Sunday, December 25, 2011

ပေါက္ခရဝသ ဒီမိုကရေစီ (လူထုစိန်ဝင်း)

"တာဝန်ကျေအောင် ကြိုးစားရင်း ထောင်ထဲလည်း ရောက်ခဲ့တယ်။ ကိုကိုးကျွန်းလည်း ရောက်ခဲ့တယ်။ ဝမ်းမနည်းပါဘူး။ နောင်တလည်း မရပါဘူး။ ကိုယ့်အလုပ် ကိုယ်လုပ်တာပဲ။ သူတို့လည်း သူတို့အလုပ် သူတို့လုပ်ပြီး ထောင်ထဲပို့တာပဲလို့ သဘောထားလိုက်ပါတယ်။ ငြိုးတာ တေးတာတွေလည်း မရှိပါဘူး ..."

လွတ်လပ်တဲ့ပုဂ္ဂလိက စာနယ်ဇင်းတွေပေါ်ထွက်လာတာ ဆယ်စုနှစ်တစ်ခုသာသာပဲရှိသေးတာကြောင့် သိပ်ပြီး အသားမကျလှသေးဘူး။ လူငယ်တွေအနေနဲ့ မုဆိုးစိုင်သင်၊ စမ်းတဝါးဝါးလုပ်နေရလို့ ချွတ်ချော် တိမ်းစောင်းတာတွေ ရှိသေးတယ်။ အထူးသဖြင့် လူထုစိတ်ဝင်စားတဲ့သတင်း(Public interest) နဲ့ သည်းခြေခိုက်(Seusa-tional)သတင်း မခွဲခြားနိုင်လို့ အဝါရောင်သမ်းသွားတတ်တယ်။

ဒူးပေါ်ပေါင်ပေါ်ကိစ္စတွေ

ဂျာနယ်တွေ ပေါ်ထွက်လာကတည်းက စာတွေအဆက်မပြတ် ရေးလာခဲ့တယ်။ အဲဒီထဲမှာ စာနယ်ဇင်းကျင့်ဝတ်နဲ့ဆိုင်တဲ့ စာတွေအများဆုံး ရေးဖြစ်တယ်။ စာနယ်ဇင်းမဏ္ဍိုင် ခြစားပြီး ယိုင်နဲ့မသွားစေချင်တာကြောင့်ပါ။ နိုင်ငံ့ဝန်ကိုထမ်းထားတဲ့ မဏ္ဍိုင်ကြီးလေးခုမှာ ဘယ်တစ်ခုက ခြစား ခြစား နိုင်ငံဆိုတဲ့အိမ်ကြီး ယိုင်နဲ့သွားမှာဖြစ်တယ်။ ကိုယ့်တာ ကိုယ်လုံအောင်ကာတဲ့အနေနဲ့ ကျင့်ဝတ်နီတိတွေအကြောင်း အဓိကထားပြီး ရေးနေတာပါ။ ကြီးကျယ်တဲ့ ကိစ္စကြီးတွေမှ မဟုတ်ပါဘူး။ ဒူးပေါ်ပေါင် ပေါ်ကိစ္စတွေ ရင်ရှားဝတ်တာတွေ၊ ကံစမ်းမဲနှိုက်တာတွေမျိုးတွေက အစ ရေးပါတယ်။ ရေးလွန်းအားကြီးလို့ နေရာတကာ ဝင်ပါနေတာပဲလို့တောင် ပြောသူတွေက ပြောကြတယ်။

လူငယ်တွေက ရင်ဖွင့်ကြ

တချို့လူငယ် သတင်းသမားလေးတွေကတော့ “အဘရယ် ကျွန်တော်တို့ဘက်ကလည်း ရေးပေးပါဦး” ဆိုပြီး သူတို့ကြုံတွေ့ရတဲ့ အခက်အခဲတွေကို ရင်ဖွင့်ကြတယ်။ သတင်းတစ်ပုဒ် အတည်ပြုချက်ရချင်လို့ ဌာနဆိုင်ရာတွေ သွားတဲ့အခါ ဝင်ခွင့်ရဖို့တောင် မလွယ်တဲ့အကြောင်း၊ ဝင်ခွင့်ရပြန်တော့လည်း တာဝန်ရှိသူကို တွေ့ခွင့်မရတဲ့အကြောင်း၊ တွေ့ခွင့်မေးခွင့်ရလို့ပြောတဲ့ အတိုင်းရေးလိုက်ပြီးခါမှ မပြောပါဘူး။ မဟုတ်ပါဘူးလို့ ဗြောင်ငြင်းတဲ့အတွက် အချောင်တရားခံဖြစ်ရတဲ့အကြောင်း စတဲ့ စတဲ့ အကြောင်းတွေ မနည်းပါဘူး။

ဝန်မျှထမ်းရင် ပေါ့တယ်

သူတို့ပြောတဲ့ အဲဒီအကြောင်းတွေလည်း ရေးခဲ့ပါတယ်။ တစ်နှစ်လုံးပိတ်ထားရတဲ့ စက်ရုံလို လူကြီးလာမှ ဖုန်ခါပြီး လည်ပြသလို ဗြောင်လိမ်တာမျိုးတွေ ရပ်တန်းက ရပ်သင့်ပြီဖြစ်ကြောင်း ရေးခဲ့ပါတယ်။ ဒီမိုကရေစီရဲ့ အနှစ်သာရဖြစ်တဲ့ လွတ်လပ်စွာပြောဆိုခွင့်ဆိုတဲ့အချက်ဟာ ဝန်ထမ်းများအပါအဝင် လူတိုင်းနဲ့အကျုံးဝင်တာကြောင့် သူ့ကဏ္ဍနဲ့သူ တာဝန်ရှိသူများကို ပြောဆိုပိုင်ခွင့်ပေးထားတယ်ဆိုရင် တော်ရုံတန်ရုံကိစ္စများကို သတင်းစာရှင်းလင်းပွဲကြီးများတောင် လုပ်ဖို့မလိုတော့တဲ့အကြောင်းလည်း ရေးခဲ့ပါတယ်။ ဝန်ဆိုတာ မျှပြီးထမ်းရင် ပေါ့ပါတယ်။ တစ်ယောက်တည်း အားလုံးထမ်းထားရင် ဝန်ပိပြီး အလုပ်မတွင်ပါဘူး။

ဘဝင်မကျချင်ဘူး

နှစ်ပေါင်းငါးဆယ်လုံးလုံး တစ်မိန့်တစ်အာဏာနဲ့အုပ်ချုပ်တဲ့ စနစ်ကြီးအောက်မှာနေခဲ့ရတာဆိုတော့ ဒီမိုကရေစီ လုပ်နည်းလုပ်ဟန်တွေနဲ့ ဘယ်သူမှ အသားမကျကြသေးဘူး။ ဘယ်ကိစ္စမဆို အသေးအဖွဲ့လေးကအစ အထက်ကို မော့ကြည့်နေကြတယ်။ အထက်ကခိုင်းမှ လုပ်တယ်။ မခိုင်းရင် မလုပ်ဘူး။ ကြာလာတော့ အထက်ကလူတွေလည်း မျက်စိဒေါက်ထောက်ကြည့်ပြီး နေရာတကာ ဝင်ပါရတဲ့အဖြစ်ကို ရောက်သွားတယ်။ အခုတလော ကြားနေဖတ်နေရတာတွေကို တယ်ပြီး ဘဝင်မကျချင်ဘူး။ မြစ်ဆုံရေကာတာစီမံကိန်း ရပ်ဆိုင်းတယ်ဆိုတုန်းကလည်း အမိန့်အရ၊ ဝန်ကြီးများရုံးကို ဟိုတယ်ဖွင့်ဖို့ ပုဂ္ဂလိကငှားမယ့် ကိစ္စဖျက်လိုက်တော့လည်း အမိန့်အရ၊ မီတာခတွေကို ချက်ချင်းကြီး ကျပ် ၅၀ မကောက်သေးဘူး။ ကျပ် ၃၅ ပဲ ကောက်ဦးမယ်ဆိုတာလည်း ညွှန်ကြားချက်အရ နေရာတကာ အမိန့်ရမှဆိုတာချည်း ဖြစ်နေတာတွေ့ရတယ်။

အမိန့်မရရင် ဘာမှမလုပ်

ဌာနတိုင်း၊ ဌာနတိုင်းက ဘယ်ကိစ္စမဆို အမိန့်အရ လုပ်တယ်ဆိုတော့ အမိန့်မရရင် ဘာမှမလုပ်ဘူးဆိုတဲ့သဘော သက်ရောက်နေတယ်။ ဆိုင်ရာတွေအနေနဲ့ တာဝန်ယူမှုမရှိသလိုလည်း ဖြစ်နေတယ်။ ဒီလိုမဖြစ်ရလေအောင် သတင်းမီဒီယာတွေက ရေးသင့်တာတွေ ရေး၊ ထောက်ပြသင့်တာတွေ ထောက်ပြနေကြတာ ဖြစ်တယ်။ တကယ်တော့ သတင်းသမားတွေလည်း ရပ်ကွက်ထဲက ပန်းခြံနဲ့ ကလေးကစားကွင်းတွေထဲမှာ ကန်ထရိုက်တိုက်ဆောက်တဲ့ကိစ္စ၊ ဘောလုံးကွင်းတွေကို ရောင်းစားတဲ့ကိစ္စ၊ ဘီအိုတီစနစ်နဲ့ ခုံးကျော်တံတားဆောက်မယ့်ကိစ္စဆိုတဲ့ အသေးအဖွဲ့ကိစ္စမျိုးတွေကို ရေးမနေချင်ပါဘူး။ ဟီလာရီကလင်တန်နဲ့ သမ္မတကြီးတွေ့တဲ့ကိစ္စ၊ ထိုင်းဝန်ကြီးချုပ် ယင်လတ်နဲ့ ဒေါ်အောင်ဆန်းစုကြည်တွေ့တဲ့ကိစ္စ၊ ကေအိုင်အေနဲ့ အစိုးရကိုယ်စားလှယ် အဖွဲ့တွေ့တဲ့ကိစ္စ၊ ဗီယက်နမ်ဝန်ကြီးချုပ် နေပြည်တော် ရောက်လာတဲ့ကိစ္စစတဲ့ သတင်းကြီးတွေကိုသာ ရေးချင်ကြပါတယ်။

ကြာတောမှာ ရွာတဲ့မိုး

ဒါပေမယ့် လက်တွေ့အခြေအနေက ဒီမိုကရေစီဟာ ကြာတောမှာရွာတဲ့ ပေါက္ခရဝသမိုးလို စွတ်လိုတဲ့သူကိုသာ စွတ်နေသလို ဖြစ်နေတယ်။ ကွက်ကျားမိုးနဲ့ ဝေးလို့ခြောက်သယောင်းနေတာတွေအတွက် ဘယ်သူမှ တာဝန် မယူကြဘူး။ တာဝန်ယူမယ့်သူသိအောင်တောင် ပြောမပေးကြဘူး။ အဲဒါလောက် ခေါင်းရှောင်ကြတာ။ သတင်းသမားတွေက သတင်းသမားတာဝန်ကျေဖို့အတွက် ရေးပြ ထောက်ပြ ဝင်လုပ်ကြရတာဖြစ်တယ်။ အဲဒီအတွက် အမုန်းခံရ၊ အငြိုးအတေးခံရ၊ ဖိအားတွေ အပေးခံရတာတွေကလွဲပြီး ဘာကိုယ်ကျိုးစီးပွားမှ မပါပါဘူး။

ကော်ပုံးဆွဲ၊ လှေကားထမ်း

အမုန်းခံ၊ အငြိုးအတေးခံပြီး ဘာကြောင့်စာတွေ ရေးနေသလဲလို့မေးရင် ကိုယ့်တာဝန်ကျေချင်လို့ပါလို့ပဲ ဖြေရလိမ့်မယ်။ ဝါသနာအလျောက် သတင်းသမားအလုပ်ကို လုပ်တော့သတင်းတွေ၊ ဝေဖန်သုံးသပ်ချက်တွေ၊ ဆောင်းပါးတွေ ရေးရပါတယ်။ မရေးချင်လည်း ရေးရပါတယ်။ ဒါမှ သတင်းသမားတာဝန်ကျေမှာကိုး။ လူရယ်လို့ဖြစ်လာရင် ရောက်တဲ့နေရာမှာ ကျတဲ့တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ဖို့လိုတယ်လို့ ယူဆပါတယ်။ ကျောင်းသားဘဝတုန်းက ကျောင်းသားတာဝန် ကျေပွန်ခဲ့တယ်။ ကော်ပုံးဆွဲ၊ လှေကားထမ်း၊ ပိုစတာကပ် လုပ်စရာရှိသမျှ အားလုံး လုပ်ခဲ့တယ်။ ကျောင်းသားဘဝကနေ သတင်းစာလောကရောက်တော့လည်း တာဝန်ကျေအောင် ကြိုးစားခဲ့တယ်။

နောင်တမရပါဘူး

တာဝန်ကျေအောင် ကြိုးစားရင်း ထောင်ထဲလည်း ရောက်ခဲ့တယ်။ ကိုကိုးကျွန်းလည်း ရောက်ခဲ့တယ်။ ဝမ်းမနည်းပါဘူး။ နောင်တလည်း မရပါဘူး။ ကိုယ့်အလုပ် ကိုယ်လုပ်တာပဲ။ သူတို့လည်း သူတို့အလုပ် သူတို့လုပ်ပြီး ထောင်ထဲပို့တာပဲလို့ သဘောထားလိုက်ပါတယ်။ ငြိုးတာ တေးတာတွေလည်း မရှိပါဘူး။ အခုလည်း သတင်းသမားအလုပ် လုပ်နေမြဲဖြစ်တာကြောင့် ရေးစရာရှိတာရေး၊ ထောက်ပြသင့်တာ ထောက်ပြလုပ်နေရပါတယ်။ ဘယ်သူ့အပေါ်မှာမှ မလိုမုန်းထားစိတ် မရှိပါဘူး။

ကျောက်စာတိုင်ကြီးလို

ချစ်သူကိုသာစေ၊ မုန်းသူကိုနာစေ မရှိစေရဘူးဆိုတာ သတင်းသမားတိုင်း လိုက်နာကျင့်သုံးရတဲ့ အခြေခံအကျဆုံး ကျင့်ဝတ်တစ်ပါး ဖြစ်ပါတယ်။ သတင်းသမားဆိုတာ ဘယ်သူ့မျက်နှာမှ မကြည့်ပါဘူး။ ပြည်သူလူထုရဲ့ မျက်နှာတစ်ခုတည်းကိုသာ ကြည့်ပါတယ်။ ခြောက်လို့လည်း မကြောက်ရပါဘူး။ မြှောက်လို့လည်း မမြောက်ရပါဘူး။ ကျောက်စာတိုင်ကြီးလို ဖြောင့်မတ်တည်ကြည်ရပါတယ်။ အခါခပ်သိမ်း ပြည်သူ့အကျိုးစီးပွားကို ကာကွယ် စောင့်ရှောက်ရပါမယ်။ ရေးစရာရှိရင် ရေးရပါမယ်။ ထောက်ပြစရာရှိရင် ထောက်ပြရပါမယ်။ ဒါဟာ သတင်းမီဒီယာတို့ရဲ့ အလုပ်ပဲဖြစ်တယ်။

Eleven Media Group မှ ပြန်လည်ကူးယူ ဖော်ပြပါတယ်။ 


No comments: