မိမိဟာ ၁၉၅၃ / ၅၄ ခုနှစ် သတ္တမတန်း ကျောင်းသားဘဝမှာကတည်းက ကျောင်းသားလှုပ်ရှားမှုထဲမှာ စတင်ပါဝင်ခဲ့ပြီး မိမိရဲ့ နိုင်ငံရေးဘဝကို စတင်ခဲ့ကြောင်း မိတ်ဆက်ပေးခဲ့ပါတယ်။ ဒီကာလက လွတ်လပ်ရေးခေတ်ဦးကာလ (၁၉၄၈/၅၃) ဖြစ်ပါတယ်။ ကျောင်းသားအဖွဲ့အစည်းများ လွတ်လွတ်လပ်လပ် ရပ်တည်လှုပ်ရှားခွင့် ရရှိနေချိန်လည်းဖြစ်ပါတယ်။ တခု ထူးခြားတာက ကျနော်တို့ရဲ့ဆရာများဟာ အမျိုးသားကျောင်းများက ထွက်လာတဲ့သူများ ဖြစ်ပါတယ်။ ဒီကျောင်းဆရာ မျိုးဆက်များက မိမိတို့ကို နယ်ချဲ့ဆန့်ကျင်ရေးနဲ့ မျိုးချစ်စိတ်ရှိကြဖို့အကြောင်း ဆုံစည်းတိုင်း လှုံ့ဆော်ပေးခဲ့ကြပါတယ်။
ကျောင်းသားသမဂ္ဂများဟာ နယ်ချဲ့ဆန့်ကျင်ရေးနဲ့ အမျိုးသားပညာရေး လှုပ်ရှားမှုအတွင်းက ပေါ်ထွက်လာခဲ့တာဖြစ်ကြောင်း မိတ်ဆက်ပေးခဲ့ကြပါတယ်။ ၁၈၂၀ နဲ့ ၁၉၃၆ ကျောင်းသားသပိတ်ကြီးများက (တကသ/၁၉၃၁) နဲ့ ဗကသများ အဖွဲ့ချုပ်/၁၉၃၆ တို့ကို ဖော်ထုတ်ပေးခဲ့ကြောင်း၊ ဦးနု (သခင်နု)၊ ကိုအောင်ဆန်း၊ ကိုဗဟိန်း၊ ကိုလှရွှေတို့ဟာ ကျောင်းသားခေါင်းဆောင်နဲ့ တို့ဗမာအစည်းအရုံးနဲ့ ဂျပန်တော်လှန်ရေး၊ စစ်ပြီးခေတ် လွတ်လပ်ရေး တိုက်ပွဲခေါင်းဆောင်များဖြစ်ခဲ့ကြောင်း မိတ်ဆက်ပေးခဲ့ကြပါတယ်။ ဒီ ဗီဇစိတ်များဟာ မိမိတို့အတွက် အထက်တန်းကျောင်းသား တက္ကသိုလ်ကျောင်းသား တက္ကသိုလ်ပြင်ပ လူမှုဘဝများအထိ စိုးမိုးခိုင်မြဲခဲ့ပါတယ်။ ကျောင်းဆရာအဖြစ် အသက်မွေးကျောင်းရတဲ့အခါ မိမိတို့ကို မိမိတို့ဆရာများက မိတ်ဆက်ပေးခဲ့တဲ့ အသိတရားများကို မိမိတို့ကတဆင့် နောက် မျိုးဆက်တဆက်ကို မိတ်ဆက်ပေးခဲ့ကြပါတယ်။ မျိုးဆက်ဆိုတာ ဒီလိုပါပဲ။
ဘယ်လို လူ့အဖွဲ့အစည်းမျိုးမှာပဲ ဖြစ်ဖြစ် နိုင်ငံရေးပါတီ ဆိုတာဟာ သီးခြားဖြစ်တည်နေတဲ့ လူမှုအခြင်းအရာမျိုး မဟုတ်ပါဘူး။ ခေတ်သစ် လူ့အဖွဲ့အစည်းများ ဖြစ်ထွန်းလာတဲ့အခါမှာ နိုင်ငံရေးပါတီဆိုတာမျိုးလည်း သူ့သမိုင်းခေတ်အလိုက် လူ့အဖွဲ့အစည်းအလိုက် ဖြစ်တည်လာတဲ့ လူမှုအစုအစည်းတမျိုးပါ။ ဒီလိုဖြစ်တည်လာတဲ့ နိုင်ငံရေးပါတီများဟာ လူတန်းစားတရပ်ရပ်ကို ကိုယ်စားပြုထားကြရိုး ထုံးစံပါပဲ။ ကျုပ်တို့ပါတီဟာ လူထုကြီးတရပ်လုံးရဲ့ အကျိုးကို ကိုယ်စားပြုပါတယ်လို့ မကြွေးကြော်တဲ့ ပါတီမျိုး (ဘယ်ကမ္ဘာမှာမှ မရှိကြပါဘူး) ဒါပေမယ့် လူ့အဖွဲ့အစည်းတိုင်းမှာ ရှိရှိသမျှ နိုင်ငံရေးပါတီတိုင်းဟာ အဓိကအားဖြင့် လူတန်းစားတရပ်တည်းရဲ့ အကျိုးစီးပွားကိုသာ အရင်းခံထားကြစမြဲပါပဲ။ ကမ္ဘာ့မထဝီဒေသ အမျိုးမျိုးမှာ ရှိနေကြတဲ့ ပါတီမှန်သမျှဟာ မျက်မှောက်ခေတ်မှာ ဒေသဆိုင်ရာ အရင်းရှင် လူတန်းစားများ အထူးသဖြင့် တီအင်န်စီ သူဌေးကြီးများကို ကိုယ်စားပြုထားတာချည်းပါပဲ။ ရွေးကောက်ပွဲများ အထူးသဖြင့် သမ္မတ ရွေးကောက်ပွဲကြီးများအတွက် ကုန်ကျတဲ့ ကုန်ကျစရိတ်များကို (တချက်လောက်) ကြည့်လိုက်ရင် ဒီ ပါတီကြီးများဟာ အရင်းခံအားဖြင့် ဘယ်လို လူမှုအစုအစည်းများ အကျိုးကို (လက်ရင်းထားသလဲဆိုတာ) ရှင်းရှင်းကလေး သိမြင်နိုင်ကြပါတယ်။ ကမ္ဘာ့တိုက်ကြီးအသီးသီးက ရှေ့တန်းရောက်နိုင်ငံကြီးများမှာရှိကြတဲ့ ပါတီကြီးများကိုကြည့်လိုက်ရင် သူတို့ အမှန်တကယ် ဘယ်လို လူမှုအစုအဝေးများကို ကိုယ်စားပြုထားကြသလဲဆိုတာ သဲသဲကွဲကွဲ ရှင်းရှင်းလင်းလင်း မြင်နိုင်ကြမယ် ထင်ပါတယ်။
မျက်မှောက်ကမ္ဘာကြီးကို ကြည့်လိုက်ပါ။ နိုင်ငံ ၃ မျိုး တည်ရှိနေတယ်လို့ ဆိုနိုင်ပါတယ်။ ပထမ တမျိုးက ဖွံ့ဖြိုးပြီးနိုင်ငံကြီးများ ဖြစ်ပါတယ်။ (ဥပမာ အမေရိကန် ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံကြီးများပါ) ဒုတိယနိုင်ငံစုက တရုတ်၊ အိန္ဒိယ၊ ဘရာ ဇီး၊ တောင်အာဖရိကနိုင်ငံများလို ဖွံ့ဖြိုးဆဲနိုင်ငံများ ဖြစ်ပါတယ်။ တတိယနိုင်ငံစုကတော့ ခေတ်မီဖွံ့ဖြိုးဖို့ ရုန်းကန်နေကြတဲ့ နိုင်ငံများဖြစ်ပါတယ်။ ဒီနိုင်ငံစုကြီးသုံးမျိုးဟာ (ဒီအထဲမှာ တရုတ်၊ အင်ဒိုချိုင်းနား နိုင်ငံများ မြောက်ကိုရီးယားနဲ့ ကျူးဘားတို့လို တပါတီစနစ်နဲ့ နိုင်ငံများမပါ) ဈေးကွက်စီးပွားရေးစနစ်နဲ့ ပါတီစုံနိုင်ငံရေးစနစ် ကျင့်သုံးတဲ့ နိုင်ငံတွေချည်း ဖြစ်ပါတယ်။ အဲဒီ နိုင်ငံတွေမှာရှိနေတဲ့ နိုင်ငံရေးပါတီကြီးများဟာ ဘယ်လူမှုအစုရဲ့ အကျိုးစီးပွားများကို ကိုယ်စားပြုထားကြသလဲ။ နိုင်ငံသားတဦးချင်းရဲ့ အကျိုးစီးပွားဟာ အဲဒီ နိုင်ငံကြီးများမှာ ပြဋ္ဌာန်းထားတဲ့ အခြေခံဥပဒေပါ အကျိုးခံစားခွင့်များထက် မပိုပါဘူး။ အဲဒီ နိုင်ငံကြီးသုံးမျိုးမှာရှိကြတဲ့ လူဦးရေ အများစုဖြစ်တဲ့ အောက်လွှာများ lower stratas ဟာ ဘဝ တည်တံ့ရေးအတွက် လူ့လုပ်အားနဲ့ အခကြေးငွေနဲ့ လဲလှယ်နေကြရတာချည်း ဖြစ်ပါတယ်။ ကမ္ဘာပေါ်က အလုပ်လက်မဲ့ ပြဿနာ ဆင်းရဲချမ်းသာကွာဟမှု ပြဿနာ ဆိုတာဟာ ဒီလို အောက်လွှာများရဲ့ ပြဿနာပါပဲ။ ကမ္ဘာပေါ်က ထိပ်တန်းနိုင်ငံကြီးများ၊ ထိပ်တန်းပါတီကြီးများ၊ ထိတ်တန်းပါတီနဲ့ အစိုးရခေါင်းဆောင်ကြီး ဆိုတာဟာ TNC ပိုင်ရှင် သူဌေးကြီးတွေချည်းပါပဲ။ ရွေးကောက်ပွဲများဆိုတာဟာ TNC ပိုင်ရှင် သူဌေးကြီးတွေအချင်းချင်း ပြိုင်ကြတာပါ။
မြန်မာ့လူ့အဖွဲ့အစည်းဟာ ခေတ်သစ်နိုင်ငံရေးစနစ်ထဲကို နှစ်ဆယ်ရာစုဆန်းစမှာ ဝင်ရောက်ခဲ့ပါတယ်။ ဂျီစီဘီအေ အဖွဲ့ချုပ်ကြီး၊ တိုဗမာအစည်းအရုံးနဲ့ ကျောင်းသား၊ လူငယ်၊ အမျိုးသမီး အလုပ်သမား သံဃာအဖွဲ့ကြီးများ ဖွဲ့စည်း လှုပ်ရှားခဲ့ပါတယ်။ ပထမ ကမ္ဘာစစ်အတွင်းလောက်ကစပြီး မြန်မာပညာတတ်များ သယ်ယူလာတဲ့ မာ့က်စ်ဝါဒဟာ ဒုတိယကမ္ဘာစစ်ကြီးဖြစ်ခါနီး စစ်အတွင်း၊ စစ်ကြီးပြီးချိန်လောက်မှာ မြန်မာ့အမျိုးသား လွတ်မြောက်ရေးလှုပ်ရှားမှုနဲ့ ပေါင်းစည်းမိကြပြီး မြန်မာမျိုးချစ်ခေါင်းဆောင်မှု ပထမမျိုးဆက်များအတွင်း မာ့က်စ်ဝါဒ ယုံကြည်သူများလည်း ပေါ်ထွက်လာခဲ့ပါတယ်။ ၁၉၃၉ ခုနှစ်မှ သခင်အောင်ဆန်း ခေါင်းဆောင်တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီကို ဖွဲ့စည်းခဲ့ကြပါတယ်။ ၁၉၄၀ မှာ ဖတပလ၊ ပြည်သူ့အရေးတော်ပုံပါတီ (အမတေအစု) ကို ဖွဲ့စည်းခဲ့ပါတယ်။ ၁၉၄၆ ခုနှစ်ထဲမှာ သခင်မြ ခေါင်းဆောင်တဲ့ ဗမာပြည် ဆိုရှယ်လစ်ပါတီကို ဖွဲ့စည်းခဲ့ကြပါတယ်။ ၁၉၄၈ လွတ်လပ်ရေးခေတ်မှာ ဖဆပလ အဖွဲ့ချုပ် (ပါတီ) ဟာ အစိုရအာဏာရ အဖွဲ့အစည်း ဖြစ်လာပါတယ်။ ၁၉၄၆ ခုနှစ်ထဲမှာ သခင်စိုးက ဗကပ က ခွဲထွက်ပြီး အလံနီပါတီကို ဖွဲ့စည်းပါတယ်။ ၁၉၄၆ မှာ ဖွဲ့စည်းခဲ့တဲ့ ပြည်သူ့ရဲဘော်တပ်ဖွဲ့ဟာ နုမူနဲ့ ရဲဘော်မူကွဲပြီး ပြည်သူ့ရဲဘော် (အဖြူ/အဝါ) ကွဲပါတယ်။ ၁၉၄၆ မှာ ဖဆပလ အဖွဲ့ချုပ်က ကွန်မြူနစ်ပါတီကို ထုတ်ပစ်ခဲ့ပါတယ်။ ၁၉၅၁ မှာ ဗမာပြည် ဆိုရှယ်လစ်ပါတီကနေ သခင်လွင်၊ သခင်လှကျွေ၊ သခင်ချစ်မောင် (ဝိဓူရ) တို့ အစုခွဲထွက်ပါတယ်။ ၁၉၅၇ ခုနှစ်မှာ အတိုက်အခံ ပမညတ အဖွဲ့ ပေါ်လာပါ တယ်။ ၁၉၅၈ ခုနှစ်မှာ အာဏာရ ဖဆပလ အဖွဲ့ချုပ်ကြီးပြိုကွဲပြီး တည်မြဲ သန့်ရှင်း ဖဆပလများ ကွဲကြပါတယ်။ ၁၉၅၉ မှာ အရပ်ဘက်နဲ့ စစ်ဘက် ကွဲကြပါတယ်။ ၁၉၆၀ မှာ ဝိဓူရ သခင်ချစ်မောင်တို့က မြန်မာနိုင်ငံ အလုပ်သမားညီညွတ်ရေး ပါတီကို ဖွဲ့စည်းပါတယ်။ ဒီအဖွဲ့ထဲမှာ ဦးသိန်းဖေမြင့်ရဲ့ ပြည်သူ့ညီညွတ်ရေး ပါတီ ပါပါတယ်။ ဗိုလ်ဖိုးကွန်းရဲ့ ပြည်သူ့ ရဲဘော်ပါတီ ပါပါတယ်။ ၁၉၆၀ မှာ ဝန်ကြီးချုပ် ဦးနုက ပြည်ထောင်စုပါတီကို ဖွဲ့စည်းပါတယ်။ ၁၉၆၂ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့မှာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ပေါ်ထွက်လာပါတယ်။ တော်လှန်ရေးကောင်စီ အစိုးရက ၁၉၆၄ ခုနှစ် မတ်လ ၂၈ ရက်နေ့မှာ အမျိုးသားစည်းလုံးညီညွတ်ရေး ဥပဒေကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး ဗမာပြည်မှာ ပါတီစုံ ဒီမိုကရေစီစနစ် ချုပ်ငြိမ်းသွားပါတယ်။ ဒါက ၁၉၄၈/၁၉၄၆ ခုနှစ်အတွင်း ဗမာပြည်မှာ ပါတီစုံစနစ် တည်ရှိခဲ့ပုံ ပုံကြမ်းပါ။ အချိန်ကာလအားဖြင့် ၁၅ နှစ်တာ ကာလအတွင်း မြန်မာ့နိုင်ငံရေး အလှုပ်အခတ်ကို တွေ့ကြရမှာပါ။
အာဏာရပါတီ ကွဲပါတယ်။ လက်ဝဲဆိုင်းဘုတ်နဲ့ ပါတီတွေလည်း ကွဲပါတယ်။ ၁၉၈၈ ဇူလိုင်လအတွင်းမှာ မြန်မာ့ဆိုရှယ် လစ်လမ်းစဉ်ပါတီလည်း နိဂုံးချုပ်သွားခဲ့ပါတယ်။
၁၉၈၈ ကနေ အခု ၂၀၁၁ ခုနှစ် (ကုန်တော့မှာပါ) အထိ ၂၃ နှစ်အတွင်းမှာ အခု အခြေအနေသစ်တရပ် ဖြစ်ပေါ်လာခဲ့ ပြန်ပါပြီး။ နိုင်ငံရေး လုပ်ချင်တယ်ဆိုရင် ဘယ်ပါတီ၊ ဘယ်အဖွဲ့အစည်းနဲ့များ နိုင်ငံရေး လုပ်ချင်ပါသလဲ၊ ဘယ်အဖွဲ့အစည်းက ကိုယ်ယုံကြည်မှု၊ မျှော်လင့်ချက်ကို အကောင်အထည် ဖြစ်စေမှာပါလဲ။ ဘယ်လို ပါတီအဖွဲ့အစည်းမျိုးကများ (သူ့အဖွဲ့အစည်းဝင်များကို) တကယ့် နိုင်ငံရေးသမားဖြစ်လာအောင် ပြုစုပျိုးထောင်ပေးမှာပါလဲ (မိမိအတွေ့အကြုံအရ ပြောရင်) နိုင်ငံရေးလုပ်ငန်းဆိုတာဟာ နိုင်ငံရေးသမားဖြစ်ဖို့ဆိုတာဟာ ကံစမ်းမဲနှိုက်ရတဲ့အလုပ်မျိုး လုံးဝ မဟုတ်ကြောင်း လက်ဆင့်ကမ်းချင်ပါတယ်။ (ဒါဟာ ပြဿနာရဲ့ မျက်နှာစာ တဖက်ပါ) (နောက်မျက်နှာစာ တဖက်ကတော့) ဒီပြဿနာဟာ အဖွဲ့အစည်းနဲ့ အဲဒီ အဖွဲ့အစည်းဝင် တစုံတယောက်အကြားက နိုင်ငံရေး ဆက်ဆံရေး ပြဿနာ ဖြစ်ပါတယ်။ အတိအကျ ပြောရရင် နိုင်ငံရေးပါတီတခုရဲ့ ပါတီတည်ဆောက်ရေး ပြဿနာ ဖြစ်ပါတယ်။ နိုင်ငံရေးပါတီတရပ်ဟာ မိမိပါတီရဲ့ ပါတီတွင်း စည်းရုံးပြဿနာကို ဖြေရှင်းရပါမယ်။ ဆိုလိုတာက မိမိပါတီရဲ့ ရေရှည်တည်တံ့ရေးအတွက် ပါတီဝင်များကို စည်းရုံး လေ့ကျင့်တဲ့အလုပ်ကို လုပ်ရပါမယ်။ ပါတီဝင်များကို ပါတီ အယူဝါဒ၊ ပါတီရဲ့ အချိန်တချိန်မှာ ရှိရမယ့် နိုင်ငံရေးလုပ်ငန်း လုပ်ငန်းစဉ် လမ်းစဉ်များနဲ့ တသားတည်း ဖြစ်နေအောင် လေ့ကျင့် တည်ဆောက်ပေးရပါမယ်။ ပါတီရဲ့ စည်းရုံးရေးလမ်းစဉ်များနဲ့ တသားတည်း ဖြစ်နေအောင် လေ့ကျင့်တည်ဆောက် ပေးရပါမယ်။ ပါတီရဲ့ ဒီမိုကရေ စီနည်းကျ လုပ်နည်းကိုင်နည်း (လုပ်ဟန် style of work) များနဲ့ အသားကျနေအောင် တည်ဆောက် ပျိုးထောင်ပေးရပါမယ်။ ပါတီတရပ်ရဲ့ အယူဝါဒ၊ နိုင်ငံရေးလမ်းစဉ် စည်းရုံးရေးလမ်းစဉ် လုပ်ဟန် ပြဿနာများဆိုတာတွေဟာ (အဲဒီပါတီရဲ့) လူတန်းစား ကိုယ်စားပြုမှုကို မုချ ထင်ဟပ်မှာသာ ဖြစ်ပါတယ်။
နိုင်ငံရေးပါတီတရပ်က ကိုယ်စားပြုထားတဲ့ (၁) အယူဝါဒ (၂) နိုင်ငံရေးလုပ်ငန်းစဉ် လမ်းစဉ် (၃) စည်းရုံးရေးလမ်းစဉ်၊ (၄) လုပ်ဟန် စတဲ့ အခြေခံ လက္ခဏာများက ပါတီတရပ်ကို (A) ပါတီ သို့မဟုတ် (B) ဖြစ်ကြောင်း ထင်ဟပ်မှာ သေချာပါတယ်။ နိုင်ငံရေးပါတီ တရပ်အနေနဲ့ လူထုတွင်းဆင်းပြီး ချဉ်းကပ်စည်းရုံးကြတဲ့အခါ ဒီလက်နက် လေးမျိုးနဲ့ ချဉ်းကပ် စည်းရုံးကြရမှာပါ။ လူထုကြီးဆိုတဲ့ လူမှုအစုကြီးထဲမှာ ပါဝင်နေတဲ့ (၁) အလုပ်သမားများ (၂) လယ်သမားများ (၃) မြို့နေ အလတ်တန်းစားအလွှာများ (၄) အထက်လွှာများ (သူဌေးလုပ်ငန်းရှင်များ) ဟာ နိုင်ငံရေးပါတီ တရပ်အနေနဲ့ ခုလို မတူခြားနားတဲ့ လူမှုအစု အမျိုးမျိုးတို့ရဲ့ အကျိုးစီးပွားများကို အကောင်အထည်ဖော်ပေးနိုင်မှု မပေးနိုင်မှု အကြောင်းပြုပြီး (ရွေးကောက်ပွဲ) များမှာ ကန့်ကွက်တာ မထောက်ခံတာ (သို့မဟုတ်) ထောက်ခံတာ လုပ်ကြတာဟာ ပါတီစုံ ဒီမိုကရေစီစနစ်နဲ့ ထိတွေ့ခဲ့ကြရတဲ မြန်မာ့ ပထမ နိုင်ငံရေးမျိုးဆက်များ ဒုတိယနဲ့ တတိယမျိုးဆက်များနဲ့ (အခုဖြစ်ထွန်းစ) စတုတ္ထ မျိုးဆက်များဟာ သမိုင်းခေတ်အလိုက် ဖြစ်ထွန်းခဲ့တဲ့ ပါတီစုံနိုင်ငံရေးစနစ်နဲ့ အောတိုကရေစီ နိုင်ငံရေးစနစ်ကြီး နှစ်ခုအကြား အကြီးအကျယ် ရုန်းကန်ခဲ့ကြရကြောင်း တွေ့ကြရပါတယ်။ လူကို နိုင်ငံရေးအရ လေ့ကျင့်ပျိုးထောင်ကြရတယ် ဆိုတာဟာ သစ်တပင်အောက် ဝါးတပင်အောက်မှာ တရားဓမ္မ ရှာဖွေကြရတာနဲ့ လုံးဝ မတူပါဘူး။ မာရသွန်ပြေးနေတဲ့ တာဝေးအပြေးသမားများလိုပါပဲ။ ပန်းတိုင်မရောက်မချင်း ပြေးနေကြရတာမျိုးပါ။ ဒီပြေးလမ်းပေါ်မှာ အကြောင်းမျိုးစုံနဲ့ လမ်းခုလတ်မှာ ကျန်ရစ်သူတွေလည်း ဒုနဲ့ ဒေးပါပဲ။
ဒီတော့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး မာရသွန်ပြေးပွဲမှာ ယုံကြည်မှု သက်လုံမကောင်းတဲ့သူတွေဟာ ပြေးလမ်းပေါ်မှာ ပြတ်ကျန်ရစ်တတ်ကြပါတယ်။ ဒီလို မဖြစ်ဖို့ ယုံကြည်မှု သက်လုံကောင်းဖို့၊ မိမိကိုယ်ကို ခိုင်ခိုင်မာမာ တည်ဆောက်ကြရပါမယ်။
အောင်သာ (ပီသုံးလုံး)
၆- ၁၂- ၁၁
ပြည်သူ့ခေတ်ဂျာနယ် အတွဲ ၂၊ အမှတ် ၇၄ မှ …
No comments:
Post a Comment