အသက်က ငါးဆယ်ထဲ ဝင်ခဲ့ပြီ
အရပ်က ပိုရှည်မလာတော့ဘူး
သံသရာက
ခံနိုင်ရည်ထက် ပိုနေတယ် ...။
လမ်းတွေက ကွေ့ကွေ့ကောက်ကောက်
(ကိုယ့်အတ္တ အတွက် ကိုယ်မကွေ့တတ်ခဲ့ဘူး)
အမြင့်မို့
တက်ရရင်လည်း အူလျားဖားလျား
အဆင်းမို့
သက်ရရင်လည်း ဒလိမ့်ခေါက်ကွေး ...။
ခုတလော
စိတ်တွေ လေးလေးလံလံ ဖြစ်နေတယ်
မကြီးမငယ်ကြီးနဲ့
ချစ်တဲ့အကြောင်းတွေ ခဏခဏ ပြော
ဒီအရွယ်ကြီး ရောက်ခါမှ
အသည်းကလည်း အထပ်ထပ်ကွဲ
အဲဒီလို အသည်းကွဲတိုင်းလည်း
သူ့ခမျာ ငိုလို့မဆုံးပြန်ဘူး။
သူ ငိုတယ်
မိခင်ပျောက်
ကလေးများကို တွေ့တဲ့အခါ ...
သူ ငိုတယ်
သစ္စာမဲ့သူတွေရဲ့ လက်ထဲ
သေလုမျောပါး ဖြစ်နေရရှာတဲ့
အနာဂတ်တွေဘက်က ကိုယ်တိုင်ခံစားရတဲ့အခါ ...
သူ ငိုတယ်
မျက်နှာပြောင်တိုက်နေတဲ့
ငြိမ်းချမ်းရေး အတုကို
အိမ်ဦးခန်းတွေမှာ
အခန့်သား တွေ့နေရတဲ့အခါ ...
သူ ငိုတယ်
ခေတ်ပျက်မာနတွေအောက်မှာ
ကိုယ့်ကိုယ်ကိုယ် ပျောက်ဆုံးနေတဲ့
လူ့ဂုဏ်သိက္ခာကို တွေ့တဲ့အခါ ...။
သူ ငိုတယ်
သူ ငိုတယ်
သူ ငိုနေပါတယ်
နောက် တရက်၊ နှစ်ရက်ဆို
နှစ်သစ်တဲ့
မျက်ရည် အသစ် အသစ်တွေနဲ့
သူ့အတွက်ပါ ငိုရဦးမှာလား
ပြောကို ... မတတ်တော့ပါဘူး။
ဘာပဲဖြစ်ဖြစ်
ခုတလောမှာ
အသက်တွေပေးပြီး ချစ်ခဲ့တဲ့
ဘဝတွေပေးပြီး ချစ်မြဲချစ်နေတဲ့
ငယ်ချစ်တွေကို ...
သိပ်ကို သတိရရ နေမိတယ်။ ။
ကမာပုလဲ
၂၉၊ ၁၂၊ ၂၀၁၁။
အိုနာသခေရီးအစသို့ ကိုးရကျတာ..
2 months ago
No comments:
Post a Comment