Saturday, December 24, 2011

လူငယ်ဂျာနယ်လစ်တွေ ခြေမကျွံစေချင်လို့ (လူထုစိန်ဝင်း)

လောကမှာ တူသလိုနဲ့မတူတာတွေ ရှိသလို၊ မတူသလိုနဲ့ တူနေတာမျိုတွေလည်း ရှိတယ်။ သတင်းစာဆရာနဲ့ စာရေးဆရာဟာ စာတွေရေးနေကြတာချင်းတူပေမယ့် သဘော သဘာဝကျတော့ အခြေခံကစပြီး မတူကြဘူး။ အတော်လေး ကွဲပြားခြားနားတယ်။

ခံစားမှုကို အခြေခံ

စာရေးဆရာက အဖြစ်အပျက်တစ်ခု အကြောင်းအရာတစ်ခု မြင်တွေ့လိုက်ရတဲ့အခါမှာ ရုတ်တရက် သူ့ရင်မှာ ဖျိုးခနဲ ဖျတ်ခနဲဖြစ်ပေါ်လာတဲ့ ခံစားမှုကိုအခြေခံပြီး စာဖတ်သူများကို သူခံစားရသလို ခံစားစေလိုတဲ့ဆန္ဒနဲ့ ဝတ္ထုတစ်ပုဒ်ဖြစ်အောင် ရေးသားတယ်။ အဲ့ဒီလိုရေးသားရာမှာ အဖြစ်အပျက် အကြောင်းအရာကို စာပန်းချီ ချယ်မှုန်းသလို အရောင်အသွေး စုံအောင် ထည့်ရတယ်။ အလင်းအမှောင် ညီညွတ်မျှတအောင်လည်း ဂရုစိုက်ရတယ်။ အကျယ်ချဲ့သင့်တဲ့နေရာမှာ ချဲ့ပြီး ချုံ့သင့်တဲ့နေရာမှာ ချုံ့ရတယ်။ ဝတ္ထုတစ်ပုဒ် ကောင်းမကောင်းဆိုတာ ဇာတ်လမ်း အဖြစ်အပျက် ကောင်းမကောင်း ဆိုတာထက် ဝတ္ထုရေးဆရာရဲ့ခံစားမှု စူးရှထက်မြက်မှု ရှိမရှိဆိုတာအပေါ် ပိုပြီး တည်တယ်။ ဇာတ်လမ်း ဘယ်လောက် ကောင်းကောင်း စာရေးဆရာရဲ့ ခံစားမှု စူးရှထက်မြက်မှု မရှိရင် ဝတ္ထုကောင်းတစ်ခု ဖြစ်မလာနိုင်တော့ဘူး။ ဝတ္ထုရေးဆရာကောင်းတစ်ယောက် ဖြစ်ဖို့အတွက် နက်နက်ရှိုင်းရှိုင်း ခံစားတတ်တဲ့ အလေ့အကျင့်ရှိဖို့ လိုပါတယ်။

ခံစားမှုကို ချိုးနှိမ်

သတင်းစာဆရာကျတော့ အဲဒီလို မဟုတ်ဘူး။ ကိုယ်ပိုင်ခံစားချက်ကို လုံးဝ ချိုးနှိမ်ထားရတယ်။ ဖြစ်တာကို ဖြစ်တဲ့အတိုင်း၊ မြင်တာကို မြင်တဲ့အတိုင်း၊ ကြားတာကို ကြားတဲ့အတိုင်း အပိုအလိုမရှိ အတိုအကျ ဖော်ပြရတယ်။ အဖြစ်အပျက်ကို ပုံကြီးမချဲ့ရသလို ချုံ့ပစ် ဖျောက်ပစ်လည်း မလုပ်ရဘူး။ သတင်းရေးတဲ့အခါ ဝတ္ထုရေးသလို ဖွဲ့ကာနွဲ့ကာနဲ့ စာပန်းချီ ချယ်မှုန်းတာမျိုး မလုပ်ရဘူး။ စာမျက်နှာတိုင်းမှာ စာဖတ်ပရိသတ်အတွက် တန်ဖိုးရှိတဲ့သတင်းတွေ များများပါအောင် ထည့်နိုင်ဖို့အတွက် အရေးအသား သိပ်သည်း ကျစ်လျစ်ရမယ်၊ လိုတိုရှင်း ဖြစ်ရမယ်။ မလိုအပ်တဲ့ စကားလုံးပိုတွေ မပါလေ ဝါကျက ခွန်အားရှိလေ ဖြစ်တယ်။ သတင်းရေးတဲ့အခါမှာ ကိုယ့်အမြင်၊ ကိုယ့်အယူအဆတွေ၊ ကိုယ့်အာဘော်တွေ လုံးဝ ကင်းစင်စေရမယ်။ ကိုယ့်အမြင်၊ ကိုယ့်အယူအဆ၊ ကိုယ့်အာဘော်ကို ဖော်ထုတ်ချင်ရင် ကိုယ့်နာမည်ခံပြီး ဆောင်းပါးအဖြစ် ရေးနိုင်တယ်။ သတင်းမှာတော့ ကိုယ်မြင်တာကို မြင်တဲ့အတိုင်းပဲ ရေးရမယ်။

တိုက်ပွဲတိုင်း ရှေ့ကပါ

စာရေးဆရာနဲ့ သတင်းစာဆရာတူသလိုနဲ့ မတူသလို၊ သတင်းစာဆရာနဲ့ နိုင်ငံရေးသမားဟာလည်း တူသလိုနဲ့ မတူကြဘူး။ နိုင်ငံတစ်နိုင်ငံအတွက် နိုင်ငံရေးသမားတွေဟာ အရေးပါတဲ့ မရှိမဖြစ်နေရာက ပါဝင်နေသလို သတင်းစာဆရာတွေဟာလည်း စတုတ္ထမဏ္ဍိုင်ရယ်လို့ သတ်မှတ်ရလောက်အောင် အရေးပါသူတွေ ဖြစ်ကြတယ်။ အထူးသဖြင့် လွတ်လပ်ရေးအတွက် ဒါမှမဟုတ် ဒီမိုကရေစီရေးအတွက် တိုက်ပွဲဝင်နေရတဲ့ နိုင်ငံတွေမှာ နိုင်ငံရေးသမားတွေနဲ့တန်းတူ သတင်းစာဆရာတွေလည်း ရှေ့တန်းက အမြဲတန်း တိုက်ပွဲဝင်ခဲ့ကြတယ်။ “မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးတိုက်ပွဲမှန်သမျှမှာ သတင်းစာဆရာတွေ ရှေ့တန်းကမပါတဲ့ တိုက်ပွဲတစ်ခုမှ မရှိခဲ့ဘူး” ဝန်ကြီးချုပ်ဦးနုကို ဘဝရှင်မင်းတရားကြီး ဖြစ်နေပြီလို့ ဝေဖန်ပြီး ယဉ်ကျေးမှုဝန်ကြီးရာထူးက ထွက်ခဲ့တဲ့ နေ့စဉ်သတင်းစာ အယ်ဒီတာချုပ် ဆရာဦးထွန်းဖေ ပြောခဲ့တဲ့စကားပါ။

ရန်သူတော် နံပါတ်တစ်

ဟုတ်ပါတယ်။ နယ်ချဲ့ဆန့်ကျင်ရေး တိုက်ပွဲစဉ်တစ်လျှောက်လုံးမှာ သူရိယတို့ မြန်မာ့အလင်းတို့ ဆိုတဲ့ သတင်းစာကြီးတွေဟာ ရှေ့တန်းက ပါခဲ့ကြပါတယ်။ ဖက်ဆစ်တော်လှန်ရေးကာလမှာလည်း ပါခဲ့ပါတယ်။ ဆရာကြီး သခင်ကိုယ်တော်မှိုင်းဆိုရင် နယ်ချဲ့အင်္ဂလိပ်အစိုးရက ရန်သူတော် နံပါတ်တစ်အဖြစ် သတ်မှတ်ခဲ့သလို၊ ဂျပန်ခေတ်မှာလည်း တိမ်းရှောင် ပုန်းအောင်းနေခဲ့ရပါတယ်။ နိုင်ငံရေးကိစ္စမှန်သမျှမှာ သတင်းစာဆရာတွေဟာ ခေတ်တိုင်းမှာရှေ့တန်းကပါခဲ့ကြတာမှန်ပေမယ့် သတင်းစာဆရာနဲ့ နိုင်ငံရေးသမားဟာ သဘာဝချင်းဖြင့် မတူဘူး။ အများကြီး ခြားနားတယ်။

ဒဲ့ဒိုးပြောရတယ်

သတင်းစာဆရာက အထက်မှာရေးခဲ့သလို ဖြစ်တာကိုဖြစ်တဲ့အတိုင်း၊ မြင်တာကိုမြင်တဲ့အတိုင်း သနပ်ခါး လိမ်း၊ ပန်းပန် မလုပ်ဘဲ အရင်းအတိုင်း ဒဲ့ဒိုး (တဲ့တိုး) ပြောရတယ်။ ပြုပြင်ဖာထေးလုံးဝ မလုပ်ရဘူး။ နိုင်ငံရေးသမားရဲ့ သဘာဝကျတော့ အဲဒီလို မဟုတ်ဘူး။ ဖြစ်တာကိုဖြစ်တဲ့အတိုင်း၊ မြင်တဲ့၊ ကြားတဲ့အတိုင်း ပြောလို့မဖြစ်တဲ့အခါတွေ ရှိတယ်။ လူအများ လက်ခံချင်အောင် သကာရည်လောင်းပြီး ပေးရတဲ့အခါတွေ ရှိတယ်။ သနပ်ခါးလိမ်း၊ ပန်းပန်ပေးရတဲ့အခါတွေ ရှိတယ်။ မချစ်သော်လည်း အောင့်ကာနမ်းလုပ်ရတာမျိုးတွေ ရှိတယ်။ စိတ်ထဲက ခါးသီးနေပေမယ့် “သံတမန်ပြုံး” (Diplomatic Smile) ပြုံးပြရတာတွေ ရှိတယ်။ ကတ်္တီပါလက်အိတ်အောက်မှာ သံလက်သီးစွပ်ထားရတာမျိုးလည်း လုပ်တတ်ရတယ်။

ပါတီဝင်ကောင်းဆိုတာ

နိုင်ငံရေးသမားတွေ မကောင်းဘူးလို့ပြောတာ မဟုတ်ဘူး။ နိုင်ငံရေးရဲ့သဘာဝကိုက အဲဒီလိုရှိတယ်ဆိုတာကို ပြောတာပါ။ အများနဲ့ဆက်ဆံရ၊ နိုင်ငံတကာနဲ့ ဆက်ဆံရတာဆိုတော့ ဒစ်ပလိုမေစီဆိုတဲ့ သံတမန်ပရိယာယ်ကို မသုံးမဖြစ် သုံးရတယ်။ စိတ်ထဲမှာရှိတဲ့အတိုင်း ပြောလို့ လုပ်လို့ မဖြစ်ဘူး။ ကိုယ်က လက်မခံနိုင်ပေမယ့် ပါတီထဲမှာ အများစုက လက်ခံတယ်ဆိုရင် အများစု သဘောတူ ဆုံးဖြတ်တာကို လိုက်နာ လက်ခံရတယ်။ ကိုယ်မကြိုက်ပေမယ့် အများဆုံးဖြတ်တာကို လိုက်လုပ်ရတယ်။ ဒါမှ ပါတီဝင်ကောင်းလို့ ဆိုနိုင်တယ်။ ဒါဟာ ဒီမိုကရေစီရဲ့ သဘော သဘာဝလည်းဖြစ်တယ်။

ရယ်စရာစကား

၂၀၁၁ ခုနှစ်အတွင်းမှာ အပြောင်းအလဲတွေ အများကြီးမြင်တွေ့ခဲ့ရတယ်။ နှစ်ပေါင်းငါးဆယ်အတွင်း မတွေ့မမြင်ရတဲ့ အရာတွေကို မြင်တွေ့လာရတယ်။ မကြားဖူးတဲ့အရာတွေကို ကြားလာရတယ်။ ဒီမိုကရေစီဆိုတဲ့အသံတွေ ညံနေအောင် ကြားရတယ်။ တချို့က အရိပ်အယောင်ကိုပဲ မြင်တွေ့ရသေးပြီး၊ အကောင်အထည်ကို မတွေ့ရသေးဘူး။ တချို့က အသံသာကြားပြီး အရိပ်အယောင်ကို မတွေ့ရသေးဘူး။ တစ်လောက မိတ်ဆွေတစ်ယောက်က နောက်ပြောင်ပြောဖူးတယ်။ ခုချိန်ထိတော့ ဒီမိုကရေစီရတာ ၃ ခုပဲ သူ တွေ့တယ်တဲ့။ အဲဒါကတော့ ဒေါ်အောင်ဆန်းစုကြည်ရယ်၊ သင်္ဃန်းကျွန်းအမတ် ဦးသိန်းညွန့်ရယ်ဈ ဂျာနယ်တွေရယ်ပဲ တဲ့။ သူက ရယ်စရာအဖြစ် ပြောခဲ့တာပါ။

ဘောလုံးပွဲ အသံလွှင့်သူလို

သူပြောသလိုပဲ ဂျာနယ်တွေကတော့ လက်တွေ့ သိသိသာသာ ဒီမိုကရေစီကို ထိတွေ့နေရတယ်။ အရင်က ရေးလို့မရတာတွေ အခု ရေးလို့ရလာတယ်။ ဖြုတ်တာ ဖြတ်တာ မရှိသလောက် နည်းသွားတယ်။ ရေးခွင့်ရလာလို့ ရေးရင်းနဲ့ ဂျာနယ်သမားတွေ နိုင်ငံရေးသမား ဖြစ်မှန်းမသိ ဖြစ်မသွားအောင်တော့ သတိပြုဖို့ လိုနေတာတွေ့ရပါတယ်။ တချို့ ဂျာနယ်သမားတွေက ဘောလုံးပွဲ တိုက်ရိုက်အသံလွှင့်သူတွေနဲ့ တူတူလာတာ တွေ့ရတယ်။ ဘောလုံးပွဲ သတင်းလွှင့်သူရဲ့ တာဝန်က ကွင်းထဲမှာ ကစားနေတာတွေကို ပရိသတ်မျက်စိထဲ ရှင်းခနဲ ကွင်းခနဲမြင်လာအောင် ပြောပြရမှာဖြစ်တယ်။ ဒါပေမယ့် သတင်းကြေညာသူတွေက ကစားပုံတွေကို ပြောမယ့်အစား ကစားကွက် နည်းဗျူဟာတွေ မှားနေတဲ့အကြောင်း၊ နည်းပြက လူထုတ်ပုံ မမှန်တဲ့အကြောင်း၊ ဘယ်နေရာမှာ ဘယ်သူ့ကိုထားသင့်တဲ့အကြောင်း ဝင်ဝင်ပြီး ဆရာလုပ်လေ့ ရှိကြတယ်။

ခြေမကျွံစေချင်လို့

ဘောလုံးပွဲသတင်းထောက်ရဲ့အလုပ်က ဘောလုံးကစားပုံတွေကို ပရိသတ်က ကိုယ်တိုင် ဝင်ကြည့်နေရသလို ခံစားရအောင် ပြောပြဖို့၊ ရေးပြဖို့ပဲ တာဝန်ရှိတယ်။ ဘောလုံးသင်းနည်းပြကို သွားပြီး ဆရာလုပ်ဖို့ မဟုတ်ဘူး။ ဒါက သူ့အလုပ် မဟုတ်ဘူး။ တစ်ချို့ဂျာနယ်တွေက နိုင်ငံရေးသတင်းတွေအကြောင်း စာဖတ်ပရိသတ် သိအောင်ရေးပြရုံတင် မဟုတ်တော့ဘဲ ဘယ်ကိစ္စ လုပ်လိုက်တာ မှားတယ်။ ဘယ်ဟာကို ဘယ်လိုလုပ်သင့်တယ်။ ဘယ်လိုတော့ မလုပ်သင့်ဘူး စသဖြင့်၊ စသဖြင့် ဝင်ပြီး ဆရာလုပ်နေတာ တွေ့ရတယ်။ တချို့ကျတော့ ပါတီတစ်ခုအတွက် သိသိသာသာ ပြောင်ကျကျ ဝါဒဖြန့်ပေးနေတာမျိုးလည်း ရှိတယ်။ ဒူးနေရာ ဒူး၊ တော်နေရာတော် ဆိုတဲ့ မြန်မာစကားအတိုင်း ဂျာနယ်သမားက ဂျာနယ်အလုပ် လုပ်၊ နိုင်ငံရေးသမားက နိုင်ငံရေး အလုပ်လုပ်၊ သူ့နယ်နဲ့သူ စည်းခြားမှုရှိဖို့ လိုပါတယ်။ ဂျာနယ်သမား လူငယ်တွေ ခြေမကျွံစေချင်လို့ပါ။

The Hot News အတွဲ ၂၊ အမှတ် ၇၁ မှ …


 

No comments: