ပထမတန်းနေတာ နှစ်ဝက်လောက်တောင် မကုန်ဘူး။ အဖိုးကို တခါတည်း ဒုတိယတန်းကို တင်ပေးတယ်။ အဖိုးက စာတွေ အကုန်ရနေတာကိုး။ ဘုန်းကြီးကျောင်းမှာနေတုန်းက သင်္ချာလည်းသင်တော့ အဖိုးက သင်္ချာဆိုရင်လည်း ကောင်းကောင်းရတယ်။ အဒေါ်က အဖိုးကို ချီးမွမ်းတယ်။
“ငါ့တူက စာတော်တယ်” တဲ့။
အဲဒီနှစ်မှာ စာမေးပွဲစစ်တော့ အဖိုး ပထမရတယ်။ အရင်တုန်းက ပထမရတဲ့ မိန်းကလေးရှိတယ်။ သူ့နာမည်က နမ့်ရွှေရည် လို့ ခေါ်တယ်။ အဖိုး ပထမရတော့ နမ့်ရွှေရည်က အဖိုးကို မကျေနပ်ဘူး။
အဖိုးရောက်လာတော့ သူ ပထမ မရတော့ဘူး။ ဒါကို သူငယ်ချင်းတွေက ပြန်ပြောပြတာပေါ့။ “နမ့်ရွှေရည်က နင့်ကို မကျေနပ်ဘူး။ အရင်က အတန်းထဲမှာ သူက အမြဲ ပထမ ရနေတာ နင်လာတော့ သူ မရတော့ နင့်ကို သူက မကျေနပ်ဘူး” သူငယ်ချင်းတွေက ဒီလိုပြောတော့ အဖိုးကလည်း ပြန်ပြောတာပေါ့။
နမ့်ရွှေရည်ကလည်း စာတော်တော်ကျက်တယ်။ ဒါပေမယ့် တတိယတန်းမှာလည်း အဖိုးပဲ ပထမ ရတယ်။ အဖိုး စတုတ္ထတန်းရောက်တော့ အငယ်တန်းတွေကို အဖိုးက မြန်မာစာ သင်ပေးရတယ်။ ကျောင်းမှာ ဆရာ မလာရင် ဆရာ့ကိုယ်စား အဖိုးက သင်ပေးရတာ။
ဆရာက အဖိုး မြန်မာစာသင်တာ ကောင်းတယ်လို့ ပြောတယ်။ ဆရာကလည်း အဖိုးကို တော်တော်ချစ်တယ်။ လေးတန်းရောက်တော့ အဒေါ်က “အဖိုးကို စာကြိုးစား တဲ့။ စာတော်ရင် စကောလားရှစ်ဖ် ရမယ်”တဲ့။ အဖိုးက နားမလည်ဘူး။
“စကောလားရှစ်ဖ်ဆိုတာ ဘာလဲ အဒေါ်”
အဒေါ်က “ဆုရတယ်။ ပိုက်ဆံရတယ်လေ။ သူတို့က ကျောင်းပို့ပေးတယ်လေ။ ငါ့တူ ပထမ ရအောင်လုပ်နော်”
“ဟာ သေချာတယ်” လို့ အဖိုးကပြောပြီး စာကျက်တာပေါ့။ ညဆိုရင် တော်တော်နဲ့ မအိပ်ဘူး။ နမ့်ရွှေရည်ကလည်း အဖိုးနဲ့အပြိုင် စာကျက်တာပဲ။ သူတို့အိမ်က မီးခွက်ကလည်း တော်တော်နဲ့ မမှိတ်ဘူး။ သူစာကျက်ရင် အဖိုးတို့အိမ်ကနေ လှမ်းမြင်ရတယ်။ နောက်တော့ တောရောမြို့ပါ ခေတ်ပျက်တော့ ကျောင်းတွေပိတ်လိုက်ရော။ စာမေးပွဲဖြေခါနီးမှာ ကျောင်းတွေပိတ်လိုက်တော့ အဖိုး တော်တော်ဝမ်းနည်းသွားတယ်။
ဧရာဝတီမြစ်ကမ်းမှာ ဒိုင်ဗင်တွေ ထိုးကြပြီ
အဖိုးတို့နေတဲ့ တုန်းလှဲချောင်းရွာမှာ ချောင်းတချောင်းရှိတယ်။ ရွာနာမည်ကလည်း အဲဒီချောင်းကို အစွဲပြုပြီး ခေါ်တာ။ ဒီချောင်းက ဧရာဝတီမြစ်ထဲ စီးဝင်တယ်။ တုန်းလှဲချောင်းက ဧရာဝတီမြစ်နဲ့ သိပ်မဝေးဘူး။ သာလည်း တော်တော်သာယာတယ်။
အဖိုးတို့ခေတ်က ရုပ်ရှင်မင်းသားတွေက ချစ်ဆွေတို့၊ တင်ငွေ၊ ရွှေဘတို့ပေါ့။ ရွှေဘက ပုသိမ်သားလို့ ပြောတယ်။ မင်းသမီးနာမည်တွေက မေ နာမည်တွေ များတယ်။ မေသစ်၊ မေရှင်၊ မေချစ် တို့ခေတ်ပေါ့။
အဖိုးတို့က လူပျိုပေါက်လေးတွေပဲ ရှိသေးတယ်။
ရုပ်ရှင်သွားကြည့်ရင် ကျုံမငေးမြို့မှာ သွားကြည့်ရတယ်။
ဝါးခယ်မနဲ့ ကျုံမငေးမှာ သွားသွားကြည့်ကြတာပေါ့။
ကျုံမငေးက မြို့ငယ်တယ်။ ဝါးခယ်မက မြို့ပိုကြီးပြီး ပိုလည်းစည်တယ်။
တို့ကျုံမငေးမှာပဲ သွားသွားကြည့်ပြီး ပြန်လာရင် ဇာတ်လိုက်မင်းသားတွေ နာမည်ခေါ်ခေါ်ပြီးတော့ တုန်းလှဲချောင်းထဲမှာ ဂျွမ်းတွေထိုး၊ ဒိုင်ဗင်တွေပစ်ပေါ့။
လူကြီးတွေ လစ်ပြီးဆိုရင် အဖိုးတို့ ညီအကိုတသိုက် ဧရာဝတီမြစ်ထဲက တုန်ကင်းကြီးတွေရဲ့ ရွက်တိုင်ထိပ်ဖျားအထိ တက်ပြီး “ချစ်ဆွေ ကွ” “တင်ငွေ ကွ” “ရွှေဘ ကွ” အော်အော်ပြီး ရှေ့ဂျွမ်း၊ နောက်ဂျွမ်း၊ ဒိုင်ဗင်တွေ ထိုးကြတာ။
ရေထဲ ‘ကားခနဲ။ ကားခနဲ’ ထိုးထိုးကျသွားတာ။ ‘ဝုန်း ဝုန်း’ နဲ့ ပျော်လည်း အရမ်းပျော်တယ်။ ဒိုင်ဗင်ထိုးတာ ကြာလာတော့ အဖိုးအကို ဝမ်းကွဲ မောင်သန်းက ပြောတယ်။
“ဟေ့ တို့ဒိုင်ဗင်ထိုးလို့ ဝပြီ။ လတာပြင်မှာ ဂျွမ်းထိုးမယ် ရှေ့ဂျွမ်း၊ နောက်ဂျွမ်းထိုးမယ်”
အားလုံးကလည်း ညီတယ်။ မြစ်ထဲကတက်လာပြီး လတာပြင်ထဲမှာ ဂျွမ်းထိုးကြတာပေါ့။
အဖိုးက အရင်မထိုးဘူး။ သူတို့ ဘယ်လိုထိုးတယ်ဆိုတာ ကြည့်တယ်။ ကမ်းစပ်မှာ လတာတွေက နည်းနည်းပဲရှိတာကိုး။ လတာဆိုတာက ချောင်းကမ်းနားမှာရှိတဲ့ နုန်းတွေ ဗွက်တွေပေါ့။ ဒီကောင်တွေ ရှေ့ဂျွမ်းထိုးတော့ ဟန်ကို ကျနေတာပဲ။ အဖိုးက ထိုင်ပဲကြည့်နေတာပဲ။ မထိုးတော့ဘူး။
နောက်ဂျွမ်းထိုးတော့ ဟိုကောင်တွေက လည်လည်ကျသွားတယ်။
အဖိုးအကိုဝမ်းကွဲတယောက်ဆိုရင် ခေါင်းကြီးလည်ပြီး လတာပြင်ထဲ ထိုးကျသွားတာ အဖိုးက သူတို့ကို ကြည့်ပြီး ရယ်မှရယ်ပဲ။
သူက “ဘာ ရယ်တာလဲ။ လာလေ။ ဒီမှာ လာကူပြီး ဆွဲထုတ်ဦး”
သူ့ခေါင်းကြီးထွက်လာတော့ သူ အသက်တော်တော်နဲ့ ရှူလို့မရဘူး။
နှာခေါင်းထဲ ဗွက်တွေလည်း မနည်းဝိုင်းပြီး ကလော်ထုတ်ရတယ်။
အဖိုးကတော့ ဒီကောင်တွေကို ကြည့်ကြည့်ပြီး ရယ်တာပဲ။
သန်းမောင်ကို အဖိုးက ပြောတယ်။
“ဖြစ်ချင်ဦးလေ။ တင်ငွေတို့၊ ချစ်ဆွေတို့”
သူက “မင်းကလည်း ငါတယောက်ထဲမှ မဟုတ်တာ”
အဖိုးတို့အုပ်စု လေးငါးဆယ်ယောက်လောက်ရှိမယ်။ ညီအကိုဝမ်းကွဲတွေ များတယ်။
ဒီကောင်တွေ ဗွက်တွေ၊ နုန်းတွေနဲ့ လူးနေတာကို အဖိုး ထိုင်ရီတာ တော်တော်ကြာတယ်။
အဖိုး အကိုတယောက်က “မင်းက ငါ့ကို မသနားဘဲ ရီနိုင်တယ်နော်” တဲ့။
နောက်တော့ သူက အဖိုးကို ပြောတယ်။
“မင်း ဒီအကြောင်း အိမ်ရောက်ရင် အမေ့ကို ပြန်မပြောနဲ့နော်။ ဒီမှာလည်း တော်တော်ခံရနေပြီ။ အိမ်ပြန်ရောက်ရင် တခါ ထပ်အရိုက်ခံနေရဦးမယ်။ အမေရိုက်မှာ ငါ ကြောက်တယ်”
အဖိုးက “မပြောပါဘူးကွာ မင်းကလည်း”
“ပြောရင်တော့ မင်းအသေပဲမှတ်” တဲ့ သူက အဖိုးကို ကြိမ်းတယ်။
အဖိုးက ဘယ်ပြန်ပြောမလဲ။ ပြောရင် အဖိုးလည်း အရိုက်ခံရမှာပေါ့။
ဆက်လက်ဖော်ပြပါမယ်။
No comments:
Post a Comment