Tuesday, December 27, 2011

အရေးတော်ပုံကြီး ... လူများ၊ အဖြစ်အပျက်များ (၇) - ကမာပုလဲ

“လက်နက်ကိုင် တော်လှန်ရေးဟာ ဗမာပြည် ဒီမိုကရေစီနိုင်ငံရေးမှာ မလိုအပ်တော့ပြီလား။ လက်နက်ကိုင် တော်လှန်ရေးလုပ်နေတဲ့ အဖွဲ့အစည်းတွေ နိုင်ငံရေးအရ တကယ့်ကို ငြိမ်းချမ်းသွား၊ ငြိမ်းချမ်းတော့မယ်လား။ အကျဉ်းထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသားတွေ တနေ့ပြီးတနေ့ တိုးတိုးလာနေတယ်။ အစဉ်အလာကြီးတဲ့၊ ရပ်တည်ချက် ခိုင်မာတဲ့ နိုင်ငံရေးအကျဉ်းသားတွေ တယောက်ပြီးတယောက် ကျဆုံးနေပါတယ်။ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ်က ဘယ်မှာလဲ။ ပြည်သူ့လွှတ်တော်က ဘယ်တော့ခေါ်မှာလဲ။ လူထုက တိုက်ပွဲဝင်ရွေးချယ်ခဲ့တဲ့ လူထုရဲ့ ဒီမိုကရေစီအစိုးရက ဘယ်မှာလဲ ...”
နိုင်ငံရေးအရ ခံစစ်အနေအထားကနေ အသက်ငင်နေတဲ့ နဝတ စစ်အုပ်စုဟာ ၉၊ ၁၊ ၁၉၉၃ မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲဖို့ အမျိုးသားညီလာခံကို ကျင်းပခဲ့ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ညီလာခံကို တက်ရောက်ခဲ့ပါတယ်။ စစ်အုပ်စုရဲ့ ညီလာခံ အခင်းအကျင်းမှာ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ်၊ ဂန္ဓီခမ်းမ တောင်းဆိုချက်တို့ကို ဗြောင်ကျကျ ငြင်းပယ်လိုက်တာ ဖြစ်ပါတယ်။
စစ်အုပ်စု နဝတဟာ အရှေ့တောင်အာရှရဲ့ အာဆီယံ အသင်းဝင်နိုင်ငံ ဖြစ်လာခဲ့တယ်။ ဗမာပြည် လွတ်လပ်ရေးနဲ့အတူ အမွှာမွေးခဲ့တဲ့ ပြည်တွင်းစစ်ကို ဖဲသုံးချပ်သမားရဲ့ အပစ်ရပ် အတုအယောင် ငြိမ်းချမ်းရေးနဲ့ အစားထိုးကုသဖို့ ကြိုးစားခဲ့တယ်။ တိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့ကျော်ကျော် အပစ်အခတ်တွေ ရပ်စဲခဲ့တယ်။ နိုင်ငံရေးအရ ဖြစ်ပေါ်လာတဲ့ ပြည်တွင်းစစ်ပြဿနာကို နိုင်ငံရေးအရ မဖြေရှင်းဘဲ တိုင်းပြည်ကိုရော၊ ကမ္ဘာကိုပါ ဗြောင်လိမ်ညာနေတဲ့ ကစားကွက်ဆိုတာ သမိုင်းသက်သေတည်ပါတယ်။

ဗိုလ်စောမောင်ကနေ ဗိုလ်သန်းရွှေ အာဏာရလာတယ်။ ဗိုလ်ခင်ညွန့်က စစ်အာဏာရှင်ရဲ့ ရှေ့ထွက် ပါးကွက်သား ဇာတ်ရုပ်ကို ပြီပြင်တယ်။ ပြောင်းလဲနေတဲ့ ကမ္ဘာ့နိုင်ငံရေး အခင်းအကျင်းသစ် ဖဲချပ်ကိုကိုင်ပြီး ဒေသန္တရနိုင်ငံရေးကို ကစားရာမှာ လူလည်တယောက်ပါပဲ။ ခုတော့ နှစ်ကောင်နေမရတဲ့ စစ်အာဏာရှင် ခြင်္သေ့ဂူမှာ အရာချ၊ အချုပ်အနှောင်ခံနေရတဲ့ ခြင်္သေ့အိုကြီး တကောင်နှယ် ...။ သူ့ရှေ့က ဗိုလ်နေဝင်း ကိုယ်တိုင် သူ့မသာကို ခြောက်ခြောက်ကပ်ကပ်နဲ့ ချလိုက်ရတဲ့အဖြစ်။

အင်းစိန် အကျဉ်းထောင်မှာတုန်းက ညီအကိုရင်းခြာနှယ် ခင်မင်ခဲ့ရတဲ့သူ ရဲဘော်ကြီးတယောက် အကျဉ်းကျနှစ်စေ့လို့ ပြန်လွတ်လာခဲ့ပါတယ်။ သူ ပြန်လွတ်လာတာကို လစဉ်ထွက် မဂ္ဂဇင်းတွေပေါ်က သူ့ကဗျာတွေကို ဖတ်ရလို့ သိရတာပါ။ သိပ်မကြာခင်မှာပဲ ရဲဘော်တယောက် မြို့ကလေးဆီ ရောက်ရှိလာခဲ့ပါတယ်။ သူက ထောင်ထွက်ရဲဘော်ကြီးပေးလိုက်တဲ့ စာကို ပြပါတယ်။ ရဲဘော်ကို ညနေ သင်္ဘောနဲ့ ရန်ကုန်ကို ပြန်ထည့်လိုက်ပါတယ်။ မြို့ကလေးက ကျဉ်းလွန်းနေတော့ စစ်ခွေးတွေအတွက် အနံ့ခံရတာ လွယ်တယ်။ စာမေးပွဲတွေ ပြီးလို့ ကျောင်းတွေပိတ်ရင် ရန်ကုန်ကိုလာခဲ့မယ်ဆိုတဲ့ အကြောင်း ပါးစပ်စကားနဲ့ပဲ မှာလိုက်တယ်။

သူ့ကို ရန်သူကလိုက်လို့ ရှောင်ပုန်းနေရတဲ့ သတင်းက ဆီးလို့ကြိုလိုက်ပါတယ်။ မြို့ကလေးကိုလာခဲ့တဲ့ ရဲဘော်ခမျာလည်း အိမ်မှာ မရှိပါဘူး။ သူလည်း အခြေအနေကြည့် ပုန်းရှောင်နေသူ။ တခါသာ ရောက်ခဲ့ဖူးတဲ့ ရဲဘော်ကြီးဆီ သွားရပါတယ်။ ရှိလို ရှိငြားပေါ့။ လမ်းထိပ်ကွမ်းယာဆိုင်ကလေးမှာ ကွမ်းယာဝယ်ရင်း သူ့ကို စနည်းနာရပါတယ်။ စီးကရက် သောက်ရင်း ကွမ်းယာရောင်းသူကို မသိမသာ အကဲခတ်ရတယ်။

“ကို ... တယောက် မလာသေးဘူးလားဗျ”

“ခုလေးတင် ပြန်သွားတယ်ဗျ၊ အိမ်မှာရှိလိမ့်မယ်” ...။

စစ်အုပ်စုရဲ့ ဖိနှိပ်မှုဟာ ပိုလို့ ဆိုးဆိုးလာပါတယ်။

ဆိုဗီယက် ရုရှား ပြိုကွဲအပြီးမှာ လက်နက်ကိုင် တော်လှန်ရေးခေတ် မရှိတော့ဘူးဆိုတဲ့အသံ ဆူလို့ ညံလို့လာပါတယ်။ တကယ်ကို လက်နက်ကိုင် တော်လှန်ရေးဟာ ဗမာပြည် ဒီမိုကရေစီနိုင်ငံရေးမှာ မလိုအပ်တော့ပြီလား။ လက်နက်ကိုင် တော်လှန်ရေးလုပ်နေတဲ့ အဖွဲ့အစည်းတွေ နိုင်ငံရေးအရ တကယ့်ကို ငြိမ်းချမ်းသွား၊ ငြိမ်းချမ်းတော့မယ်လား။ အကျဉ်းထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသားတွေ တနေ့ပြီးတနေ့ တိုးတိုးလာနေတယ်။ အစဉ်အလာကြီးတဲ့၊ ရပ်တည်ချက် ခိုင်မာတဲ့ နိုင်ငံရေးအကျဉ်းသားတွေ တယောက်ပြီးတယောက် ကျဆုံးနေပါတယ်။ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ်က ဘယ်မှာလဲ။ ပြည်သူ့လွှတ်တော်က ဘယ်တော့ခေါ်မှာလဲ။ လူထုက တိုက်ပွဲဝင်ရွေးချယ်ခဲ့တဲ့ လူထုရဲ့ ဒီမိုကရေစီအစိုးရက ဘယ်မှာလဲ ...။

တိုင်းပြည်ရဲ့ အမျိုးသားဂုဏ်သိက္ခာဟာ အဘက်ဘက်မှာ ကျဆင်းနေပါတယ်။ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူ့အခွင့်အရေး၊ ယဉ်ကျေးမှု၊ အနုပညာ ... ဘက်ပေါင်းစုံမှာ စံ တန်ဖိုးတွေ ကြောက်ဖွယ် ပြိုကျပျက်စီးနေခဲ့တယ်။ မှတ်မိနေပါသေးတယ်။ ကျေးလက် ဆွဲခန့် ကျောင်းဆရာဘဝရဲ့ ညတညမှာ။ တခါက လက်နက်ကိုင်တော်လှန်ရေး လုပ်ခဲ့တဲ့၊ လုပ်ဖို့လည်း အဆင်သင့် ပြင်ဆင်နေတဲ့၊ နိုင်ငံရေးအရလည်း ပြည်သူ့လွတ်မြောက်ရေးဘက်မှာ အမြဲတန်း ရပ်တည်နေတဲ့ လယ်သမားအဖိုးကြီးတဦးနဲ့ ရေနွေးကြမ်းသောက် စကားဝိုင်းကလေးကိုပါ။

“အင်း ... ဆရာလေးရဲ့၊ စစ်အာဏာရှင် အစိုးရအောက်မှာ ကျုပ်တို့ ရွာတွေ သူခိုး၊ ဓားပြ ပူတာ သိပ်မရှိတော့ဘူးဗျ”

“ဟုတ်လား။ ဂျပန်ခေတ်ကလို ဖမ်းမိရင် ရက်စက်နေလို့လား”

“ဆရာလေးကလည်း ... ဒုံးဝေးရန်ကော”

ရေနံဆီ မီးခွက်ကလေးရဲ့ မှိန်ပြတဲ့အလင်းရောင်မှာ မျက်လုံးကလေးမှေးပြီး အမည်ဖော်ရခက်တဲ့အပြုံးနဲ့ အဖိုးကြီးက ပြုံးနေပါတယ်။ စိတ်ထဲတော့ သိပ်မခံချင်လှဘူး။ ဘာကြောင့်များလဲပေါ့လေ။

“ဘာကြောင့်လဲ ဦးလေးရ”

“အင်း ... အရင်တုန်းက ဓားပြတွေ၊ သူခိုးတွေဟာ ခုဆို ဆယ်အိမ်မှူးတွေ၊ ရာအိမ်မှူးတွေ ဖြစ်နေကြတယ်ဗျ။ ဒီတော့ ... သူတို့ ခိုးဖို့၊ တိုက်ဖို့ မလိုတော့ဘူးပေါ့ဗျာ။ ကိုယ့်နာမည်ကိုယ် လက်မှတ် ထိုးတတ်၊ တံဆိပ်တုန်း ထုတတ်ရင် ရပြီလေ ... ဟား ဟား ဟား ဟား ...”

ပထမအကြိမ် အဖမ်းခံရတုန်းက စစ်ထောက်လှမ်းရေးလို့ထင်ရသူရဲ့ စော်ကားခြိမ်းခြောက်တဲ့ မေးခွန်းများနဲ့ ကြုံခဲ့ရဖူးပါတယ်။ နေကာမျက်မှန်ကြီးလည်း တပ်ထားပါတယ်။ သူ့မျက်နှာကို မြို့ကလေးမှာ မမြင်မတွေ့ဖူးခဲ့ပါ။ သူကလည်း ဒေါကြီးမောကြီးနဲ့ ပြောပါတယ်။

“မှတ်ထားကွ... မင်းတို့လုပ်နေတာ ငါတို့ အကုန်လုံးသိတယ်။ သတင်းပေးတယောက်ကို မွေးဖို့ များများမကုန်ဘူး၊ တနေ့ ၄၅ ကျပ်တန် တရွက်ပေးရင်ရတယ်။ နို့ဆီဗူး တဗူးလောက်ရရင် သတင်းပေးမယ့် ကောင်တွေ တပုံကြီး”

သြော် ... ဖြစ်မှ ဖြစ်ရလေ။

၁၅၊ ၉၊ ၁၉၉၃ မှာ စစ်အုပ်စုက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းကို ဖွဲ့စည်းခဲ့ပါတယ်။ သတင်းတွေ အမျိုးမျိုးကိုလည့် ထုတ်လွှင့်ခြိမ်းခြောက်နေတယ်။ အသက် ဆယ်နှစ်ကနေ ခြောက်ဆယ်အထိ ဆိုလား၊ အားလုံး ကြံ့ဖွတ်အသင်းကို ဝင်ရမည်လို့ ဆိုလာပါတယ်။ ဒါဟာ စစ်အာဏာရှင် သက်ဇိုးရှည်ရေးအတွက်ဖြစ်တယ်ဆိုတာ ရှင်းပါတယ်။ ညီလာခံကနေ စစ်အာဏာရှင် အကျိုးစီးပွားကို ကာကွယ်ကိုယ်စားပြုမယ့် အခြေခံဥပဒေတရပ်ကို အဓမ္မ ရေးဆွဲမယ်။ ရေးဆွဲပြီးရင် ဆန္ဒခံယူပွဲနဲ့ အခြေခံဥပဒေကို အတည်ပြုမယ်။ ပြီးရင် ... တက်လာမည့် အစိုးရသည်ကား ...။

၂၈၊ ၁၊ ၁၉၉၅ မှာ ကရင့်တော်လှန်ရေးနယ်မြေရဲ့ မာနယ်ပလော ဌာနချုပ် နယ်မြေ ကျရှုံးခဲ့တယ်။ တဆက်တည်းလို ကျောင်းသားတပ်မတော်ရဲ့ ဒေါင်းဂွင် ကျရှုံးခဲ့တယ်။ ၁၀၊ ၇၊ ၁၉၉၅ မှာ နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို သန်းရွှေ စစ်အုပ်စုက နေအိမ်အကျယ်ချုပ်ကနေ လွှတ်ပေးခဲ့ပါတယ်။ ၂၉၊ ၁၁၊ ၁၉၉၅ မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တက်ရောက်နေဆဲ နဝတ၊ နအဖရဲ့ အမျိုးသား ညီလာခံကနေ နှုတ်ထွက်သွားပါတယ်။

၁၀၊ ၇၊ ၁၉၉၅ နေ့၊ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကနေ ပထမအကြိမ် လွတ်မြောက်လာတဲ့နေ့မှာပဲ လွတ်မြောက်ရေးတိုက်ပွဲများရှိရာ လွတ်မြောက်နယ်မြေကို ပိုင်းဖြတ်ထွက်ခွာလာခဲ့ပါတယ်။ အရေးတော်ပုံကြီးကား ခုဆို ၂၃ နှစ်ကျော်ခဲ့ပြီ။ လွတ်မြောက်နယ်မြေ လက်နက်ကိုင်တော်လှန်ရေး ဘဝဖြတ်သန်းမှုကား ၁၆ နှစ်ကျော်ခဲ့ပြီ ... ။

အရေးတော်ပုံကြီး ...၊ လူထုတိုက်ပွဲများ၊ အကျဉ်းထောင်များ၊ တိုက်ပွဲဝင် ကျဆုံးခဲ့သော အာဇာနည်ရဲဘော်များ ....။ ။

၂၀၀၅ ခုနှစ်၊ ဇွန်လ ၁၆ ရက်နေ့မှာ တော်လှန်ရေးတာဝန်များကို ထမ်းဆောင်ရင်း လွတ်မြောက်နယ်မြေမှာ ကျဆုံးခဲ့တဲ့ ရဲဘော်ကြီးတယောက် ရှိခဲ့ပါတယ်။ ညီအကိုရင်းတယောက်လို ခင်မင်ရသူ ဖြစ်ပါတယ်။ သူကား ရဲဘော် ထက်မိုး ဖြစ်ပါတယ်။ သူ ကွယ်လွန် ကျဆုံးသွားတဲ့နေ့မှာပဲ သူ့အတွက် ဂုဏ်ယူကြေကွဲစွာ ကဗျာတပုဒ်ကို ရေးဖွဲ့ဖြစ်ခဲ့တယ်။ ထိုစဉ်က လွတ်မြောက်နယ်မြေမှာ ပုံနှိပ်ထုတ်ဝေခဲ့တဲ့ ‘မိုးကြိုး’ သတင်းစာမှာ ဖော်ပြခဲ့ပါတယ်။ ဒီဆောင်းပါး (အရေးတော်ပုံကြီး ... လူများ၊ အဖြစ်အပျက်များ)ကို ကိုထက်မိုး အမှတ်တရအဖြစ် ရေးဖြစ်တယ်။

ဘဝ၏ ဂုဏ်ယူဖွယ်တေးသွား

သံလွင်ကမ်းခြေမှာ
သဲသောင်ပြင်ကိုလက်နဲ့ထိုးဆွ
“သားကို ဆေးကုဖို့အတွက်ငွေ
အဖေ မရှာနိုင်တော့ဘူး သားရေ” … (ထက်မိုး)

တော်လှန်ရေးခရီးကြမ်းပေါ်ကလူ
သူ … ဒီလိုကြေကွဲခဲ့ဖူးတယ်
ခုတော့… … … ။

မြေကမ္ဘာရေ
သင့်ရင်ခွင်ထဲ
တိုက်ပွဲဝင်နှင်းဆီနီတပွင့်
ကြွေလွင့်ခဲ့ပြီ… … … ။

ပန်းတိုင်းပွင့်မည့် ဥယျာဉ်သစ်မှာ
အဖိုးတန်မြေဩဇာအဖြစ်
စွဲနစ်သိုမှီးလိုက်ပါလေ… … … ။ ။ (ကမာပုလဲ)

ကမာပုလဲ
အင်္ဂါနေ့၊
၂၇၊ ၁၂၊ ၂၀၁၁။


 

No comments: