Saturday, December 31, 2011

သမီးကလေးအတွက် ... နှစ်သစ်မှာ ဆိုဖို့သီချင်း (ကမာပုလဲ)

သမီး ...
ပြတ်တောက်မသွားနိုင်တဲ့ သံယောဇဉ်တွေက
ဒီသီချင်းကို
သမီးကလေးဆိုဖို့ ရေးခိုင်းတယ် ...။

သမီး ငယ်ငယ်
ညအိပ်ယာဝင်တိုင်း
ပြောပြောခိုင်းခဲ့တဲ့ ပုံပြင်တွေထဲ
တိုင်းပြည် နိုင်ငံတော်တွေဆိုတာ
သူရဲကောင်းတွေရဲ့ စွန့်လွှတ်မှုတွေနဲ့
တည်ဆောက်ခဲ့ကြတယ် ...
ညစဉ် ... ညတိုင်း
ပုံပြင်ကလေးတွေဟာ
သမီးအိပ်ပျော်သွားမှ
သူတို့လည်း အိပ်ခွင့်ရခဲ့တယ်လေ ...။


ငယ်ငယ်ကတည်းက
ပုံပြင်ကလေးတွေဆိုရင်
စွန့်စားခန်းတွေပါမှ
သမီးက နားထောင်ချင်ပါသတဲ့
တကယ်တော့
စွန့်စားခန်းတွေရဲ့ ဇာတ်လိုက်တိုင်းဟာ
သူရဲကောင်းတွေတော့ မဖြစ်ခဲ့ပါဘူး
အဲဒီ အသိကို
ခု ... အရွယ်မျိုးမှာ
သမီးရဲ့ ဘဝက
သမီးကို
သင်ကြားပေးပြီး ဖြစ်နေမယ် ...။

ကိုယ့်ကိုယ်ကိုယ်
ယုံကြည်မှု မခိုင်မာဘဲနဲ့တော့
သူရဲကောင်း မဖြစ်နိုင်ဘူးပေါ့ သမီးရယ်
ယုံကြည်မှုဆိုတာကလည်း
တပါးသူအပေါ် အနိုင်ကျင့်ဖို့ မဟုတ်သလို
ဆိုခဲတဲ့ ကတိတွေအပေါ်မှာ
တည်ကြည်ခိုင်မြဲဖို့လည်း
လိုတာပေါ့
လက်တွေ့ဘဝကနေ
ထွက်ပြေးလို့လည်း မရဘူးလေ ...။

စိတ်ညစ်သွားသလား ... သမီး
နောက်တခု ကျန်နေသေးတယ်
သမီး သိပါတယ်
သမီးကိုယ်တိုင် စွန့်လွှတ်လိုက်ဖို့ မဖြစ်နိုင်တဲ့
ငိုကြွေးခြင်းပေါ့ သမီးရယ် ...။

ဘဝမှာ
ငိုတယ်ဆိုတာ မဆန်းဘူး
မငိုရတဲ့ လူဆိုတာလည်း
ကမ္ဘာလောကမှာ မရှိနိုင်ပါဘူး
လူ့တန်ဖိုးတွေကို သတ်မှတ်တဲ့အခါ
ခမ်းနားတဲ့ ငိုကြွေးမှုတွေမရှိဘဲ
မှတ်ကျောက်မတင်နိုင်ဘူးတဲ့ သမီးရယ် ...။

သမီးငိုတဲ့အခါ
ဘယ်လိုမျက်ရည်မျိုးနဲ့ ငိုမှာလဲ သမီး
နောက်ပြီး
ဘယ်လို အကြောင်းအချက်တွေကို အခြေခံပြီး
သမီးကလေး ငိုမလဲ ...
ဒါကလည်း
သမီးကိုယ်တိုင် ဖြေရမယ့်
သမီးဘဝရဲ့ ပစ်မလွဲ မေးခွန်းတွေ ဖြစ်တယ် ...။

မင်္ဂလာ နှစ်သစ်ပါ သမီး
ပြတ်တောက်မသွားနိုင်တဲ့
မေတ္တာနှောင်ကြိုးတွေနဲ့
အလွမ်းတွေကို အခိုင်အမာ အိမ်ဖွဲ့ပြီး
နှစ်သစ်ဦးမှာ သမီးကလေး ဆိုဖို့
ဒီသီချင်းကို ရေးခဲ့တယ် ... ။ ။

ကမာပုလဲ
၃၁၊ ၁၂၊ ၂၀၁၁။ 

No comments: