ကမ္ဘာလောကကြီးကို သာယာလှပနေအောင်၊ ဘဝတွေအားလုံး တရားမျှတနေအောင်၊ လူသားတွေအားလုံး ငြိမ်းချမ်းနေအောင် ကမ္ဘာလောကကြီးနှင့်တကွ လူသားဘဝတွေအားလုံးကို ကူညီစောင့်ရှောက်လိုကြတဲ့လူတွေ ကျင့်ကြံအားထုတ် စောင့်ထိန်းရမယ့် ဗြဟ္မစိုရ်တရားမှာ - မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဆိုပြီး ၄ ပါး ရှိပါတယ်။ အဲ့ဒီတရား ၄ ပါးရဲ့အနက်အဓိပ္ပာယ်တွေကို -
မေတ္တာဆိုတာ - လူတိုင်းကို ချမ်းသာစေလိုခြင်း။
ကရုဏာဆိုတာ - ဆင်းရဲဒုက္ခရောက်နေသူအားလုံးကို ဆင်းရဲဒုက္ခမှ ကင်းလွတ်စေလိုခြင်း။
မုဒိတာဆိုတာ - ချမ်းသာသုခရရှိနေသူအားလုံးကို ချမ်းသာသုခမြဲစေလိုခြင်းလို့ ရှင်းရှင်းလင်းလင်း နားလည်ကြပေမယ့် ဥပေက္ခာကို နားလည်သဘောပေါက်မှုမှာတော့ ဝိဝါဒတွေ ကွဲပြားလို့ နေပါတယ်။ အချို့က ဥပေက္ခာကို လစ်လျှူရှုခြင်းလို့ နားလည်သလို၊ အချို့ကျတော့ ဥပေက္ခာကို မျှတခြင်း၊ ဘက်မလိုက်ခြင်းရယ်လို့ နားလည်ကြပြန်ပါတယ်။ အချို့ကျတော့လည်း ချစ်ခြင်း မုန်းခြင်းကင်းတဲ့သဘောလို့ နားလည်ထားပြန်ပါတယ်။ တကယ်တော့ အဲဒီလို သဘောပေါက်နားလည်မှုတွေဟာ လုံးလုံးလျားလျား မှားနေတာမဟုတ်သလို၊ အပြည့်အဝ မှန်ကန်နေတာလည်း မဟုတ်သေးပြန်ပါဘူး တဲ့။
မြတ်စွာဘုရားအလိုတော်အားဖြင့် သတ္တဝါတွေရဲ့စိတ်ဆိုတာ ဆင်းရဲဒုက္ခရောက်မှသာ မတည်ငြိမ်၊ မငြိမ်းချမ်းတာ မဟုတ်ပါဘူး။ လူတွေရဲ့သည်းခြေကြိုက်ဖြစ်တဲ့ လာဘ်လာဘတွေ ပေါများခြင်း၊ လူအများက ကြည်ညိုလေးစားလို့ အခြွေအရံတွေ ပေါများခြင်း၊ ချီးမွမ်းခံရလို့ ထင်ပေါ်ကျော်ကြားခြင်း၊ အောင်မြင်ချမ်းသာခြင်း ဆိုတဲ့ အကောင်းလောကဓံတွေနဲ့ ကြုံတွေ့ရတဲ့အချိန်တွေမှာ သတိ၊ ဝီရိယ၊ ဉာဏ်ပညာနဲ့ စိတ်ကို မစောင့်ရှောက်နိုင်ရင် စိတ်ဟာ မတည်ငြိမ် မငြိမ်းချမ်းပြန်ပါဘူး တဲ့။
ဒါကြောင့်လည်း မြတ်စွာဘုရားဟာ လောကဓံကို အကောင်းလောကဓံ ၄ ပါး၊ အဆိုးလောကဓံ ၄ ပါး၊ စုစုပေါင်းလောကဓံ ၈ ပါးရယ်လို့ ဟောကြားတော်မူခဲ့တာပါ။ ဒီတော့ ဥပေက္ခာရဲ့အဓိပ္ပာယ်ကို “ဘယ်လိုအခြေနေမျိုးမှာဖြစ်ဖြစ်၊ လောကဓံတရား ၈ ပါး ဘယ်တရားနဲ့ပဲကြုံကြုံ စိတ်ကို တည်ငြိမ်ငြိမ်းချမ်းစွာ ထားနိုင်ခြင်း” ဆိုမှသာ မြတ်စွာဘုရား အလိုတော်ကျ ပြီးပြည့်စုံမှာပါ။
ဘယ်လိုအချိန်အခါမျိုးမှာ စိတ်ကို တည်ငြိမ်ငြိမ်းချမ်းစွာထားနိုင်လဲဆိုတာကို ဆန်းစစ်ကြည့်ဖို့ ကျမ ကြိုးစားတော့ ကျမဟာ ဈာပနတွေနဲ့ အမြဲကြုံတွေ့နေရသူဖြစ်တဲ့အလျှောက် ဈာပနနဲ့ပဲ အဖြေရှာကြည့်မိခဲ့ပါတယ်။ လူတွေဟာ မိမိနဲ့ ရင်းနှီး သက်ဆိုင်တဲ့ဈာပနတွေကျရင် စိတ်ကိုတည်ငြိမ် ငြိမ်းချမ်းစွာ မထားနိုင်ဘဲ၊ မိမိနဲ့ လုံးဝ မသက်ဆိုင်တဲ့ ဈာပနတွေကျရင် စိတ်ကို တည်ငြိမ်ငြိမ်းချမ်းစွာ ထားနိုင်ကြတာကို တွေ့မြင်နေရပါတယ်။
အဲ့ဒီအခြေအနေ ၂ ရပ်မှာ ကွာခြားနေတာကတော့ အတ္တနဲ့စွဲယူထားတဲ့ ဥပါဒါန်ကြောင့်ပါပဲ။ ဟုတ်ပါတယ်။ လူတွေဟာ မိမိနဲ့ရင်းနှီးသက်ဆိုင်တဲ့ ဈာပနတွေမှာ ငါဆိုတဲ့အတ္တနဲ့ ငါ့ဥစ္စာဆိုတဲ့ အတ္တနိယ တရားတွေကို ဥပါဒါန်နဲ့စွဲကပ်နေလို့ စိတ်ဟာ မတည်ငြိမ် မငြိမ်းချမ်းတာပါ။ မိမိနဲ့မသက်ဆိုင်တဲ့ ဈာပနတွေမှာတော့ အဲ့ဒီအတ္တ၊ အတ္တနိယ တရားတွေကို ဥပါဒါန်နဲ့ စွဲလမ်းမှုတွေနည်းနေလို့ ဥပေက္ခာပြုနိုင်တဲ့စိတ်နဲ့ မတုန်လှုပ်ဘဲ တည်ငြိမ်နေတာဖြစ်ပါတယ်။
အဲ့ဒီလို ဥပေက္ခာရဲ့ အနက်အဓိပ္ပာယ်လေးနက်မှု၊ နက်ရှိုင်းမှု၊ မြင့်မားမှုတွေကို နားလည် သဘောပေါက်လာတဲ့အခါမှာ ဗြဟ္မစိုရ်တရား ၄ ပါးမှာ ဥပေက္ခာတရားဟာ အရေးပါဆုံးဆိုတာကိုလဲ နားလည်ခဲ့ရပါတယ်။ ဥပေက္ခာနဲ့ယှဉ်တဲ့ မေတ္တာ၊ ဥပေက္ခာနဲ့ယှဉ်တဲ့ ကရုဏာ၊ ဥပေက္ခာနဲ့ယှဉ်တဲ့ မုဒိတာတရားတွေကသာ မျှတတဲ့၊ ဘက်မလိုက်တဲ့ ဗြဟ္မစိုရ်တရား အစစ်အမှန်တွေ ဖြစ်နိုင်မယ်ဆိုတာကိုလည်း ဆင်ခြင်မိပါတယ်။
အတ္တနဲ့စွဲယူထားတဲ့ ဥပါဒါန်တွေကို ပါးလျားနေအောင် ကျင့်ကြံအားထုတ်နိုင်သူတွေဟာ ဥပေက္ခာတရားကို လက်တွေ့ ကျင့်သုံးနိုင်သူဖြစ်ပြီး သူတို့ရဲ့အတွေးအခေါ်၊ အဆုံးအဖြတ်တွေဟာ ငါ့ဘက်ကဆိုပြီး အကောင်းမြင်တတ်တဲ့သဘော သူ့ဘက်ကဆိုပြီး အဆိုးမြင်တတ်တဲ့သဘောဆိုတဲ့ အစွန်းနှစ်ဖက်ကို ကပ်ငြိနေမှာမဟုတ်တော့ဘဲ အရာရာကို၊ အခြေအနေအရပ်ရပ်ကို ငါ့ဘက် သူ့ဘက် နှစ်ဖက်စွန်းမှ ကင်းလွတ်နေတဲ့ တတိယလူ (third person) ပွဲကြည့်ပရိသတ် အဖြစ် အပေါ်စီးကနေ အရှိကိုအရှိအတိုင်း ယထာဘူတကျကျ မှန်မှန်ကန်ကန် တွေးခေါ်ဆုံးဖြတ်နိုင်သူတွေ ဖြစ်လာမှာပါ။
လောကကြီးမှာ လူမိုက်ဟာ အမြဲတမ်း ကိုယ့်ဘက်ကပဲကြည့်ပြီး ကိုယ့်အတွက်ပဲ ရယူသိမ်းပိုက်ဖို့ကို တွေးခေါ်စဉ်းစား ဆုံးဖြတ်တတ်ကြပါတယ်။ လူလိမ္မာကတော့ အခြားသူဘက်ကကြည့်ပြီး အခြားသူအတွက် ကူညီထောက်ပံ့ဖို့ကို စဉ်းစားတွေးခေါ် ဆုံးဖြတ်တတ်ကြပါတယ်။ ပညာရှိကတော့ ငါ၊ သူ၊ နှစ်ဖက်တွေးပြီး ဒေါင့်စုံကနေ ရှုမြင်နိုင်ပြီး ဆန္ဒာဂတိ၊ ဘယာဂတိ၊ ဒေါသဂတိ၊ မောဟဂတိဆိုတဲ့ အဂတိတရား ၄ ပါး လွတ်ကင်းစွာ ချစ်ခြင်း မုန်းခြင်းကင်းစွာ မှန်ပြီးအကျိုးရှိစေမယ့်အရာကို အချိန်အခါကြည့်ပြီး ဆုံးဖြတ်လုပ်ကိုင်နိုင်စွမ်းရှိကြပါတယ်။
လောကကြီးကို အလှဆင်လိုတဲ့ စေတနာဆန္ဒရှိကြသူအားလုံးဟာ ဥပေက္ခာဦးဆောင်တဲ့ ဗြဟ္မစိုရ်တရား ၄ ပါး အားကောင်းလာစေဖို့ လူသားတွေကို အချယ်လှယ်၊ အနှိပ်စက်ဆုံးဖြစ်တဲ့ စွဲလမ်းမှု ဥပါဒါန်တရား (selfish desire) တွေကို သတိ ဉာဏ်ပညာနဲ့ ပါးနိုင်သမျှ ပါးလျားအောင် ဝီရိယအားကောင်းကောင်းနဲ့ ဖယ်ရှားတွန်းလှန်နေကြရမှာ ဖြစ်ပါတယ်။
ငါ၊ သူ၊ နှစ်ဖက်မှာ စွဲကပ်ငြိလေ့ရှိတဲ့ ဥပါဒါန်တွေ ပါးလျားလာတာနဲ့အမျှ ဥပေက္ခာတရားက တိုးပွားလာနိုင်သလို တရားမျှတတဲ့၊ ငြိမ်းချမ်းတဲ့ လောကကြီးကိုလည်း ဉာဏ်ပညာနဲ့ ဖန်တီးနိုင်စွမ်းရှိလာကြမှာပါ။
(၂၈. ၁၁. ၂၀၁၁ ထုတ် The Messenger ဂျာနယ်တွင် ဖော်ပြခဲ့သော ဆောင်းပါးအား ပြန်လည်တင်ပြခြင်း ဖြစ်ပါသည်)
သူ့ရဲ့ဖေ့ဘုတ်က ပြန်လည်ကူးယူ ဖော်ပြပါတယ်။
No comments:
Post a Comment