“ခင်ဗျားတို့ဘက် တော်တော်နဲ့ အဆက်အသွယ် မလုပ်နိုင်တာ ကျွန်တော် ဗဟိုကို သွားနေလို့ဗျ၊ နောက် ရန်သူကလည်း ဒီဘက်ကို အငြိုးထား ထိုးစစ်ဆင်တာ အတော်ကိုပြင်းတယ်။ ၄၈ ခုနှစ်က စလို့ ဒီလောက်ပြင်းထန်တဲ့ ထိုးစစ်တွေ မကြုံဖူးလောက်အောင်လို့ပဲ ပြောရမလားတောင် မသိဘူး။ ဗဟိုဘက်ထိုးတဲ့အချိန် ဗဟိုကင်းတပ်က ဖိချပြန်တိုက်နဲ့၊ အခု အဲဒီ ဘက်ငြိမ်နေပြန်တယ်။ ရဲဘော်တွေ ကျဆုံးတာလည်း မနည်းတော့ဘူး၊ ခင်ဗျားတို့အဖွဲ့ကို စိတ်ဝင်စားနေတဲ့ ရဲဘော်တင်မြကြီးလည်း ဒီထိုးစစ်မှာ ကျသွားရှာပြီ။ ကျွန်တော်တို့လည်း ရိက္ခာတွေပြတ် ဘာတွေပြတ်နဲ့ ငှက်ပျောသီးစိမ်း ပြုတ်စားရတဲ့ အခြေအနေ ဖြစ်သွားသေးတယ်။
ဗဟိုကို ကျွန်တော်တို့ ဒီဘက်က (တောင်ငူအရှေ့ခြမ်း ထန်းတပင်နယ်) တပ်စုနှစ်စု ပို့ထားခဲ့တယ်။ ကျွန်တော်တို့အရှေ့ခြမ်းကို ထိုးစစ်ဖိထိုးတော့ ကျဆုံးသူ ကျဆုံးတဲ့အပြင် လက်နက်ချသူတွေလည်း ရှိ၊ ဖောက်တဲ့သူလည်း ဖောက်ပေါ့ဗျာ။ ဒုတပ်မှူးတယောက် ဖောက်တာ သိပ်ဆိုးတယ်။ ပါတီ အမာခံတချို့ အဖမ်းခံရ အသတ်ခံရတာတွေအထိ ဖြစ်ကုန်တယ်၊ သတင်းတခုက ဒီဘက်မှာ တနင်္သာရီဘက်က ဆေးမှူး ရဲဘော်ကြီး ဦးဘချစ်လှဆိုတာ ရှိတယ်။ သူက အဘိုးကြီး၊ ခေါင်းဖြူနဲ့ဆိုတော့ ရန်သူက ပါတီအထွေထွေအတွင်းရေးမှူး သခင်ချစ်လို့ ထင်ပြီး ဖိလိုက်တာလို့လည်း ယူဆရတယ်” … စသည်ဖြင့် ရဲဘော် ရဲအောင်က ကျွန်တော့်အား အခြေအနေ တချို့ကို ပြောပြမိတ်ဆက်ပေးနေသည်။ နောက် ဆက်လက်ပြီး …
“ရန်သူနဲ့ အတူပါလာတဲ့ သစ္စာဖောက်တယောက်က ရန်သူခိုင်းတဲ့အတိုင်း ပစ်သတ်လိုက်တယ်လို့လည်း ကြားရတာ ရှိတယ်” … တဲ့။
ကျွန်တော် ရဲဘော် ရဲအောင် ပြောသမျှ နားထောင်နေရင်း စိတ်မသက်မသာ ဖြစ်နေသည်။
သူတို့အိပ်ရာက ပလပ်စတစ် မိုးကာစ အစိမ်းလေးတွေ အောက်ကခင်း၊ နောက်စောင်ပါးလေးနှင့် ပုဆိုးတွေ ထပ်ခင်းပြီး မီးဖိုဘေး စောင်တွေခြုံကွေးရတာ ဆောင်းတွင်းမှာ အရသာရှိသလိုတောင် ဖြစ်နေသည်။ စကားတပြောပြောနှင့် အိပ်ကြရင်း တညလုံး အိပ်ပျော်သွားလိုက်တာ မနက်မိုးလင်းမှ နိုးတော့သည်။ ကျွန်တော်အိပ်ရာက ထသည်နှင့် ရဲဘော် ရဲအောင်က …
“ခင်ဗျား အေးအေးဆေးဆေး နားပြီး ခင်ဗျားတို့ဘက် အခြေအနေကို စာနဲ့ အတိုချုပ်ရေးတင်ဗျာ” တဲ့။
သူ့လွယ်အိတ်ထဲမှ စာရွက်တွေ ထုတ်ပေးထားသည်။ စခန်းတဝိုက် ရဲဘော် ရဲအောင် မတွေ့၍ မေးကြည့်တော့ အပြင်ထွက်သွားသည် တဲ့။ သူ့မှာလည်း အလုပ်က အများသား။ အေးအေးဆေးဆေး နားနေသည်ကို မတွေ့ရ။ ခဏအကြာ လူတယောက် ဟင်းခွက်တခွက်ကို ကိုင်ပြီး စခန်းထဲရောက်လာသည်။ တောဝက်သား တဲ့။ သူတို့အခေါ် ကော်သူ့လေ တပ်က လာပေးခြင်းဖြစ်သည် တဲ့။ ကော်သူ့လေ တပ်မှာ (KNU) ကို ခေါ်ခြင်းဖြစ်သည်။ တအောင့်လောက်နေတော့ ရဲဘော် ရဲအောင် ပစ္စတိုခါးထိုးပြီး စခန်းပြန်ရောက်လာသည်။
“ဟိုဘက်မှာရှိတဲ့ ကော်သူ့လေ တပ်က လူတွေဆီသွားတာ၊ သူတို့နဲ့က တပ်ပေါင်းစု သေချာ လုပ်မထားရသေးဘူး”
မဒညတမှာ တပ်ပေါင်းစုရထားတဲ့ကိစ္စ ကျွန်တော်ကမေးတော့ …
“အဲဒါက KNUP သူတို့နဲ့ မတူဘူး။ သူတို့အဖွဲ့နဲ့ နားလည်မယူ ကျွန်တော် ဆက်ဆံနေတာ ပုဂ္ဂိုလ်ရေးတော့ ရင်းနှီးကြတယ်” တဲ့။
နံနက်စာ ထမင်းစားကြရာတွင် အဆီအခေါက်ကင်းသည့် တောဝက်သားဟင်းကို ကျွန်တော် ပထမဆုံး စာဖူးလိုက်ခြင်းပင် ဖြစ်သည်။
အခြေအနေ တင်ပြချက်စာတမ်း ကျွန်တော်ရေးပြီးနောက် ရဲဘော် ရဲအောင်နှင့် စကားပြောကြသည်။ ဘယ်လို တနေကုန်သွား မှန်းမသိလိုက်၊ သူ့ရုံးလုပ်ငန်း အိတ်ထဲက စာရွက်စာတမ်းတွေ ကျွန်တော့် ထုတ်ပြသင့်တာ ထုတ်ပြသည်။ ပေးဖတ်သင့်တာ ပေးဖတ်သည်။ ပါတီ အထွေထွေအတွင်းရေးမှူး သခင်ချစ် ရေးပေးထားတဲ့ လက်ရေးမူစာတစောင် ထုတ်ပြ အဖတ်ခိုင်းသေးသည်။ နောက် တံဆိပ်တုံးတခု ၄၈ ခုနှစ်ကတည်းက ပါတီကသုံးခဲ့သည့် တံဆိပ်တုံးလေး ဟု ပြောသည်။ နောက် ခင်ဗျားပြန်ရင် တံဆိပ်တုံး အသစ်တခု ထပ်လုပ်ရအောင် ကျွန်တော်နဲ့ ပုံစံယူသွားရမယ်ဟု ဆိုသည်။
ကျဆုံးရဲဘော်ရဲ့ နာရီတလုံး ပျက်နေတယ်။ ပြင်သုံးရမယ် ခင်ဗျား ပြင်ခဲ့စမ်းပါတဲ့။ နောက် UG မှ ကျွန်တော်တို့နှင့် ဆက်ဆံ နိုင်မည့်အပိုင်းဟုထင်သည့် လူစာရင်းတချို့ ထုတ်ပြသည်။ ဒီစာရင်းတွေထဲမှာ ကျွန်တော်နှင့်သိနိုင်သူ မရှိသလောက် နည်းသည်။ နောက် ပါတီဒေသအသီးသီးသို့ မြို့ပေါ်မှ တောခိုကြသည့် ထိုကာလက အမည်စာရင်းများ ထုတ်ပြကာ သိ, မသိ မေးသည်။ ရှမ်းပြည် နယ်အလယ်ပိုင်းသို့ ဝင်သည့်စာရင်း ကျွန်တော် သတိထားလိုက်မိသည်။
ပါတီ၏ ပြည်သူ့တပ်မတော် ထိုဒေသ ပြောက်ကျားတပ်၏ ယူနီဖောင်းပုံစံနှင့် သူ့သက္ကလပ် စစ်အင်္ကျီက တံဆိပ်တွေပြပြီး ဒါမျိုးတွေ တပ်က ရဲဘော်တွေအတွက် အစုံလိုက် အတော်များများ လုပ်ချင်တာ၊ ဖြည်းဖြည်းမှ စုံအောင်လုပ်နိုင်မှာ၊ ဒါမျိုးက ဒီအနီးတဝိုက်မှာ လုပ်ရအောင် ကြံရဖန်ရမှာ တဲ့။ အင်္ကျီလက်မောင်းမှာ တြိဂံပုံ ဒီဇိုင်းလေး အင်္ကျီအိတ်ကပ်အပေါ်က ဖဲကြိုး နီရောင်နှင့်ရေးထားသည့် စာလုံးက ‘သေရဲ၊ တိုက်ရဲ၊ အနိုင်ယူရဲ’ ဆိုသည့်စာတမ်းလေး၊ စာလုံးလေးတွေ သေသပ်လှသည်။ အိတ်ကပ်တဖက်တန်းတန်းမှာ ‘ပြည်သူကို အလုပ်အကျွေးပြုကြ’ ဆိုသည့် စာတမ်းလေး၊ အင်္ကျီ ဘယ်ညာနှစ်ဖက် တည့်တည့်မှာ ဒီစာတမ်းလေး ၂ ခုကို တွေ့ရသည်”။
ဒီမှာ ရင်ထိုးလေးတခု၊ သမိုင်းဝင်ရင်ထိုး။ ပထမ တပ်မှူးကြီး ထွန်းတင် ဆိုတာ တိုက်တိုင်းအောင် ၄ တပ်က၊ သူ့ရင်ထိုး သူကျသွားတော့ တပ်မှူး ဗိုလ်လွင် သုံးတယ်။ နောက် ဦးသန်းမြင့်တို့၊ ဒေါ်တင်ရီတို့ သုံးခဲ့သေးတယ် ထင်တယ်။ ကိုတင်မြလည်း အမြတ်တနိုး သုံးခဲ့တယ်။ သူ့ဆီက ကျွန်တော် ယူထားတာ။ သူတို့တတွေတော့ ကျဆုံးသွားကြပြီ။ ကျွန်တော့်အလှည့်ဘယ်အချိန် ရောက်မလဲ မသိဘူးဟု ရဲဘော် ရဲအောင်က ရယ်မောလျက် ပြောလိုက်သည်။
“ဟာဗျာ … မကျဆုံးအောင် ရန်သူကို ပြန်တိုက်မှာပေါ့” … လို့ ကျွန်တော်က ဝင်ထောက်လိုက်တော့ …
“ဟုတ်တယ်၊ ကျွန်တော်တို့တတွေ အလုပ်တွေ ကြိုးစားကြရမှာပေါ့” ဟု ရဲဘော် ရဲအောင် ပြောရင်း ရယ်နေသည်။
တရက် နေ့ခင်းပိုင်းမှာ ဝှက်စာလုပ်နည်း ရဲဘော် ရဲအောင်က ကျွန်တော့်ကို သင်ပေးနေသည်။ သူက ဒါမျိုး ဝါသနာကြီးသူနှင့် တူ၏။ သူက ဝှက်နည်း လုပ်ပြလိုက်၊ ကျွန်တော့်ကို အက္ခရာစဉ် ဇယားလေးပေး၊ ပြန်အဖော်ခိုင်းလိုက်နှင့် အကြိမ်ကြိမ် လုပ်ပြနေသည်။ ကျေနပ်လောက်တော့မှ ရပ်ထားလိုက်ပြီး စကားတွေ ပြောကြပြန်သည်။ ကျွန်တော်က သူ့ ဖြတ်သန်းမှုကို စိတ်ဝင်စားသည်။ သူကစပြီး ကျွန်တော့် တဦးချင်း ဘဝဖြတ်သန်းမှုကိုမေး၍ ကျွန်တော်က အသေးစိတ် ပြောပြရသည်။
အခု ဒီကိုလာတော့ အိမ်ကမိဘတို့ အုပ်ထိန်းသူတို့ ဘယ်လိုပြောထားလဲမေး၍ ကျွန်တော် အလုပ်တခုဝင်လုပ်ဖို့ လူတွေ့ မေးဖြေ အင်တာဗျူးတခုလုပ်ရမှာလို့ အိမ်ကို လိမ်ပြောထွက်လာခဲ့ကြောင်းပြောတော့ ရဲဘော်ရဲအောင်က သဘောကျရယ်နေသည်။
“ဟုတ်တယ် အခု ကျုပ်တို့ အင်တာဗျူးနေပြီလေ” လို့ မကြာခဏ နောက်ပြောရင်း ရယ်စရာလုပ်နေသေးသည်။ ကျွန်တော်က အိမ်မှာ သားအကြီးဆုံးဆိုတော့ သူက မျက်နှာပျက်သလိုဖြစ်သွားသည်။ သြော် … သြော် … ဆိုပြီး စုတ်တသပ်သပ်နှင့် “မိဘ လုပ်မကျွေးနိုင်မှာ စိတ်မကောင်းစရာပဲ” တဲ့ သားအကြီးဆိုတာ မိဘက အားထားမှာဟု ဆိုနေပြန်သည်။ ကျွန်တော်က သူ့ အတွေ့အကြုံကို မေးသည်။ သူ့ ဖြတ်သန်းမှုကိုလည်း ရဲဘော် ရဲအောင်က ပြောပြရှာသည်။
ဆက်လက်ဖော်ပြပါမယ်။
No comments:
Post a Comment