Thursday, December 22, 2011

ဝေါလမ်းမ … မဟုတ် ငါတို့ရဲ့လမ်းမ (ကြည်ဝင်း)

"လူထုကို လမ်းပေါ်ထွက်ပါလို့ပြောတိုင်း ထွက်လာမှာ မဟုတ်သလို မထွက်ပါနဲ့တားလို့လည်း မရပါဘူး။ သူတို့ဘဝအရ သူတို့ပဲဆုံးဖြတ် လုပ်ဆောင်ကြမှာ ဖြစ်ပါတယ် ..."


ကမ္ဘာပတ်သွားတဲ့ လမ်းပေါ်နိုင်ငံရေး

အောက်တိုဘာလ ၁၆ ရက်နေ့က လမ်းပေါ်နိုင်ငံရေးဟာ ကမ္ဘာပတ်သွားပြန်ပါတယ်။ အာရပ်နွေဦးလိုမျိုးနဲ့ မတူတာက ဒီတခါ စဖြစ်တဲ့နိုင်ငံဟာ ဆင်းရဲတဲ့နိုင်ငံ မဟုတ်တာပါပဲ။ ဆင်းရဲတဲ့နိုင်ငံ မဟုတ်ရုံတင်မကပါဘူး။ ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံဖြစ်တဲ့ အမေရိကန်နိုင်ငံက စတင်ပေါက်ဖွားလာတာပဲ ဖြစ်ပါတယ်။

ဝေါလမ်းမကို သိမ်းပိုက်ကြဆိုတဲ့လှုပ်ရှားမှုဟာ စက်တင်ဘာ ၁၆ ရက်နေ့မှာ စတင်ဖြစ်ပွားခဲ့ပါတယ်။ လှုပ်ရှားမှုရဲ့ ရည်ရွယ်ချက်ကတော့ ကော်ပိုရေးရှင်းကြီးတွေရဲ့ လောဘရမ္မက်ကြီးမှု၊ လူမှုတရားမျှတမှု ကင်းမဲ့မှု၊ ဝင်ငွေကွာဟမှုနဲ့ ဘဏ်ကြီးတွေနဲ့ ကော်ပိုရေးရှင်းကြီးတွေက အစိုးရအဖွဲ့အပေါ် လွှမ်းမိုးချယ်လှယ်နေမှုတွေကို ဆန့်ကျင်ကန့်ကွက်ကြဖို့ပဲ ဖြစ်ပါတယ်။ စတင်ပြီး မကြာခင်မှာပဲ အမေရိကန်နိုင်ငံက မြို့ကြီး တော်တော်များများဆီ ပြန့်သွားပါတယ်။

အောက်တိုဘာ ၁၆ ရက်နေ့မှာတော့ နိုင်ငံအများအပြားက မြို့ကြီးတွေမှာပါ အလားတူ ကန့်ကွက်ဆန္ဒပြပွဲတွေ ဖြစ်ပွားသွားပါတယ်။ နိုင်ငံပေါင်း ၈၂ နိုင်ငံက မြို့ကြီးပေါင်း ၉၅၁ မြို့မှာ ကန့်ကွက်ချီတက်ပွဲတွေ ပြုလုပ်ခဲ့ကြပါတယ်။ ကမ္ဘာ့လူဦးရေရဲ့ ၁% သာရှိတဲ့ အချမ်းသာဆုံး လူတစုကို ရည်ညွှန်းတဲ့အနေနဲ့ ‘ငါတို့ဟာ ၉၉%’ ဆိုတဲ့ ဆိုင်းဘုတ်တွေကို ကန့်ကွက်ဆန္ဒပြသူတွေက ကိုင်ဆောင်ကြပါတယ်။ ဒါ့အပြင် ‘အရင်းရှင်စနစ်ကို အဆုံးသတ်လော့’ ‘အရင်းရှင်စနစ် ကျဆုံးပါစေ၊ ပြည်သူတွေကို လွတ်လပ်ခွင့်ပေး’ စတဲ့ ဆိုင်းဘုတ်တွေကိုလည်း ကိုင်ဆောင်လာကြတာကို တွေ့ရပါတယ်။ 


အကြောင်းရင်းများ

ဒီလို ကန့်ကွက်ပွဲတွေ ဖြစ်ပွားရတဲ့ အကြောင်းရင်းတွေက ဘာလဲဆိုတာကို မကြာမီကလေးကမှ ထုတ်ပြန်လိုက်တဲ့ အမေရိကန်နိုင်ငံမှ နယူးယောက်တိုင်းနဲ့ စီဘီအက်စ်သတင်းဌာနတို့ ပူးတွဲကောက်ယူခဲ့တဲ့ စစ်တမ်းရဲ့ ရလဒ်တွေကိုကြည့်ရင် တွေ့ရမှာ ဖြစ်ပါတယ်။ အဲဒီစစ်တမ်းအရ အမေရိကန်ပြည်သူတွေရဲ့ အစိုးရအပေါ် အယုံအကြည်ကင်းမဲ့မှုဟာ အမြင့်မားဆုံးဖြစ်နေတာကို တွေ့ရပါတယ်။ 

စစ်တမ်းအရ အမေရိကန်စီးပွားရေးဟာ ဆက်လက်တုံ့ဆိုင်းနေမယ် သို့မဟုတ် ပိုပြီးဆိုးသွားလိမ့်မယ်လို့ အမေရိကန်နိုင်ငံသား အားလုံးနီးပါးက စိုးရိမ်ပူပန်နေကြပါတယ်။ ဓနဥစ္စာတွေကို ပိုပြီး ညီညီမျှမျှ ခွဲဝေသင့်တယ်လို့ ပြည်သူ သုံးပုံ နှစ်ပုံက ပြောပါတယ်။ ကွန်ဂရက်က ရီပတ်ဗလစ်ကင်အမတ်တွေဟာ သူကြွယ်တွေကို မျက်နှာသာပေးတယ်လို့ အမေရိကန်နိုင်ငံသား ၁၀ ယောက်မှာ ၇ ယောက်က ယူဆတယ်။ ကော်ပိုရေးရှင်းကြီးတွေအပေါ် အခွန်အခ လျှော့ပေါ့ပေးတာကို နိုင်ငံသား သုံးပုံ နှစ်ပုံက ကန့်ကွက်တယ်။ သန်းကြွယ်သူဌေးကြီးတွေအပေါ်မှာ ဝင်ငွေခွန် တိုးကောက်ဖို့ကိုလည်း အလားတူ သုံးပုံ နှစ်ပုံက လိုလားပါတယ်။

အမေရိကန်အစိုးရ လုပ်ကိုင်ဆောင်ရွက်နေတာတွေဟာ မှန်မှန်ကန်ကန်ရှိတယ်လို့ မယုံကြည်သူဟာ အမေရိကန်နိုင်ငံသား စုစုပေါင်းရဲ့ ၈၉% ရှိပါတယ်။ ဒါ့အပြင် ၇၄% က အမေရိကန်နိုင်ငံဟာ လမ်းကြောင်းလွဲနေပြီလို့ ဆိုကြပါတယ်။ ၈၄% ကတော့ ကွန်ဂရက်အပေါ် အယုံအကြည် မရှိပါဘူး တဲ့။ ဒါကတော့ ဒီမိုကရက်ရော၊ ရီပတ်ဗလစ်ကင်ကိုပါ ဆိုလိုတာပါပဲ။

အခုဖြစ်ပွားနေတဲ့ ‘ဝေါလမ်းမကို သိမ်းပိုက်ကြ’ လှုပ်ရှားမှုဟာ အမေရိကန်ပြည်သူတွေရဲ့ ခံစားမှုတွေကို ကိုယ်စားပြုတယ်လို့ ပြည်သူရဲ့ ၄၆% က ဆိုပါတယ်။ ဒါနဲ့ဆန့်ကျင်စွာပဲ ရီပတ်ဗလစ်ကင်ကတော့ ဒါဟာ ‘အမေရိကန် မဆန်တဲ့ လူဟော့သွမ်းတစု’ လို့ ကင်ပွန်းတပ်ပါတယ်။ အုပ်စိုးသူနဲ့ အုပ်စိုးခံတို့ရဲ့ အမြင်ကွဲပြားမှုပါပဲ။ ဗမာပြည်က စစ်အစိုးရကလည်း ဆန္ဒပြပွဲတွေဖြစ်တိုင်း ဆူပူအကြမ်းဖက်မှုတွေလို့ ပြောတာပဲ မဟုတ်လား။

“အမေရိကန်ပြည်သူတွေရဲ့ မကျေနပ်မှုကို သူတို့က (ဝေါလမ်းမကို သိမ်းပိုက်ကြလှုပ်ရှားသူတွေ) ရောင်ပြန်ဟပ်ပြနေတာပါပဲ။ နိုင်ငံက သွားနေတဲ့လမ်းကြောင်းနဲ့ ပတ်သက်ပြီး ပြည်သူတွေက စိတ်မချမ်းမြေ့ကြပါဘူး။ အထူးသဖြင့် အလုပ်အကိုင်မရှိတဲ့ကိစ္စနဲ့ ပတ်သက်လို့ပေါ့။ ဝါရှင်တန်ကတော့ ဒီကိစ္စကို ပူပန်ပုံတောင် မပေါ်ပါဘူး” လို့ ရှီလာရှရစ်ဗာဆိုတဲ့ အငြိမ်းစား ကျောင်းဆရာမ တဦးက ပြောပါတယ်။

ဝင်ငွေကွာဟမှု

လောလောလတ်လတ် နောက်ထပ်ထွက်လာတဲ့ တွေ့ရှိမှုတခုကလည်း ‘ဝေါလမ်းမကို သိမ်းပိုက်ကြ’ လှုပ်ရှားမှုပေါ်ပေါက်စေတဲ့ အကြောင်းအချက်တခုဖြစ်တဲ့ ဝင်ငွေကွာဟမှုကို မီးမောင်းထိုးပြခဲ့ပါတယ်။ ကွန်ဂရက်ရဲ့ တာဝန်ပေးချက်အရ အမေရိကန်ကွန်ဂရက် ဘတ်ဂျက်ရုံးရဲ့ စူးစမ်းလေ့လာတွေ့ရှိချက် ဖြစ်ပါတယ်။ အဲဒီအစီရင်ခံစာအရ ပြီးခဲ့တဲ့ ဆယ်စုနှစ်သုံးခုအတွင်း ထိပ်ဆုံး ၁% ရဲ့ဝင်ငွေဟာ နှစ်ဆတိုးလာပါတယ် တဲ့။ ဒီအစီရင်ခံစာက အချက်အချို့ကို အောက်မှာ ဖော်ပြလိုက်ပါတယ်။

• လူဦးရေ စုစုပေါင်းရဲ့ ၁% ရှိတဲ့ အချမ်းသာဆုံး အိမ်ထောင်တွေရဲ့ အခွန်ကောက်ပြီး ဝင်ငွေဟာ (ငွေဖောင်းပွမှုကို ထည့်တွက်ညှိထား) ၂၇၅% တိုးလာပါသတဲ့။ လူဦးရေ စုစုပေါင်းရဲ့ ၂ဝ% ရှိတဲ့ အခြားကြွယ်ဝသူတွေရဲ့ အခွန်ကောက်ပြီး ဝင်ငွေကတော့ ၆၅% တိုးလာပါတယ်။ 

• လူဦးရေစုစုပေါင်းရဲ့ ၁% ရှိတဲ့ ထိပ်ဆုံးသူကြွယ်တွေရဲ့ အခွန်ကောက်ပြီး ဝင်ငွေဟာ ၁၉၇၉ ခုနှစ်မှာ ဝင်ငွေစုစုပေါင်းရဲ့ ၈% သာရှိရာမှ ၂ဝဝ၇ ခုနှစ်မှာတော့ ၁၇% ရှိလာတယ်။ 

• လူဦးရေစုစုပေါင်းရဲ့ ငါးပုံတပုံသာရှိတဲ့ တခြားကြွယ်ဝသူတွေရဲ့ အခွန်ကောက်ပြီးဝင်ငွေဟာ ၁၉၇၉ ခုနှစ်မှာ ဝင်ငွေအား လုံးရဲ့ ၄၃% ရှိရာမှ ၂ဝဝ၇ ခုနှစ်မှာတော့ ဝင်ငွေအားလုံးရဲ့ ၅၃% ဖြစ်လာတယ်။ ကျန်ငါးပုံလေးပုံရရှိတဲ့ ဝင်ငွေထက် ပိုများသွားပါပြီ။

• လူဦးရေရဲ့ ငါးပုံ တပုံဖြစ်တဲ့ အောက်ခြေက အဆင်းရဲဆုံးတွေရဲ့ အခွန်ကောက်ပြီး ဝင်ငွေကတော့ ၁၉၇၉ မှာ ဝင်ငွေအားလုံးရဲ့ ၇% ရှိရာမှ ၂ဝဝ၇ ခုနှစ်မှာတော့ ၅% သို့ ကျသွားပါတယ်။

• လူဦးရေစုစုပေါင်းရဲ့ ငါးပုံ သုံးပုံရှိတဲ့ အလယ်အလတ်တွေရဲ့ အခွန်ကောက်ပြီး ဝင်ငွေဟာ ၁၉၇၉ ခုနှစ်မှ ၂ဝဝ၇ ခုနှစ် အတွင်းမှာ ၂% မှ ၃% လောက် ကျသွားပါတယ်။ 

လူဦးရေရဲ့ ၁% သာရှိတဲ့ ထိပ်ဆုံးလူချမ်းသာတွေရဲ့ ဝင်ငွေကိုဖော်ပြတဲ့ ဂရပ်ဖစ်တခုလည်း အောက်မှာ ဖော်ပြလိုက်ပါတယ်။ ၁၉၃ဝ ခု မဟာစီးပွားပျက်ကပ်ကာလနဲ့ ၂ဝဝ၈ စီးပွားပျက်ကပ်ကာလတွေမှာ ဝင်ငွေမြင့်မားကြတာကို တွေ့ရမှာပါ။ ဒါကြောင့်လည်း ပြည်နာမှငွေရှာကောင်းတယ်လို့ ဆိုကြတာနဲ့တူပါတယ်။ 


အလုပ်လက်မဲ့ပြဿနာ

၂ဝဝ၈ စီးပွားပျက်ကပ်ကြောင့် အခုထက်ထိ အမေရိကန် အပါအဝင် ဥရောပနိုင်ငံတွေမှာ အလုပ်လက်မဲ့တွေ တိုးများနေပါတယ်။ အမေရိကန်နိုင်ငံမှာ အလုပ်လက်မဲ့ ၉.၁% ရှိပါတယ်။ အသက် ၂၅ နှစ်အောက်ဆိုရင် အလုပ်လက်မဲ့ ၁၇.၁% ရှိတယ်။ 

ဥရောပဘုံဈေးအဖွဲ့ဝင်နိုင်ငံတွေမှာ လူငယ်အလုပ်လက်မဲ့ဟာ ပျမ်းမျှခြင်း ၂ဝ.၉% ရှိတယ်။ စပိန်မှာဆိုရင် ကြောက်ခမန်းလိလိ ၄၆.၂% ရှိတယ်။

အပြောင်းအလဲကို စောင့်လို့

ဒါတွေဟာ ၂ဝဝ၈ စီးပွားပျက်ကပ်က စလာတဲ့ အကျပ်အတည်းတွေပဲ ဖြစ်ပါတယ်။ ဒီအချက်တွေကို ကြည့်ခြင်းအားဖြင့် အခုချိန်ထိ နာလန်မထူသေးတဲ့အပြင် ပိုတောင်ဆိုးဆိုးလာတာကို တွေ့ရမှာဖြစ်ပါတယ်။ ဒီလို အကျပ်အတည်း ဆိုက်နေတာကြာနေပြီဖြစ်ပေမယ့် ဘာကြောင့် အခုမှ ဒီလှုပ်ရှားမှုတွေ ပေါ်လာရသလဲလို့ မေးစရာ ရှိပါတယ်။

အမေရိကန်နိုင်ငံမှာ အိုဘားမား သမ္မတရွေးကောက်ပွဲဝင်တော့ အပြောင်းအလဲ ဆိုတဲ့ ကြွေးကြော်သံနဲ့ဝင်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။ စီးပွားပျက်ကပ်နဲ့ကြုံနေတဲ့ အမေရိကန်ပြည်သူတွေကလည်း အပြောင်းအလဲကို မျှော်လင့်ပြီး မဲပေးခဲ့ကြပါတယ်။ ဒါပေမယ့် မျှော်လင့်သလို မဖြစ်ခဲ့ပါဘူး။ ပြည်သူတွေရဲ့ဘဝဟာ ပိုလို့သာ ဆိုးလာပါတယ်။ ဒီလိုနဲ့ပဲ အခုလို ‘ဝေါလမ်းမကို သိမ်းပိုက်ကြ’ ဆိုတဲ့ လှုပ်ရှားမှုကြီး ပေါ်လာခဲ့တာ ဖြစ်ပါတယ်။


အဆုံးအဖြတ်က ပြည်သူပဲ

တကယ်ပြောင်းလဲ မပြောင်းလဲဆိုတာကို ပြည်သူတွေက သူတို့ရဲ့လက်တွေ့ဘဝတွေအရပဲ ဆုံးဖြတ်ကြတာ ဖြစ်ပါတယ်။ ဘယ်သူတွေက ပြောင်းလဲပါပြီပြောပြော သူတို့ဘဝအရပဲ ဟုတ်မဟုတ် ဆုံးဖြတ်ကြတာ ဖြစ်ပါတယ်။ သူတို့လိုလားနေတဲ့ အပြောင်းအလဲတွေ ဖြစ်မလာဘူးဆိုရင်တော့ ပြည်သူတွေဟာ အခုလိုပဲ နည်းအမျိုးမျိုးနဲ့ တိုက်ပွဲဝင်ကြတော့တာ ဖြစ်ပါတယ်။

လူထုကို လမ်းပေါ်ထွက်ပါလို့ပြောတိုင်း ထွက်လာမှာ မဟုတ်သလို မထွက်ပါနဲ့တားလို့လည်း မရပါဘူး။ သူတို့ဘဝအရ သူတို့ပဲဆုံးဖြတ် လုပ်ဆောင်ကြမှာ ဖြစ်ပါတယ်။ ။

အရေးတော်ပုံဂျာနယ် အတွဲ ၁၊ အမှတ် ၇ မှ ပြန်လည်ကူးယူ ဖော်ပြပါတယ်။ 


 

No comments: