Monday, December 26, 2011

နိုင်ငံရေး ဖြစ်နိုင်ခြေများ တွက်ဆခဲ့စဉ်က (မောင်ဝံသ)

၂၀၁၁ ခုနှစ် ကုန်ဆုံးပါတော့မယ်။ လူတစ်ဦးချင်းအနေနဲ့ပြောရရင် သည်နှစ်ဟာ ကျွန်တော့်အဖို့ ပျော်စရာ ရွှင်စရာ ကျေနပ်စရာတွေများများနဲ့ ကြုံတွေ့ခဲ့ရတယ်လို့ ဆိုနိုင်တယ်ဗျာ။ စိတ်ညစ်စရာ စိတ်မချမ်းသာစရာလေးတွေလည်း ရှိခဲ့ပါရဲ့။ သို့သော် ရာခိုင်နှုန်းနဲ့ပြောရရင် ကျေနပ်စရာက သုံးမတ်သား၊ စိတ်ညစ်စရာက တစ်မတ်သားပဲ ရှိမယ်ဗျ။ 
 
သည်နှစ်ထဲမှာ ကျွန်တော့်ကျန်းမာရေးကလည်း ဆေးရုံဆေးခန်း သွားစရာမလိုအောင် ကောင်းခဲ့တယ်ဗျာ။ ဝမ်းနာ ခေါင်းကိုက်လောက်ကလွဲပြီး အိပ်ရာထဲ လဲနေလောက်တဲ့ အနေအထားမျိုး မရှိခဲ့ဘူးဗျ။

ကျွန်တော့် အသက်မွေးဝမ်းကျောင်းအလုပ်နဲ့ ယုံကြည်ချက်အလုပ်ဖြစ်တဲ့ စာနယ်ဇင်းအလုပ်မှာလည်း သည်နှစ်အတွင်း ကျွန်တော် အများကြီး နှစ်မြှုပ်ပြီးလုပ်နိုင်ခဲ့တယ်လို့ မိမိဘာသာ ကျေနပ်နေမိတယ်ဗျ။

တချို့လူတွေဆိုရင် မိမိလုပ်နေတဲ့အလုပ်ဟာ ကိုယ့်အတွက်လည်း ကျေနပ်လောက်စရာမရှိ၊ တိုင်းပြည်အတွက်လည်း ဆိုဖွယ်ရာမရှိလို့တွေးမိပြီး မချင့်မရဲဖြစ်နေတတ်ကြတယ် မဟုတ်လားဗျာ။

ကျွန်တော်ကတော့ ခုအနေအထားမှာ စာရေးဆရာ၊ သတင်းစာ ဆရာအဖြစ် နှစ်မြှုပ် လုပ်ကိုင်ခွင့်ရှိနေခြင်းကို အလွန်မှ ပီတိဖြစ်နေပါတယ်။ လောလောဆယ်မှာ တစ်ခြား ဘယ်ဘဝနဲ့မှ မလဲနိုင်လောက်အောင်ကို လက်ရှိအဖြစ်ကို တန်ဖိုးထားပါတယ်လို့ ပြောချင်တယ်ဗျ။

ရက်ပေါင်း ၁၀၀ အတွင်း ဖြစ်နိုင်ခြေ ရှုခင်းများ

ပြီးခဲ့တဲ့ နှစ်လခွဲလောက်က မြန်မာနိုင်ငံရဲ့ ဖြစ်နိုင်ခြေ နိုင်ငံရေး အလားအလာအချို့ကို ကျွန်တော် ရေးခဲ့တာ မှတ်မိကြဦးမယ် ထင်ပါတယ်။ ကျွန်တော်က အောက်ပါအတိုင်းရေးခဲ့ပါတယ်။

ယခု အရှိန်အဟုန်အတိုင်း ဆက်သွားနေရင်ဖြင့် မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ဖြစ်နိုင်ခြေများ (Political scenarios) ဟာ အလွန် အလားအလာ ကောင်းနေပြီလို့ပြောနိုင်တော့မှာ ဖြစ်တယ်ဗျ။ နောက်ထပ် ရက်ပေါင်း ၁၀၀ အတွင်းမှာ အောက်ပါဖြစ်နိုင်ခြေ ရှုခင်းများကို မျှော်မှန်းနိုင်ပါလိမ့်မယ်။

၁။ အစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေးမှုများမှ တိုင်းပြည်အတွက် အကျိုးဖြစ်ထွန်းစေမည့် လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီချက်များကို ပူးတွဲ ကြေညာနိုင်ဖွယ် ရှိပါတယ်။

၂။ ယခု မှတ်ပုံမတင်ရသေးတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ နှစ်ဖက် ကျေနပ်လက်ခံတဲ့ သဘောတူညီချက်များဖြင့် တရားဝင်နိုင်ငံရေး ပါတီအဖြစ်သို့ ရောက်လာပါမယ်။ ကြားဖြတ်ရွေးကောက်ပွဲများမှာ အဖွဲ့ချုပ်ကိုယ်စားလှယ်လောင်းများ ပါဝင် အရွေးခံကြဖွယ် ရှိပါတယ်။

၃။ ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ချုပ်ခေါင်းဆောင်အချို့ဟာ အာဏာနှင့်မသက်ဆိုင်သော တိုင်းပြည်အကျိုးပြု လုပ်ပိုင်ခွင့်ရှိသည့် အပ်နှင်းတာဝန်များကိုလက်ခံပြီး အစိုးရနှင့် ပူးပေါင်းဆောင်ရွက်လာကြဖွယ် ရှိပါတယ်။

၎။ တိုင်းရင်းသားလက်နက်ကိုင်များနှင့် ပဋိပက္ခများ ရပ်ဆိုင်းလျက် နိုင်ငံရေးအရ ဖြေရှင်းနိုင်သည့် သဘောတူညီချက်များ ရရှိနိုင်ပါတယ်။

၅။ လွတ်ငြိမ်းခွင့်ရ ယုံကြည်ချက် အကျဉ်းသားဟောင်းများမှ ၈၈ မျိုးဆက်များ၏ နိုင်ငံရေးတွင် ပါဝင်ဆောင်ရွက်မှု စာမျက်နှာသစ်များကို တွေ့မြင်လာရနိုင်ပါတယ်။

၆။ အမေရိကန်ပြည်ထောင်စုနှင့် ဥရောပနိုင်ငံများမှ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူထားမှုအချို့ ပြန်လည် ရုပ်သိမ်းမည့် ခြေလှမ်းများ သိသာထင်ရှားစွာ ပေါ်ပေါက်လာနိုင်ပါတယ်။

၇။ ပြည်ပဖိအား တစ်စုံတရာကို အကြောင်းပြု၍ ပြည်ထောင်စု တိုင်းရင်းသားများ ပိုမို၍ ကျစ်လစ်ခိုင်မာသော စည်းလုံးညီညွတ်မှုကို တည်ဆောက်နိုင်ကြဖွယ်ရှိပါတယ်။ သမိုင်းမှာ မကြုံဖူးသော အမျိုးသားညီညွတ်မှု စံချိန်တစ်ခု တင်နိုင်ပါလိမ့်မယ်။ 

အထက်ပါ ဖြစ်နိုင်ခြေရှုခင်းများဟာ ကျွန်တော်ရဲ့ အတ္တနောမတိ လိုရာဆွဲ တွေးခေါ်မှု၊ ထင်ယောင်ထင်မှားဖြစ်မှုဖြင့် တင်ပြခြင်း မဟုတ်ပါ။ ထင်သာမြင်သာ အချက်အလက်များကို အခြေခံပြီး ဆင်ခြင်တွက်ဆထားခြင်းသာ ဖြစ်ပါတယ်။ နိုင်ငံရပ်ခြားများမှာတော့ နိုင်ငံရေးဆောင်းပါးရှင်ကြီးများဟာ ယခုလို နိုင်ငံရေး အကဲဖြတ် တွက်ဆချက်တွေကို အခါအားလျော်စွာ ထုတ်ပြန်လေ့ရှိပါတယ်။ မှန်တာလည်း ရှိ၊ လွဲတာလည်း ရှိပေါ့ဗျာ။ ကျွန်တော်လည်း သမ္မတကြီး ဦးသိန်းစိန်အစိုးရ ရက်ပေါင်း ၁၀၀ ပြည့်ချိန်က တစ်ကြိမ် နိုင်ငံရေးသုံးသပ်ချက်အချို့ကို ရေးသားခဲ့ပြီး ယခု ရက်ပေါင်း ၂၀၀ ပြည့်ချိန်မှာ ထပ်မံလေ့လာဆန်းစစ်မိသမျှကို စမ်းသပ်တင်ပြလိုက်ခြင်းဖြစ်ကြောင်းပါလို့ ကျွန်တော် ရေးခဲ့ပါတယ်။ (၁၁၊ ၁၀၊ ၂၀၁၁) 

ကျွန်တော်က မာဂျင် ရက် ၁၀၀ ပဲထားပြီး ရေးခဲ့တာကို သတိပြုမိကြမယ် ထင်တယ်ဗျာ။ အဲဒီ တွက်ဆချက်တွေထဲက ဘယ်လောက် မှန်ခဲ့ပြီလဲဆိုတာ စာဖတ်သူများ တိုက်ဆိုင်ကြည့်နိုင်ပါတယ်။ ဒီချုပ်က ပါတီမှတ်ပုံတင်ဖို့နဲ့ ကြားဖြတ် ရွေးကောက်ပွဲဝင်ဖို့ နိုဝင်ဘာ ၁၈ ရက်မှာ ဆုံးဖြတ်ခဲ့တာပါ။ တိုင်းရင်းသားလက်နက်ကိုင်များနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူတာ ဒီဇင်ဘာလထဲကျမှ ဖြစ်ခဲ့ပါတယ်။ 

ထင်မြင်တာတွေ နှုတ်ပိတ်ထားပါတဲ့

ကျွန်တော့်ရဲ့ ရက် ၁၀၀ အတွင်း နိုင်ငံရေးဖြစ်နိုင်ခြေများ ဆောင်းပါးဖော်ပြခဲ့ပြီး ရက်ပိုင်းအတွင်း အီးမေးလ်ကနေ ဝေဖန်စာတစ်စောင် လက်ခံရရှိပါတယ်။ ထိုသူက ခုလို ရေးလိုက်ပါတယ်။

ဦးဝံသ ခင်ဗျား - ခင်ဗျား ဒီလိုသိနေရင် ဗိုလ်ချုပ်သန်းရွှေ လက်ထက်က ဘာလို့ အဲဒီလိုကြိုပြီး လျှောက်မရေးခဲ့တာပါလဲ ခင်ဗျာ။ ခင်ဗျား မမှန်းတတ်ဘူး မဟုတ်လား၊။ သူတို့က သူတို့လုပ်မဲ့အလုပ် အဲဒီလိုကြိုရေးလိုက်ရင် တခြားတလွဲ လျှောက်လုပ် ပစ်လေ့ရှိတာကို လုံးဝ မသိလို့ ပါလားခင်ဗျာ။ အပြောင်းအလဲက သိပ်ငြင်သာ သိမ်မွေ့စေချင်လို့ ဒေါ်အောင်ဆန်းစုကြည်က ဘာမှ မပြောသွား အသိမပေးသွားတာပါ။

ခင်ဗျား ထင်မြင်တာတွေကို နှုတ်ပိတ်ထားပေးပါ ခင်ဗျာ။

ရုပ်ရှင်ထဲမှာ အတိတ်ကာလကိုသွားလည်တဲ့လူကို မြင်ကွင်းကြည့်တာကလွဲလို့ ဘာတခုမှ မထိမကိုင်ပါနဲ့လို့ မှာလိုက်တာကိုမေ့ပြီး ခဲတလုံးကို နေရာရွှေ့လိုက်မိတာနဲ့ အနာဂတ်(လက်ရှိ ) ကာလကို ပြန်ရောက်လာတော့ အရင်အခြေအနေမဟုတ်ဘဲ အဆိုးဘက်ကိုပြောင်းလဲနေတာ တွေ့ရတယ်။ သူ ဆတ်ဆော့ပြီး ခဲကို ရွှေ့လိုက်မိလို့ ဒီလို ဖြစ်ရတာပါလားလို့ နောက်မှ သိလိုက်ရတယ်။

Obama ကတောင်မှ မြန်မာအစိုးရဟာ ဆီးရီးယားအစိုးရ ထက်တော့သာတယ်လို့ ဒီလောက်ပဲ ချီးမွမ်းသွားတာ သဘောပေါက်သင့်တယ်။

တစ်ကမ္ဘာလုံးက မြန်မာပြည်ဟာ တနှစ်အရွယ် ကလေးငယ် လမ်းစလျှောက်တတ်ခါစလို မတတ်တတတ်နဲ့ လိုက်လျှောက်နေတာကို ဘေးက လူကြီး (နိုင်ငံ) တွေက “လျှောက်တတ်ဘီ၊ လျှောက်တတ်ဘီလို့” လက်ခုပ်တီး အားပေးရင်း ရင်တထိတ်ထိတ်နဲ့ ကြည့်နေကြချိန်ပါ။ ကလေးက မလျှောက်တော့ဘဲ ရှက်ပြီး ဗြဲခနဲ အော်ငိုလိုက်ရင် အားလုံး ဒုက္ခရောက်ကုန်ကြမှာပါဗျာ။

အခုလို ခဲတလုံးရွှေ့မိလိုက်ရင် အနာဂတ်အတွက် အဆိုးတွေ ဖြစ်ကုန်မှာစိုးလို့ပါဗျာ။

NLD ကတောင် ပါတီမှတ်ပုံတင်ဖို့နဲ့ ရွေးကောက်ပွဲဝင်ဖို့ မစဉ်းစား မဆုံးဖြတ်ရသေးပါဘူးလို့ ပြောနေတာ NLD ကို နည်းနည်း အားနာပေးဖို့ ကောင်းပါတယ်။ ကျွန်တော် အမှားရှိရင် သီးခံပါခင်ဗျား။ လေးစားစွာဖြင့်။ 

---

အရင်အတိုင်းပဲဆိုရင်ဖြင့်

၎င်း ဝေဖန်စာရေးသူဟာ အနိမ့်တန်း မဟုတ်ဘူးဆိုတာတော့ ကျွန်တော် မှန်းလို့ရပါတယ်။

မည်သူဖြစ်စေ၊ သူ့ထံ ကျွန်တော်က အောက်ပါ ပြန်စာကို ပေးပို့လိုက်ပါတယ်။ 

ဦး --- ခင်ဗျား

စာကို အစအဆုံး သေသေချာချာ ဖတ်ပြီးပါပြီ။

ကျွန်တော်ဟာ နိုင်ငံရေးသမားတစ်ယောက်အမြင်ထက် သတင်းစာဆရာတစ်ယောက်အမြင်ဖြင့် သည်ဆောင်းပါးကို ရေးလိုက်တာပါ။ တိုင်းပြည်အတွက် ကောင်းမြတ်သောစေတနာနဲ့ ရေးတယ်ဆိုတာ ပြောဝံ့ပါတယ်။

အခြား ဝေဖန်ချက်များကို ပြန်လည် ရှင်းပြလိုခြင်းမရှိပါ။

သို့သော် “သူတို့က သူတို့လုပ်မယ့်အလုပ် အဲဒီလို ကြိုရေးလိုက်ရင် တခြားတလွဲ လျှောက်လုပ်ပစ်လေ့ရှိတာကို လုံးဝ မသိလို့ပါလား ခင်ဗျာ” ဆိုတဲ့အချက်ကိုတော့ ကျွန်တော် ထည့်မတွက်မိပါ။ အရင်ကတော့ အဲဒီအတိုင်း ဟုတ်ပါတယ်။ အခုတော့ အဲသလို မဟုတ်တန်ဘူးလို့ယူဆချက်နဲ့ လက်ရှိ သမ္မတနဲ့ အစိုးရအဖွဲ့ဟာ လူမပြောင်းပေမယ့် မူပြောင်းဖို့ ကြိုးစားနေတယ်လို့ တွက်ဆရှုမြင်ပြီး ခုလို ရေးလိုက်တာပါ။

အဲဒီတွက်ဆချက် မှားလို့တော့ ကျွန်တော့် မှန်းဆချက်အားလုံး မှားပြီလို့သာ မှတ်လိုက်ပါတော့ခင်ဗျာ။

ဝေဖန်စာအတွက် ကျေးဇူးတင်လျှက် - မောင်ဝံသ

---

ခုတော့ ကျွန်တော့် မှန်းဆချက် မမှားဘူးလို့ ပြောနိုင်ပြီပေါ့ခင်ဗျာ။ သူတို့လုပ်မယ့်အလုပ်ကို ကြိုရေးလိုက်ရင် တစ်ခြားတစ်လွဲတွေ လျှောက်လုပ်ပစ်လေ့ရှိတယ်ဆိုတာ အလွန်ကလေးဆန်တာပဲ ဖြစ်ပါတယ်။ လက်ရှိအစိုးရထဲမှာ အဲသလိုလူမျိုးတွေ နေရာမရှိတော့ဘူးလို့ ကျွန်တော် မှန်းဆပြီး ဟောကိန်းတွေ ရေးလိုက်တာပါ။ တော်ပါသေးရဲ့၊ ကျွန်တော် မမှားပေလို့သာ။ 

၂၃၊ ၁၂၊ ၁၁
maungwuntha@gmail.com

ယခုအပတ်ထုတ် ပြည်သူ့ခေတ်ဂျာနယ်မှာ ဖော်ပြခဲ့တဲ့ မောင်ဝံသ/ ပြောချင်လွန်းလို့ ဆောင်းပါး။ 




No comments: