Friday, December 30, 2011

ဗိုလ်ချုပ်ကျော်သောင်း ဘဝအစိတ်အပိုင်းများ (၁၄)

အကိုခေါင်းကို ရိုက်ပြီ

အဖိုးငယ်ငယ်က တော်တော်ဆိုးတယ်။ သူများတွေကို ရိုက်တာလည်း ခဏခဏပဲ။

ငယ်ငယ်ကတည်းက မဟုတ်တာလုပ်ရင် မခံချင်ဘူး။

မဟုတ်တာလုပ်တဲ့လူကို အဖိုးက ရိုက်တာပဲ။

ညီအစ်ကိုအချင်းချင်းလည်း ရိုက်တာပဲ။

အဖိုးတို့ ညီအစ်ကိုဝမ်းကွဲတွေ လောက်စာလုံး လိမ့်တမ်းကစားကြတာ။

အဖိုးရှုံးတော့ သူ့ကို အဖိုး ပေးရတယ်။ အလှည့်တိုင်း ဒီကောင်ပဲ နိုင်တာများတယ်။ အဖိုးက ချောင်းထဲ ရွံ့စေးတွေ နှိုက်နှိုက်ပြီး လုံးရတယ်။ ကိုယ်က ရှုံးတော့ သူ့ကို ပေးရတာပေါ့။ သူ ရှုံးတဲ့အလှည့်ကျတော့ အဖိုးကို မပေးဘူး။ အဖိုးက စိတ်တိုတာပေါ့။

အဲဒါနဲ့ အကိုခေါင်းကို အနားက ပေါက်ခြမ်းထင်းနဲ့ အဖိုးရိုက်ထည့်လိုက်တာ။ တခါတည်း သူ ငိုရော။ သူ့အဖေက အဖိုးဦးလေး အကြီးဆုံးပေါ့။ ဦးလေးအိမ်က ဆင်းလာပြီး “မင်းတို့ ညီအစ်တွေ ဘယ်လိုဖြစ်ကြတာလဲ။ ဘာလဲ” မေးပြီး သူ့သားကို ဆေးတွေဘာတွေ ထည့်ပေးတယ်။ အဖိုး ဦးလေးက အဖိုးကို မေးတယ်။

“ဟေ့ ဇာတိပ္ဖိုလ် မင်း ဘယ်လိုလုပ်တာလဲ။ မင်း အစ်ကို ကို”

အဖိုးကို အိမ်မှာ ဇာတိပ္ဖိုလ်လို့ ခေါ်ကြတာကိုး။ ဦးလေးက အဖိုးကို သိပ်ချစ်တာ။

“လောက်စာလုံး ကဲတာ။ ကျနော် ရှုံးရင် သူ့ကို ခါတိုင်းပေးရတယ်။ အခုတခါတော့ ကျနော် နိုင်တယ်။ သူ ကျနော့်ကို ပြန်ပေးရမှာ သူ မပေးဘူး။ ကျနော်ပြောတယ် ပေးပါကွာ။ ငါ ရှုံးတော့ နင့်ကိုပေးတာပဲ။ 
မပေးဘူးကွာ။ မင်းဘာဖြစ်ချင်လဲဆိုတော့ ပေါက်ခြမ်းနဲ့ ရိုက်လိုက်တာ”

ဒီတော့ ဦးလေးက “ဟာ ဒီကောင် သူများရှုံးတော့ ပေးရတယ်။ သူ ရှုံးတော့ မပေးဘူး။ ဒီကောင် ဒီလိုထိမှ မှတ်မယ်”

အဖိုးက အဲဒီလိုဆိုးတာ။ မဟုတ်ရင်လည်း မခံတတ်ဘူး။

အကုသိုလ်အလုပ် အကျိုးမပေး

အဖိုးတို့ရွာနားတဝိုက်မှာ ချောင်းတွေ အများကြီးရှိတယ်။ ထီးသမီဆိုတဲ့ ချောင်းက ရေ နည်းနည်းတိမ်တယ်။ ရွာကလူတွေ ငါးရှာရင် အဲဒီချောင်းမှာ ငါးသွားရှာကြတာများတယ်။ ဆောင်းတွေနဲ့ ငါးတွေ သွားသွားပြီး ဆောင်းကြတယ်။

အဖိုးအသက်က ဆယ့်ငါးနှစ် ဆယ့်ခြောက်နှစ်သား အရွယ်လောက်ရှိပြီ။

အကိုတွေက “ဟေ့ တို့ ငါး သွားဆောင်းမယ်” ဒီလို အသံပေးလိုက်ရင် အဖိုးကလည်း ဆောင်းတလုံး၊ သီတံတခုနဲ့ သူတို့နောက်လိုက်တာပဲ။ ဟိုရောက်လို့ ရေထဲဆင်း၊ ဆောင်းတွေနဲ့ ငါးဆောင်းကြရင် ဟိုကောင်တွေကတော့ မိပြန်ပြီး ငါးရံ့၊ ငါးပနော်၊ ငါးဖယ်အောင်း၊ ငါးပတ်။

အဖိုးကလည်း အားကျမခံ ဆောင်းတာပဲ။ တခါမှ မဝင်ဘူး။ မမိဘူး။

နောက်ကျတော့ ထိရောဟေ့။ ထိတော့ အဖိုး ဝမ်းသာတာပေါ့။

ဆောင်းကို ဖိထားပြီးတော့ စမ်းကြည့်တယ်။ ထုတ်လိုက်တော့ ငါးပြေမ သေးသေးလေး လက်နှစ်လုံးသာသာလောက်ပဲ ရှိတယ်။

သူများတွေက ဝိုင်းရယ်ကြတယ်။ အဖိုးကတော့ ငါလည်း ငါးရတာပဲ။ သီတံမှာ ချိတ်ထားလိုက်တယ်။ ထပ်ပြီး ဆောင်းတယ်။ တနေ့လုံးဆောင်းတာ အဲဒီတကောင်ပဲ ရတယ်။
အိမ်ပြန်ရောက်တော့ အဘွားက မေးတယ်။

“နင် ငါးရလား”

“တကောင်ပဲရတယ် အဖွား”

“ဘယ်မှာလဲ နင့် ငါး”

“ဟိုမှာလေ” အဘွားက ကြည့်ပြီးတော့ ရီတယ်။ ‘တဟိဟိ’ နဲ့။

“မဟုတ်ဘူး တို့အိမ်ရှေ့က ဖြတ်သွားတာ သီတံတွေ သီထားလိုက်တာ။ ငါး လေးငါးခြောက်ကောင် အကြီးကြီးတွေ နင် ဘယ်လိုလုပ်ဆောင်းလဲ။ နင့်ကျတော့ သေးသေးလေး”

“မသိဘူး အဘွား။ သူများဆောင်းသလို ဆောင်းတာပဲ။ ရမှ မရတာ”

အဘွားက ရယ်တယ်။ 

“အဘွား ဘာဖြစ်လို့ရယ်လဲ”

“မဟုတ်ဘူး။ နင်က ငါးတွေ ဖားတွေရှာလို့ရတဲ့ အမျိုးအစား မဟုတ်ဘူး”တဲ့ အဘွားက ပြောတယ်။

“ဘာဖြစ်လို့လဲ အဘွား”

“ဘာဖြစ်ရမလဲ။ နင်ကိုက ငါးရှာ ဖားရှာ မရဘူး။ လူတွေကို ထိုးရနှက်ရ ရိုက်ရမယ်ဆို နင် တော်တော်ဖြစ်တယ်” တဲ့။

အဘွားကို ဘာမှ ပြန်မပြောတော့ဘူး။ အဘွားပြောတာ ဟုတ်တယ်။

နောက်နေ့ သူများတွေ ငါးရှဥ့်သွားထိုးရော။ အဖိုးလည်း ငါးရှဥ့်စူးတချောင်းနဲ့ လိုက်တာပေါ့။ အဖိုးညီ မောင်ထွန်းရွှေလည်း ပါတယ်။ ငါးရှဥ့်ထိုးတာ သူများတွေက ဟာ ထိပြီကွ။ နှိုက်လိုက်ရင် ငါးရှဥ့်အကောင် အကြီးကြီးတွေ။

အဖိုးညီလည်း တော်တော်ထိတယ်။ အကောင်ကြီးတွေပဲ။ အဖိုးလည်း ထိုးတာပဲ။ မိလိုက်ရင် သေးသေးလေး။ အားစိုက်ပြီးထိုးတယ်။ အဖိုးနားထဲမှာ ကျွိကနဲအသံကြားတော့ အားရဝမ်းသာနဲ့ အဖိုး ထအော်တယ်။

“ထိပြီ ညီလေးရေ”

အဖိုး နှိုက်ကြည့်တော့ လက်မသာသာလောက်ပဲ ရှိတယ်။

အချိန်တန်တော့ လူတွေက သူတို့ရတဲ့ ငါးရှဥ့်တွေကို သီတံတွေနဲ့ သီတာပေါ့။ တမနက်လုံးထိုးတာ ကိုးနာရီ ဆယ်နာရီလောက် ရှိမှာပေါ့။

“ပြန်မယ် ပြန်မယ် ထမင်းဆာပြီ”

ပြန်မယ်ဆိုတော့ သူများတွေရော အဖိုးညီရော ငါးရှဥ့်တွေ တယောက်ကို လေးငါးဆယ်ကောင်စီ ရကြတယ်။ အဖိုးက အကောင်သေးသေးလေး နှစ်ကောင်ထဲ။

ဒါနဲ့ အဖိုးလည်း အကြံထုတ်တယ်။ ရွာပြန်ရမှာ ရွာဖျားကနေ ဟိုဘက်ထိပ်ထိပြန်ရမှာကိုး။

“ဟေ့ ညီလေး နင့်ငါးရှဥ့် ငါ့ကိုပေးထမ်းပါလား”

“ဟာ အစ်ကိုကလည်း ငါ့ငါးရှဥ့် ငါထမ်းမှာပေါ့”

“မဟုတ်ပါဘူးကွာ။ ငါ ရှက်လို့ပါ”

ဒါနဲ့ သူက “ရော့ အစ်ကို” ဆိုပြီး ငါးရှဥ့် နှစ်ကောင် ဖြုတ်ပေးတယ်။ သူများတွေ ပြန်သွားပြီး အဖိုးတို့က နောက်မှ လိုက်ပြန်တယ်။ အရှေ့ကပြန်ရင် အတူတူထိုးတဲ့ကောင်တွေက သူ့ညီဆီက တောင်းတယ်ပြောမှာစိုးလို့ အဖိုးက ဉာဏ်ရှိတယ်။

အဖိုးက တို့စရာတွေ၊ ကန်ဇွန်းရွက်၊ ကနဖော့ရွက်တွေ ခူးပြီးတော့ ပြန်မယ်လို့ အဖိုးညီကို ပြောတယ်။ သူက ယုံတာပေါ့။ အိမ်ရောက်တော့ အဘွားက ခါတိုင်းလိုမေးတယ်။

“နင် ငါးရှဥ့်သွားထိုးတာ ဘယ်နှစ်ကောင်ရလဲ”

“လက်မလောက် တကောင်ပဲရတယ်။ အဲဒါနဲ့ ရှက်လို့ ညီလေးဆီက ဖြုတ်ပြီး ထမ်းလာခဲ့တာ”

“တော်တော့ နင် ငါးလည်း သွားမဆောင်းနဲ့။ ငါးရှဥ့်လည်း သွားမထိုးနဲ့။ နင်က အကုသိုလ်အလုပ်ဆို နင် မရဘူး။ နင်ရတာက ထိုးဖို့။ ရိုက်ဖို့ပဲရတယ်” ဒီစကားပဲ အဘွားက ပြောတယ်။

လယ်ကတော့ အဖိုးလုပ်တတ်တယ်။ ထယ်ထိုးတာ အဖိုးဦးလေးက သင်ထားတာကိုး။


ဆက်လက်ဖော်ပြပါမယ်။ 



No comments: