ္ဘာ့နိုင်ငံများအကြား ချုပ်ဆိုခဲ့ကြတဲ့ ဝက်စ်ဖားလီယန်စာ ချုပ်ပါ Westphalian Doctrine ဖြစ်တဲ့ အမျိုးသားလွတ်လပ်မှုနဲ့ အချုပ်အခြာအာဏာပိုင်မှုဆိုတာကို ချိုးဖျက်ပစ်တာ ဖြစ် ပါတယ်။ ပိုဆိုးတာက Global Economic Call နဲ့ Military Call ကို ချိတ်ဆက်ထားတာပဲ ဖြစ်ပါတယ်။ ဂျပန်နိုင်ငံကိုနှစ် ပေါင်း ၂၀၀ တံခါးပိတ်ပြီးနေခဲ့တဲ့ ဒိုဂန်များရဲ့ အုပ်စိုးမှုကိုအမေရိကန် ရေတပ်နဲ့ ဖိအားပေးပြီးတံခါးဖွင့်ခိုင်းခဲ့တာပါ။ ဂျပန်က ကံကောင်းပြီး ခေတ်မီနိုင်ငံကြီး ဖြစ်သွားတယ်။
မင်းတုန်း-ကနောင်
မြန်မာများရဲ့ မင်းတုန်း-ကနောင် ပြုပြင်ပြောင်းလဲရေး ကြိုးပမ်းမှုဟာ အင်္ဂလိပ်မြန်မာ တတိယစစ်ပွဲအတွင်း မြန်မာတွေ စစ်ရှုံးခဲ့ရတာကြောင့် ပျက်စီးသွားပြီးနှစ်ပေါင်း ၁၂၁ နှစ်တိုင်တိုင် ကျွန်ဖြစ်ခဲ့ကြပါတယ်။ မိမိတို့ မြန်မာ့လူ့အဖွဲ့အစည်းရဲ့ ပထမ မြန်မာ့နိုင်ငံရေး မျိုးဆက်များရဲ့ ကြိုးပမ်းအားထုတ်မှုကြောင့် လွတ်လပ်ရေးရခဲ့တာ နှစ်ပေါင်း ၆၃ နှစ်ရှိခဲ့ပါပြီ။ လူတယောက် ကောင်းကောင်းကြီး ရင့်ကျက်သင့်တဲ့ အချိန်ကာလပဲ ဖြစ်ပါတယ်။
အိမ်နီးချင်းများ
မိမိတို့ထက် တနှစ်စောပြီးလွတ်လပ်လာကြတဲ့ အိန္ဒိယနဲ့ ပါကစ္စတန်နိုင်ငံတို့ဟာ ခေတ်မီတဲ့ အဏုမြူလက်နက်ပိုင် နိုင်ငံတွေ ဖြစ်နေပါပြီ။ မိမိတို့ထက် တနှစ်နောက်ကျပြီး လွတ်လပ်ရေးရခဲ့တဲ့ တရုတ်ပြည်ဟာ အခု ဒုတိယ ကမ္ဘာ့စီးပွားရေး အင် အားကြီး နိုင်ငံကြီးတနိုင်ငံ ဖြစ်နေပါပြီ။ ချန်ကေရှိတ် လက်ထက်မှာ ဆန်ပြုတ်တောင် ဝအောင်မသောက်ကြရတဲ့ တရုတ်ပြည်ဟာ အခု အမေရိကန်ကြွေးရှင် ဖြစ်နေပါပြီ။
မြန်မာနိုင်ငံရဲ့ အနာဂတ်ဟာ အခုအခါမှာ Critrcal point တခုကိုရောက်နေပါပြီ။ ရေမြွှာ ပေါက်နေပါပြီ။
လူမှုဘဝက တောင်းဆိုရမယ်
လူတစုံတယောက် အနေနဲ့ (ပစ္စက္ခခေတ်မှာ) နိုင်ငံရေးသမားဖြစ်ချင်တယ်ဆိုရင် ကိုယ့်လူမှုဘဝက ကိုယ်နိုင်ငံရေးလုပ်ဖို့ တောင်းဆိုမှုရှိရမယ်လို့ မိမိ မိတ်ဆက်ဖော်ပြခဲ့ပါတယ်။ နိုင်ငံရေးလုပ်ဖို့ ကိုယ့်လူမှုဘဝက တောင်းဆိုရမယ်။ ကိုယ့် လူ့အဖွဲ့အစည်းရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဘဝကလည်း တောင်းဆိုရပါမယ်။ ကိုလိုနီခေတ်က ကျွန်ဘဝက လွတ်မြောက်ဖို့ နိုင်ငံရေးလုပ်ကြရတာ။ ဂျပန်ခေတ်က ဂျပန်ဖက်ဆစ်စနစ်ကို ရွံမုန်းလို့ လုပ်ကြတာ၊ ၁၉၆၂ ကနေ ဒီကနေ့အထိကတော့၊ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေး ရချင်၊ ပြည့်စုံချင်လို့ လုပ်ရကြရတာပါ။
ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး
လွတ်လပ်ရေးခေတ်ဦးမှာ လူဖြစ်ပြီးအရွယ်ရောက်လာကြတဲ့ မိမိတို့မျိုးဆက်များ နိုင်ငံရေးနယ်ထဲ ရောက်ခဲ့ကြတာကတော့ ပြည်တွင်းငြိမ်းချေမ်းရေးနဲ့ ဒီမိုကရေစီရေးတို့ကြောင့် လုပ်ခဲ့ကြတာပါ။ (ပမညတ) လို၊ လက်ဝဲနိုင်ငံရေး အင်အားစုကြီးများရဲ့ စည်းရုံးလှုံ့ဆော်မှုကြောင့် ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး၊ ဆိုရှယ်လစ်ရေးဆိုတာတို့ကို ယုံကြည်လာခဲ့ကြတာပါ။ အထူးသဖြင့် Intelligentsia က နိုးနိုးကြားကြားရှိတော့ လွတ်လပ်မှု၊ တန်းတူမှု၊ အမြင်သဘောထား ထုတ်ဖော်ခွင့် မရှိမှုတို့ကို မကျေနပ်ကြပါဘူး။ ဖဆပလ အစိုးရခေတ် မင်းလှ လေးလောင်းပြိုင်နိုင်ငံရေး လူသတ်မှု၊ ဆီတောင်အိုင် (မြိတ်) အစုအပြုံလိုက် လူသတ်မှု၊ မပို (မြိတ်) နဲ့ ဦးအောင်သာ (တောင်သာအမတ်) သတ်မှု၊ သတင်းထောက် ကိုသာနိုး (အင်းစိန်) သတ်မှုများဟာ ၄၇ ခုနှစ်ဖွဲ့စည်းပုံ အခြေခံပါ လူ့အခွင့်အရေးများကို ပြောင်ချိုးဖောက်တာ ဖြစ်ပါတယ်။
၁၉၅၉ ခုနှစ်၊ ပထမ ကိုကိုးကျွန်းမှာ ကျောင်းသားခေါင်းဆောင် ၂၀ ကျော်၊ ၁၉၆၈ ခုနှစ် ဒုတိယ ကိုကိုးကျွန်းမှာ ကျောင်းသားခေါင်းဆောင် ၄၀ ကျော် ပါဝင်အကျဉ်းကျခံကြရပါတယ်။ ဇူလိုင် ၇ ရက်နဲ့အလားတူ ဖြစ်ရပ်များကို နိုးကြားတဲ့ လူထုများ၊ ပညာတတ်များက လက်မခံနိုင်ကြတာကြောင့် နိုင်ငံရေးနယ်ထဲ ရောက်လာကြတာ ဖြစ်ပါတယ်။ ဒီလိုအခြေအနေများရဲ့ လှုပ်နှိုးမှုကြောင့်သာ လူမှုရေး အင်အားစုတချို့ဟာ အထွေထွေနိုင်ငံရေး လမ်းကြောင်းပေါ် တက်လာကြပြီး နိုင်ငံရေးသမားများ ဖြစ်မှန်းမသိ ဖြစ်လာခဲ့ကြတာပါ။ မုဆိုးကို စိုင်က သင်တာပါ။ ရေကူးတတ်ချင်ရင် ရေထဲဆင်းရမှာသာ ဖြစ်ပါတယ်။ ဘယ်လို ဒဿနမျိုးကမှ မိုးပေါ်ကကျလာတာ မဟုတ်ပါဘူး။ လူတယောက် တွေ့ကြုံဖြစ်သန်းရတဲ့ သူ့လူမှုလက်တွေ့များကသာ သူ့အတွက် လူမှုဒဿနတမျိုးမျိုးကို ပေးအပ်၊ တွေ့ကြုံစေမှာသာ ဖြစ်ပါတယ်။
အောင်သာ (ပီသုံးလုံး)
ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ ၂ ၊ အမှတ် ၇၂ မှ …
No comments:
Post a Comment