‘နိုင်ငံရေးသမား ဖြစ်ချင်တယ်ဆိုရင်’ ဆိုတဲ့စာစုမှာ မိမိဖြတ်သန်းခဲ့ရတဲ့ စာတွေနဲ့ လက်တွေ့ အတွေ့အကြုံများအရ ‘နိုင်ငံရေးသမား တယောက်ဖြစ်ချင်တယ်’ ဆိုရင် လိုအပ်တဲ့ အချက် ၅ ချက် ရှိကြောင်း၊ အကျဉ်းချုပ် မိတ်ဆက်ပေးခဲ့ပါတယ်။ အချက် ၅ ချက်က …
၁။ ကိုယ့် ပုဂ္ဂိုလ်ဘဝ ကိုယ်တိုင်က နိုင်ငံရေးလုပ်ဖို့ တောင်းဆိုမှုရှိရမယ်။
၂။ ခေတ်ပြိုင်ခေတ်နဲ့ လိုက်လျောညီထွေဖြစ်တဲ့ နိုင်ငံရေး အိုင်ဒီယိုလိုဂျီတခုကို ယုံကြည်ကိုင်စွဲရပါမယ်။
၃။ နိုင်ငံရေဆိုတာ အစုအစည်း အသင်းအပင်းနဲ့ ပူးပေါင်းဆောင်ရွက်တဲ့ လုပ်ငန်းမျိုးဖြစ်တာကြောင့် နိုင်ငံရေးလုပ်ဖို့ အမှန်တကယ် ကြံရွယ်တယ်ဆိုရင် နိုင်ငံရေးပါတီတခုခုအတွင်း ပါဝင်ဆောင်ရွက်ရပါမယ်။
၎။ မိမိကိုယ်ကို အတွေးအခေါ်အရ၊ နိုင်ငံရေးအရ၊ စည်းရုံးရေးအရ၊ လုပ်ဟန်အရ၊ လေ့ကျင့်ပျိုးထောင်ရပါမယ်။ အဖွဲ့အစည်းရဲ့လေ့ကျင့်ပျိုးထောင်မှုကိုလည်း ခံယူလေ့ကျင့်ရပါမယ်။
၅။ သမိုင်း ဗဟုသုတရှိရပါမယ်။ ‘သမိုင်းခေတ်’ သမိုင်းခေတ်ဆိုတာဟာ သံကြိုးကွင်းဆက်လို ချိုဆက်နေတာကြောင့် သမိုင်းဗဟုသုတ မရှိလို့ (လုံးဝ) လုံးဝ မဖြစ်ပါဘူး ဆိုတဲ့အချက် ၅ ချက်ပဲ ရှိတယ်။
ပုဂ္ဂိုလ်ဘဝ တောင်းဆိုမှု
ဒီစာအုပ်မှာ (ပထမ) အချက်ဖြစ်တဲ့ ‘ကိုယ့်ပုဂ္ဂိုလ်ဘဝက နိုင်ငံရေးလုပ်ဖို့ တောင်းဆိုမှုရှိရမယ်’ ဆိုတဲ့ အချက်ကို ပြောပြ ချင်ပါတယ်။ (ဒီအချက်ဟာ) နိုင်ငံရေးသမားတယောက် ဖြစ်လာရေးမှာ ‘အခြေခံကျတဲ့ အကြောင်းအချက်တခု ဖြစ်ပါတယ်။
လူမှုအဆင့်အတန်း ကိုယ်စားပြု
လူတယောက်ရဲ့ လူမှုရေးဘဝက သူ့လူမှုရေးအသိကို ပြဋ္ဌာန်းမှာသာ ဖြစ်ပါတယ်။ လူ့အဖွဲ့အစည်းဆိုတာဟာ မိသားစု ယူနစ်များ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ ဒီမိသားစု ယူနစ်များ ဆိုတာဟာလည်း လူမှုအဆင့်အတန်း တမျိုးမျိုးကို ကိုယ်စားပြုထားကြ စမြဲပါပဲ။ သူတို့မိသားစုရဲ့ social status ဟာ မိသားစုဝင်တဦးချင်းရဲ့ social status ဖြစ်မြဲ ဓမ္မတာပါပဲ။ ဒီနေ့ခေတ်မှာ ‘လူတန်းစားဆိုတာ မရှိတော့ပါဘူး’ လို့ ပြောဆိုကြ ရေးကြတာတွေလည်း ကြားသိတွေ့မြင် နေရပါတယ်။
(တချို့ကလည်း) ဒီလို ပြောကြရေးကြတာကို သိပ်ပြီးအမြင်ကျယ်သလိုလို၊ သိပ်ပြီး ရှေ့တန်းရောက်သလိုလို ဂိုက်ဖမ်းတာမျိုးလည်း တွေ့နေရပါတယ်။ ဒီနေရာမှာ သာမန် မျက်စိအောက်မှာ မြင်တွေ့နေရတဲ့ လူမှုအစုအစည်း (သုံးမျိုး) ကို ထောက်ပြချင်ပါ။
တနေ့လုပ် တနေ့စားတွေ
(ပထမ လူမှုစု) ကတော့ ဘယ်တော့မှ အဝင်နဲ့အထွက် မျှတရိုးထိုးစံမှုမရှိတဲ့ လူမှုအစုအစည်းပါ။ ဒီလူမှုအစုထဲမှာ တောရပ်ကျေးရွာမှာ အခြေပြုနေကြရတဲ့ (တောနေဆင်းရဲသား) တွေနဲ့ Rural poor နဲ့ Urban poor လို့ဆိုရမယ့် မြို့နေ ဆင်းရဲသားတွေပါဝင်ကြပါတယ်။ တချို့မြို့နေ အလတ်အောက်လွှာ Lower middle class တွေလည်း ဒီလူမှုရေးအစုထဲမှာ ပါဝင်ကြပါတယ်။ သူတို့ဟာ တနေ့လုပ် တနေ့စားတွေပါ။ သူတို့ဟာ လူဦးရေရဲ့ ၇၂ ရာခိုင်းနှုန်း ရှိပါတယ်။ သန်း ၄ဝ ကျော်ပါတယ်။ သူတို့ဟာ မြို့ပြမှာဖြစ်ဖြစ်၊ ကျေးလက်မှာဖြစ်ဖြစ်၊ မနက် တနပ်၊ ည တနပ်အတွက် အိမ်ရှိလူကုန် နေ့ညမရွေး အလုပ်မရွေး၊ လူ့ဘဝတည်တံ့ရေးအတွက် လူမှုဒုက္ခပေါင်းစုံကို ခါးစည်းပြီး၊ ရုန်းကန်ရှာဖွေရပ်တည်နေကြရတဲ့ လူမှု အစုပါ။ ဒီတော့ လူထုဆိုတာရဲ့ အဓိက ကိုယ်ထည်က သူတို့ပါပဲ။
မျှတသူနဲ့ ပိုလျှံသူ
(ဒုတိယ) လူမှုကတော့ ယေဘုယျအားဖြင့် ပြောရရင် မရှိမရှား လူမှုအစုပါ။ အဝင်နဲ့အထွက် မျှတသူတွေပေါ့။ သူတို့က လူဦးရေရဲ့ ၁၈ ရာခိုင်နှုန်းလောက်ရှိကြပါတယ်။
(တတိယ) လူမှုအစုကတော့ လိုတာထက်ပိုနေတဲ့ လူမှုအစုပါ။ ပိုလျှံနေတဲ့ လူမှုအစုပေါ့။ သူတို့ဟာ လိုတာရနေတဲ့ နေ့စဉ်သုံး ဗမာစကားနဲ့ ပြောရရင် သူဋ္ဌေးတွေပေါ့။ သူတို့ဟာ လူဦးရေ (အများဆုံး) ၁ဝ ရာခိုင်နှုန်းလောက်သာရှိတဲ့ လူမှုအစုပါ။ လူ့အဖွဲ့အစည်းရဲ့ အာဏာနဲ့ ဥစ္စာဓနဆိုတာ ဒီလူမူအစုရဲ့လက်ထဲမှာပဲ ရှိတာပါ။ ဒါဟာ ပစ္စက္ခကာလ၊ မြန်မာလူ့အဖွဲ့အစည်းရဲ့ လူမှုအဆောက်အအုံတည်ရှိနေပုံ ပုံကြမ်းမျှသာ ဖြစ်ပါတယ်။
အားလုံးကို ကိုယ်စားမပြုနိုင်
ဒီတော့ နိုင်ငံရေးသမား (ကိုနီ) သို့မဟုတ် (ကိုဝါ) ဆိုတဲ့သူဟာ ဒီလူမှု အဆောက်အအုံထဲမှာ သူဟာ ဘယ်လူမှု အစုအစည်းဝင် ဖြစ်မလဲ။ သူဟာ ပထမ၊ ဒုတိယ၊ တတိယ လူမှုအစုအဝင်တွေထဲမှာ ဘယ်လူမှုအစုအဝင်လဲ။ ဒီကိုယ်စားပြုမှု တမျိုးမျိုးအပေါ်မှာ သူ့နိုင်ငံရေး ဝိညာဉ်နဲ့ သူ့နိုင်ငံရေးရပ်တည်မှု political soul and stand တည်ရှိနေမှာ မုချပဲ ဖြစ်ပါတယ်။ ကျနော်ဟာ ပြည်သူလူထုကြီး တရပ်လုံးကို ကိုယ်စားပြုပါတယ်လို့ (ကိုယ့်ကိုယ်ကိုယ်လည်း ထင် တခြားသူတွေကိုလည်း ထင်နေရင်တော့ ) ဒါဟာ Hallucination and fraud တခုခုဖြစ်မှာ သေချပါတယ်။
မျိုးရိုးဆိုတာ ခြွင်းချက်
နိုင်ငံရေးသမားဆိုတာ မွေးပါ မဟုတ်ပါဘူး။ မွေပါဆိုတာလည်း မရှိပါဘူး။ မျိုးရိုးလည်း မလိုက်ပါဘူး။ နိုင်ငံရေးဆိုတာ တဦးချင်း ရွေးချယ်မှုသာ ဖြစ်ပါတယ်။ နိုင်ငံရေးမျိုးရိုးဆို ခြွင်းချက်ပါ။ မတော်တဆ တိုင်ဆိုင်မှုပါ။ အကြွင်းမဲ့တရား မဟုတ်ပါဘူး။ ပဒေသရာဇ်စနစ်ဆန်တဲ့ အာဏာအမွေ ဆက်ခံမှုမျိုးမှာသာ ဒါမျိုးရှိခဲ့ဖြစ်ခဲ့တာ ဖြစ်ပါတယ်။ ကမ္ဘာပေါ်ကို ကြည့်လိုက်ရင် နိုင်ငံတော်အာဏာကို ကိုယ်စားပြုထား (တပါတီစနစ်) လူ့အဖွဲ့အစည်း၊ နှစ်ပါတီစနစ် လူ့အဖွဲ့အစည်း၊ ပါတီစုံစနစ်ကျင့်သုံးတဲ့ လူ့အဖွဲ့အစည်းနဲ့ စည်းမျဉ်းခံ ဘုရင်စနစ်ကျင့်သုံးရတဲ့ လူ့အဖွဲ့အစည်းများတည်ရှိနေတာကို တွေ့ရပါတယ်။
လူ့အဖွဲ့အစည်းတခုခုထဲမှာ နိုင်ငံရေးပါတီအရေးအတွက် ဘယ်လောက်ပဲရှိရှိ၊ ဘယ်လိုနာမည်မျိုးနဲ့ပဲ ဖြစ်ဖြစ်၊ (တကယ်က) နိုင်ငံရေးပါတီ တခုခုဟာ သူကိုယ်စားပြုတဲ့ လူမှုအစုတခုခုရဲ့ ပါတီပဲ ဖြစ်မှာပါ။ ရှိရှိသမျှပါတီတွေ အားလုံးဟာ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံစည်းမျဉ်းဥပဒေကို ကျင့်သုံးတဲ့ ဝါရင့်အရင်းရှင်စနစ်ကျင့်သုံးတဲ့ နိုင်ငံကြီးတွေပဲ ဖြစ်ဖြစ်၊ ကွန်မြူနစ်ပါတီတွေ အာဏာရထားတဲ့ နိုင်ငံတွေပဲဖြစ်ဖြစ်၊ အိန္ဒိယလို စစ်ပြီးခေတ်မှာမှ ပေါ်ထွက်လာတဲ့ နိုင်ငံမျိုးတွေမှာပဲ ဖြစ်ဖြစ်၊ အားလုံးဟာ လူထုအကျိုးစီးပွားအတွက် အကျိုးဆောင်ဖို့ မကြွေးကြော်တဲ့ပါတီဆိုတာ မရှိပါဘူး။ နိုင်ငံတာကဆိုတာ ‘ငါ’ ပဲ။ ပါတီစုံ ဒီမိုကရေစီစနစ်ဆိုတာလည်း ‘ငါ’ ပဲ ဆိုတဲ့ ‘ငါ’ ပါတီစုံစနစ်ကို ကျင့်သုံးခဲ့ကြတဲ့ အီဂျစ်က မူဘာရက်၊ လစ်ဗျားက ရွှေပစ္စတိုပိုင်ရှင် မစ္စတာ ကဒါဖီတို့လို အာဏာပိုင်စနစ်ကျင့်သုံးတဲ့ ပုဂ္ဂိုလ်များဟာ (အားလုံးသိကြတဲ့အတိုင်းပါပဲ) ဘဝနိဂိုး အဆုံးသတ် မကောင်းခဲ့ကြပါဘူး။
၈ဝ ခုနှစ်ပတ်ဝန်းကျင်မှာ အရှေ့တောင်အာရှဒေသအတွင်းမှာ တပါတီစနစ်ကျင့်သုံးတဲ့ အင်ဒိုနီးရှားက၊ ဆူဟာတို၊ ဖိလစ်ပိုင်က မားကို့စ်၊ တောင်ကိုရီးက ချန်ဒူးဝမ်၊ ဗီယနန်က ငုယင်ဗန်သယူး၊ ကမ္ဘောဒီယားက လုံနိုးနဲ့ သီရိမာတက်၊ လောက ဘွန်အုံး စတဲ့ အာဏာရှင်ကြီးများဟာ သူတို့ရှေ့ကသမိုင်းရဲ့ နမှုနာစံပြုဖြစ်ခဲ့ကြတဲ့ ဟစ်တလာတို့၊ မူဆိုလီနီတို့၊ တိုဂျိုတို့ဆိုတဲ့ ဖက်ဆစ်ဝါဒီကြီးများလိုပါပဲ။ ၂၁ ရာစုထဲမှာ တည်ရှိနေတဲ့ တပါတီစနစ်၊ နှစ်ပါတီစနစ်၊ ပါတီစုံစနစ် စတဲ့ ခေတ်သစ် နိုင်ငံရေးစနစ် (ခွင်) ထဲမှာ အာဏာကို ဆက်ထိန်းထားချင်ကြသေးတဲ့ အာဏာရှင်ကြီးတွေအတွက်တော့ အကောင်းဆုံး သမိုင်းနမူနာနဲ့ သင်ခန်းစာပဲ ဖြစ်ပါတယ်။
တကယ်တမ်း ယဉ်ကျေးဖို့
တပါတီစနစ်၊ နှစ်ပါစနစ်၊ ပါတီစနစ်စုံတဲ့ ခေတ်သစ်နိုင်ငံရေးစနစ်များဟာ စင်စစ် ပဒေသရာဇ်စနစ် ငါ့မင်း ငါ့ချင်းစနစ် Despotism စနစ်များနဲ့ နှိုင်းယှဉ်နိုင်ငံရေးအရ၊ ယဉ်ကျေးလာတာတော့ အမှန်ပဲ။ ဒါထက် ပိုယဉ်ကျေးဖို့ကောင်းတာက (ဒီနိုင်ငံရေး စနစ်များဟာ) ပုံသဏ္ဌာန်အရရော ဥပဒေအရပါ ယဉ်ကျေးချင်ယောင်ဆောင်နေတာမျိုး မဟုတ်ဘဲ လူထုအကျိုးဆိုတာကို အမှန်တကယ် ကိုယ်စားပြုဖို့လိုတာ အမှန်ပဲ။
အောင်သာ (ပီသုံးလုံး)
ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ ၂ ၊ အမှတ် ၇၁ မှ …
No comments:
Post a Comment