‘ကွမ်းအစ်တစ်လုံး ...၊ သျှောင်တစ်ထုံးနှင့်
ရင်ဖုံးအင်္ကျီ၊ ဖျင်ပင်နီနှင့်
ယောထည်ပုဆိုး၊ မင်ကြောင်ထိုးနှင့်
အဘိုးကဝိ ပညာရှိ ...’
ကျွန်တော်တို့ကျောင်းသားဘဝ၊ အထက်တန်းကဗျာလက်ရွေးစင်စာအုပ်မှာ ပြဋ္ဌာန်းသင်ကြားခဲ့ရတဲ့ ကဗျာစာဆိုကြီးတင်မိုးရဲ့ ‘အဘိုးသခင်ကိုယ်တော်မှိုင်း သို့’ ကဗျာထဲက ပထမဆုံးအပိုဒ်ဖြစ်ပါတယ်။
ကျွန်တော်တို့ဟာ ‘သခင်ကိုယ်တော်မှိုင်း’ ဆိုတဲ့နာမည်ကို ကျွန်တော် စတင်မွေးဖွားပြီး လူမှန်းသိတတ်ခင်ကတည်းက ကြားဖူးခဲ့တယ်ဆိုရင် လွန်အံ့မထင်ပါ။ ဘုန်းကြီးကျောင်းစာမျှသာတတ်သော မိဘနဲ့ လက်လုပ်လက်စားအသိုင်းအဝိုင်းမှာ မွေးဖွားခဲ့သူတစ်ယောက်အနေနဲ့ စာတတ်ပေတတ် ကျမ်းပြုကဝိဆရာကြီး သခင်ကိုယ်တော်မှိုင်းကို သိတတ်ကတည်းက ကြားဖူးတယ်ဆိုတာဖြင့် ‘လွန်လွန်းသနော် ... မန်းရွှေစက်တော်’ လို့ အပြစ်တင်ကောင်း တင်ကြပါလိမ့်မယ်။ အပြစ်တင်ရင်လည်း ခေါင်းငုံ့ခံရုံပါပဲ။ ကျွန်တော်သိတဲ့ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ဆိုတာက ...
‘မန်း အပျက်မှာ
စန်လဂ် မသာမယာမို့
ဗမာ ဗမာချင်းတောင်မှ
အတင်းရန်မူလို့
ရန်သူကို ရန် ဟူ၍ မမှတ်တဲ့ပြင်
ကိုယ်တပ်ကိုယ် ပြန်ကာနင်းကြတဲ့
ဖျင်းလှတဲ့ ကမြင်းမအကောင် ဗိုလ်ချုပ်တချို့ရယ်က ...’ လို့ ‘ဗိုလ်လရောင်’ ကို တခမ်းတနားဖွဲ့ဆိုခဲ့တဲ့ ဆရာကြီးအနေနဲ့ သိတာမဟုတ်ပါဘူး။