Tuesday, December 27, 2011

နိုင်ငံရေးသမား ဖြစ်ချင်တယ်ဆိုရင် … ၄ – အောင်သာ (ပီသုံးလုံး)

မြန်မာ့လွတ်လပ်ရေးရဲ့ ပထမ ဆယ်စုနှစ်အတွင်းလောက်မှာ မိမိတို့မျိုးဆက်ဟာ ရန်ကုန်တက္ကသိုလ်ကြီးရဲ့ ပရဝဏ်ထဲ ခြေချခွင့်ရခဲ့ပါတယ်။ ရန်ကုန်တက္ကသိုလ်ကြီးဟာ နယ်ချဲ့ဆန့်ကျင်ရေးနဲ့ အမျိုးသားရေးဝါဒရဲ့ ဘူမိနက်သန် နယ်မြေနဲ့ လောကပါလတရားများ မျိုးစေ့ချရာ နယ်မြေပါ။ မိမိတို့မျိုးဆက်ဟာ မာ့က်စ်ဝါဒကို ရန်ကုန်တက္ကသိုလ်နယ်မြေမှာ စတင် ထိတွေ့ခဲ့ရပါတယ်။ 
 
အဲဒီစဉ်က မာ့က်စ်ဝါဒဆိုတာ နယ်ချဲ့ဆန့်ကျင်ရေးပါပဲ။ မာ့က်စ်ဝါဒဟာ နိုင်ငံခြားရောက်၊ မြန်မာ အင်္ဂလိပ်စာတတ်များနဲ့အတူ ပထမကမ္ဘာစစ်အတွင်းမှာ မြန်မာနိုင်ငံအတွင်း စတင်ရောက်ရှိလာပြီး နဂါးနီ စာအုပ်အသင်း ၄. ၁၁. ၃၇ က စနစ်တကျ ဖြန့်ချိခဲ့တယ်လို့ ဆိုပါတယ်။ နဂါးနီစာအုပ်အသင်းဟာ အင်္ဂလန်က Left Book Club ဆက်သွယ်ပြီး၊ မြန်မာနိုင်ငံနဲ့သင်လျော်မယ့် စာအုပ်များ တင်သွင်း၊ ဘာသာပြန်ပေးခဲ့တယ် ဆိုပါတယ်။ မာ့က်စ်ဝါဒ အခြေခံမူနဲ့ အနိုင်နိုင်ငံတော်လှန်ရေးသမိုင်း စာအုပ်များ အပါအဝင် စာအုပ်ပေါင်း ၆၆ အုပ် ဘာသာပြန် ဖြန့်ချိပေးခဲ့ပါတယ်။
 
ဒီစာအုပ်အသင်းကို သခင်နု၊ သခင်စိုးနဲ့ သခင်သန်းထွန်း၊ မြို့မဆရာဟိန်းတို့က ထူထောင်ခဲ့ကြပါတယ်။ လွတ်လပ်ရေး ခေတ်ဦးမှာ သခင်ကျော်စိန်ရဲ့ ပြည်သူ့စာပေတိုက်နဲ့ သခင်အုန်းမြင့် (ဂျာနယ်ကျော်) ရဲ့ ကျော်လင်း စာနယ်ဇင်း ဖြန့်ချိရေးတိုက်တို့ဟာ မာ့က်စ်ဝါဒကျမ်းရင်းများကို ဘာသာပြန် ဖြန့်ချိပေးခဲ့ပါတယ်။

၁၉၆၄ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့အထိ မာ့က်စ်ဝါဒဖြန့်ချိရေး နဲ့ မာ့က်စ်ဝါဒကို လမ်းညွှန် အတွေးအခေါ်အဖြစ်ကိုင်စွဲပြီး လက်တွေ့ အကောင်အထည်ဖော်ဖို့ ကြိုးပမ်းနေကြတဲ့ မြန်မာနိုင်ငံ အလုပ်သမားညီညွတ်ရေးပါတီနဲ့ ပမညတ (လက်ဝဲ တပ်ပေါင်းစုကြီး) တည်ရှိခဲ့ပါတယ်။ သူတို့ဟာ ၁၉၅၆ ခုနှစ်ရွေးကောက်ပွဲမှာ ကိုယ်စားလှယ် ၄၆ ယောက် ရွေးကောက်ခံရပြီး ထောက်ခံမဲပေါင်း ၁,၅၃၀,၆၃၀ ရရှိခဲ့ပါတယ်။ ဒီရွေးကောက်ပွဲရလဒ်ကြောင့် ၁၉၅၈ ခုနှစ် ဇွန်လမှ အာဏာရ ဖဆပလ အဖွဲ့ချုပ်ကြီး ဂိုဏ်ကွဲသွားခဲ့ပါတယ်။ စစ်ဘက် အရပ်ဘက်လည်း ကွဲသွားခဲ့ရပါတယ်။

မာ့က်ဝါဒ စာအုပ်များနှင့်

မိမိတို့ဟာ ပညာတတ် လူမှုအစုဝင်များရဲ့ သဘာဝအတိုင်း မာ့က်စ်ဝါဒကို လေးစားယုံကြည် လက်ခံခဲ့ကြပါတယ်။ ဘယ် တက္ကသိုလ်ကျောင်းသားရဲ့ စာအုပ်စင်ကိုမဆို ကြည့်လိုက်ပါ၊ အနည်းဆုံး မာ့က်စ်ဝါဒစာအုပ် လေးငါးအုပ်လောက်မှ မရှိတဲ့ တက္ကသိုလ်ကျောင်းသားဆိုတာ မရှိဘူး။ မိမိ မိဘများဟာ လယ်ကူလီ သူရင်းငှားတွေပါ။ မိမိ ခေတ်ပညာတတ်တယောက် ဖြစ်လာတယ်ဆိုတာဟာ (သူ စာမတတ်လို့ ဆင်းရဲရတာ ဖြစ်တယ်) လို့ စွဲမှတ်ထားတဲ့ ဖခင်ကြီးရဲ့ ကြီးမားတဲ့ မေတ္တာတရားကြောင့် ခေတ်ပညာတတ်တယောက် (အကြောင်းအားလျော်စွာ) ဖြစ်လာခဲ့ရတာပါ။ 

မိမိဟာ မိမိ တက္ကသိုလ်ကျောင်း ပညာပြီးဖို့ အလယ်တန်းစာပြ ကျောင်းဆရာလေးလုပ်ပြီး ဘွဲ့ရအောင် ကြိုးစားခဲ့ရသူပါ။ မိမိဘဝက လူတန်းစားကိုအခြေခံတဲ့ နိုင်ငံရေးတောင်းဆိုပါတယ်။ မာ့က်စ်ဝါဒကို ယုံကြည်ဖို့ မိမိဘဝကို မာ့က်စ်ဝါဒ ယုံကြည်မှုနဲ့ ပြုစုပျိုးထောင်ဖို့ ဆင်းရဲတွင်းက မလွတ်နိုင်ကြတဲ့ မိမိ မိဘများလို လူမှုအများစုအတွက် မိမိကိုယ်စွမ်း ဉာဏ်စွမ်းရှိသမျှ အကျိုးဆောင်ဖို့ ဒီတာဝန်များကို ယူဆောင်ပေးမယ့် နိုင်ငံရေးပါတီ အသင်းအဖွဲ့များအတွင်းပါဝင်ပြီး ပရဝါဒီ Altruist တဦး အဖြစ် ဘဝကို ပေးအပ်မြှုပ်နှံခဲ့တာပဲ ဖြစ်ပါတယ်။

အယူဝါဒ မုချကိုင်စွဲ

ဒါကြောင့် (မိမိအတွေ့အကြုံအရ) နိုင်ငံရေးသမားတယောက် ဖြစ်ချင်တယ်ဆိုရင် (ပထမ) မိမိဘဝက နိုင်ငံရေးကို တောင်းဆိုရမယ်လို့ မိမိဆိုခဲ့တာ ဖြစ်ပါတယ်။ ဒီလိုတောင်းဆိုဖို့ (ကျိုးကြောင်းဆီလျော်မှုရှိတဲ့) ဒဿနတခု အယူဝါဒတခု Ideology တခု မုချကိုင်စွဲရမယ်လို့ မိမိ ဖြေကြားခဲ့တာပဲ ဖြစ်ပါတယ်။

နိဂုံး ဂိုဏ်းသားတွေ

၁၉၉၀ ခုနှစ်အတွင်း ဆိုဗီယက် ယူနီယံပြိုကွဲသွားတော့ မာ့က်စ်ဝါဒ ဆိုရှယ်လစ်စနစ်တို့နဲ့ အကျိုးပေးမကောင်ကြသူ လူပုဂ္ဂိုလ်အဖွဲ့အစည်း နိုင်ငံများက အားလုံးပွဲပြီးသွားပါပြီ ပွဲသိမ်းခရာလည်း တုတ်ပြီးပါပြီ လို့ ဒီလိုဖြစ်စေချင်သူအားလုံးက သမိုင်းကို ပုဒ်မ ဝိုင်းချကြပါတယ်။ လူသိအများဆုံးကတော့ ဖူကူယားမား နဲ့ သူ့ဂိုဏ်းသားတွေပေါ့ နိဂုံး ဂိုဏ်းသားတွေပေါ့။ မိမိတို့ လူ့အဖွဲ့အစည်းအတွင်းမှာလည်း လူတချို့နည်းနည်းပါးပါး နိဂုံးနဲ့ စားလိုက်ကြရပါတယ်။ 

၂၀၀၈ ခုနှစ် စက်တင်ဘာကစပြီး ကမ္ဘာ့အရင်းရှင်စနစ်ရဲ့ ဂလိုဘယ်ကိုယ်စားလှယ်ကြီးများဖြစ်တဲ့ အမေရိကန်၊ အီးယူနဲ့ ဂျပန်နိုင်ငံများမှ ဘဏ္ဍာရေး အကျပ်အတည်းများ၊ ကုန်ထုတ်လုပ်မှု ကျဆင်းမှု၊ ပို့ကုန်ကျဆင်းမှု၊ အလုပ်လက်မဲ့နှုန်း မြင့်တက်မှု၊ ဘတ်ဂျက် လိုငွေပြမှု၊ နိုင်ငံခြားနဲ့ ပြည်တွင်း ကြွေးမြီဝန်ထုပ် ကြီးမားလာမှု စတာတွေဟာ ကမ္ဘာ့အရင်ရှင်စနစ်ရဲ့ အထွေထွေ အကျပ်အတည်းတွေ မဟုတ်ဘူးလား။

အဖြေရှာလို့ မရကြ

ဒီကြားထဲမှာ ၂၀၁၀ အတွင်း တရုတ်က ကမ္ဘာ့ဒုတိယ စီးပွားရေးအင်အားကြီး နိုင်ငံတနိုင်ငံ ဖြစ်လာခဲ့ပါတယ်။ ဂလိုဘယ် အရင်းရှင်စနစ်ကြီးရဲ့ အထွေထွေအကြပ်အတည်းတွေကို ကမ္ဘာ့ဘဏ်၊ အိုင်အမ်အက်ဖ်၊ ဒဗလူတီအို၊ ဂျီ-၇၊ ၈၊ ၂၀ စတဲ့ ထိပ်သီး အစည်းအဝေးကြီးများအတွင်းမှာကို အဖြေရှာလို့မရကြဘူး ဖြစ်နေပါတယ်။ ဒီအခြေအနေတွေကို ကမ္ဘာကြီးက မသိရှိစေဖို့ ကန့်သတ်ထိန်းသိမ်းထားဖို့ ဂျီအချင်းချင်း ပဋိဉာဉ်ပြုထားကြရပါတယ်။

စင်စစ် အမှန်တရားဆိုတာ (ဒဿနတရပ်ဆိုတာ) လူနည်းတာများတာနဲ့ မဆိုင်ပါဘူး။ ဘယ်လို ကြီးကျယ်မြင့်မြတ်တဲ့ လူပုဂ္ဂိုလ်မျိုးရဲ့ မုက္ခပါဌ်တော်နဲ့မှ ‘ပုဒ်မချလို့’ မရတတ်ပါဘူး။
‘ဒဿနမရှိတဲ့ လူနဲ့ လူမရှိတဲ့ ဒဿန’ ဆိုတာ ရှိရိုးထုံးစံ မရှိပါဘူး။ ဒဿန ဆိုတာ Ideological Bearing တွေးခေါ်မှု လမ်းညွှန်ပဲ ဖြစ်ပါတယ်။

အောင်သာ (ပီသုံးလုံး)
၂၉၊ ၁၁၊ ၂၀၁၁

ပြည်သူ့ခေတ်ဂျာနယ် အတွဲ ၂၊ အမှတ် ၇၃ မှ … 


 

No comments: