Wednesday, July 18, 2012

ကျွန်တော် မမေ့နိုင်သော ဆယ့်ကိုးဇူလိုင် (တက္ကသိုလ်နေဝင်း)

“ပျောက်သောသူ ရှာလျှင်တွေ့၊
သေသောသူ ကြာလျှင်မေ့”

ဤကား မြန်မာလူမျိုးတို့ပြောနေကျ ဆိုရိုးစကားပင်ဖြစ်သည်။ ယျေဘူယျအားဖြင့် မှန်ကန်သော ဆိုရိုးစကားလည်းဖြစ်ပါ၏။ အထူးသဖြင့် အချိန်ကာလကြာမြင့်လာသော် သေသောသူအား တဖြည်းဖြည်းမေ့လျော့ကာ နောက်ဆုံး လုံးလုံး သတိမရတော့သော အခြေအနေမျိုးဖြစ်လာတတ်သည်။ ဤသို့လျှင် ယျေဘူယျအားဖြင့် မှန်ကန်သော ဆိုရိုးစကားနှင့်ပတ်သက်၍ ချွင်းချက်တော့ရှိနေပါသည်။

ယင်းချွင်းချက်ကား လွန်ခဲ့သော ၄၈ နှစ်၊ ၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက် စနေနေ့ကဖြစ်ပွားခဲ့သော မြန်မာ့သမိုင်းတွင် အလွန်အရုပ်ဆိုးအကျည်းတန်ပြီး မည်သို့မှ ဖျောက်ဖျက်၍မရနိုင်သည့် အစွန်းအထင်း အမည်းကွက်ကြီး (သို့မဟုတ်) နိုင်ငံတော်လုပ်ကြံမှုကြီးဖြစ်ရာမှ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အပေါင်းပါ အာဇာနည်ခေါင်းဆောင်ကြီးများ အတုံးအရုံးနှင့် ရေတိမ်နစ်ကျဆုံးခဲ့ရခြင်းသည် အချိန်ကာလာ မည်မျှပင်ကြာမြင့်စေကာမူ မေ့ပျောက်၍မရနိုင်သည့် ချွင်းချက်ဖြစ်သည်ဟု ဆိုချင်ပါသတည်း။

အထူးသဖြင့် ၁၉- ၇- ၄၇ နေ့ကဖြစ်ရပ်နှင့်တကွ ယင်းဖြစ်ရပ်မတိုင်မီ တစ်လအတွင်းကဖြစ်ရပ်များကို အနီးကပ်သိရှိခဲ့ရသူ ကျွန်တော့်အဖို့ မမေ့နိုင်ရုံမက ပြင်းစွာ နာကျည်းကြေကွဲခြင်း၊ ယူကျုံးမရဖြစ်ခြင်း၊ ဖြေမဆယ်နိုင်အောင် ပူဆွေး ဝမ်းနည်းခြင်း စသော စိတ်လှုပ်ရှားမှုဒဏ်ကို နှစ်စဉ်ဇူလိုင်လ နီးကပ်လာတိုင်း အလူးအလဲ ခံစားရတတ်ပါသည်။

ဘာကြောင့်ဤသို့ဆိုရကြောင်းကိုလည်း ယခုဆက်လက်ဖော်ပြလတ္တံ့သော အကြောင်းအချက်များက အဖြေပေးနိုင်လိမ့်မည် ထင်ပါသည်။

********* 


၁၉၄၇ ခုနှစ် ဇူလိုင်လဆန်းတွင် ‘ဘီအိုဒီ’ ခေါ် ဗြိတိသျှစစ်တပ်ပင်မ လက်နက်ခဲယမ်းသိုလှောင်ရေးတပ်မှ ဘရင်းဂန်း ၊ တော်မီဂန်း ၊ စတင်းဂန်း စသော မောင်းပြန်လက်နက်များနှင့်တကွ ခဲယမ်းကျည်ဆန် အမြောက်အမြားကို ပစ္စည်းထုတ်ပုံစံအတုများဖြင့် မသမာသူတစ်စုက ထုတ်ယူသွားကြောင်းကို Special Branch ခေါ် ရဲတပ်ဖွဲ့ဌာနချုပ်၏ သတင်းတပ်ဖွဲ့က သတင်းရသဖြင့် ပြည်ထဲရေးဝန်ကြီးမှတစ်ဆင့် အစိုးရအဖွဲ့ထံ သတင်းပို့ အစီရင်ခံခဲ့ပါသည်။

ထိုအချိန်က ပြည်ထဲရေးဝန်ကြီး ဦးကျော်ငြိမ်းသည် နိုင်ငံခြားခရီးထွက်နေ၍ လယ်ယာစိုက်ပျိုးရေးဝန်ကြီး ပျော်ဘွယ်ဦးမြက ခေတ္တ ပြည်ထဲရေးဝန်ကြီးအဖြစ် တာဝန်ယူနေပါသည်။ ဖော်ပြပါ လက်နက်ခဲယမ်းများ လိမ်လည် ထုတ်ယူသွားခြင်းနှင့်ပတ်သက်၍ အစိုးရအဖွဲ့က လိုအပ်သလိုဆောင်ရွက်ရန် ခေတ္တပြည်ထဲရေးဝန်ကြီးအား တာဝန်ပေးလိုက်ပါသည်။

ဝန်ကြီးဦးမြလည်း ပြည်ထဲရေးဝန်ကြီးဌာနက တိုက်ရိုက်ကွပ်ကဲသော (နောက်ပိုင်း ပြည်ထောင်စု စစ်ရဲတပ် UMP ဖြစ်လာသည်) သောင်းကျန်းမှု နှိမ်နှင်းရေးတပ်မှ တပ်စိတ်တစ်စိတ်ကို လက်နက်ခဲယမ်း အပြည့်အစုံ (မောင်းပြန်သေနတ်များ အပါအဝင်) နှင့် ဗိုလ်ချုပ်အောင်ဆန်း၏ ရုံးခန်းပြင်ဘက်တွင် လုံခြုံရေးတာဝန်ချထားလိုက်သည်။ ဗိုလ်ချုပ်အောင်ဆန်း၏ သဘောထားကိုသိထားသူ ဝန်ကြီးဦးမြသည် လက်နက်ကိုင်တပ်စိတ် လုံခြုံရေး အစောင့်ချထားခြင်းကို ဗိုလ်ချုပ်အား လုံးဝ အသိမပေးခဲ့ချေ။ ထို့ပြင် ကျွန်တော့်ကိုလည်း နှစ်ယောက်ချင်းတွေ့၍ ရုံးခန်းအပြင်ဘက်၌ လုံခြုံရေးတပ်စိတ်ချထားကြောင်းကို ဗိုလ်ချုပ်အားမပြောရန် မေတ္တာရပ်ခံခဲ့ပါသည်။ ကျွန်တော်လည်း အလိုက်သိစွာနှင့်ပင် ဦးမြအား ကတိပေးပြီး ဗိုလ်ချုပ်အား မပြောဘဲ နေလိုက်ပါသည်။

သို့ရာတွင် ကံဆိုးချင်တော့ တစ်နေ့ ဗိုလ်ချုပ်နှင့် ကျွန်တော်တို့ ရုံးဘက်လာပြီး ဗိုလ်အောင်ကျော်လမ်းဘက် တံခါးပေါက်မှ ရုံးခန်းသို့အဝင်တွင် မလှမ်းမကမ်းရှိ ဘဏ္ဏာရေးဝန်ကြီးဌာနဘက်သို့ ချိုးကွေ့သည့်ထောင့်နား၌ မောင်းပြန်သေနတ်ကိုင် ရဲဘော်သုံးလေးဦးကို ဗိုလ်ချုပ်က လှမ်းမြင်သွားပါသည်။

ချက်ချင်း ဘာမှမပြောဘဲ ဗိုလ်ချုပ်သည် ရုံးခန်းအတွင်းသို့ရောက်တော့မှ ကျွန်တော့်အား နှစ်ယောက်ချင်း ခေါ်မေးပါသည်။

“ဟေ့ကောင် ငါ့ရုံးခန်းရှေ့က လက်နက်ကိုင် ရဲဘော်တွေက ဘာလုပ်တာလဲ”

“ပြည်ထဲရေးဝန်ကြီးက လိုအပ်တယ်ထင်လို့ လုံခြုံရေးအစောင့်ချထားတာပါ”

ကျွန်တော် ရှင်းပြသည်ကို ဗိုလ်ချုပ်သည် သဘောကျဟန်မတူပါ။

“မလိုပါဘူးကွာ။ ငါ့ကို ဘယ်သူကမှလည်း လုပ်ကြံမှာမဟုတ်ပါဘူး။ ငါကလည်း မစိုးရိမ်ပါဘူး။ ငါ့ရုံးခန်းရှေ့မှာ လက်နက်ကိုင် ရဲဘော်တွေချထားတာကို ငါ မမြင်ချင်ဘူး။ ဒီတော့ မင်းကိုယ်တိုင် ခုချက်ချင်း ပြည်ထဲရေးဝန်ကြီး ဦးမြဆီသွားပြီး ငါက ညွှန်ကြားတယ်လို့ ပြော။ ငါ့ရုံးခန်းရှေ့က လက်နက်ကိုင် ရဲဘော်တွေကို ချက်ချင်းပြန်ရုပ်ခိုင်းလိုက်။ ကဲ … မင်းအခုပဲ သွားပြောပေတော့”

ဗိုလ်ချုပ်က တိကျပြတ်သားစွာပြောသဖြင့် ကျွန်တော်လည်း ပြည်ထဲရေးဝန်ကြီးဌာနသို့ အမြန်သွားရောက်၍ ဝန်ကြီး ပျော်ဘွယ်ဦးမြအား ဗိုလ်ချုပ်က အမိန့်ပေးလိုက်ပုံကို ပြောပြလိုက်ပါသည်။

ဝန်ကြီး ဦးမြသည် အလွန်စိတ်မကောင်းဖြစ်သွားပုံရတယ်။

“ခက်တော့တာပဲကွာ။ ငါတို့က လုံခြုံရေးအတွက် လိုအပ်တယ်ထင်လို့ လက်နက်ကိုင်တပ်စိတ်ချထားတာကို ဗိုလ်ချုပ်က မြင်သွားတာ ဆိုးတာပဲ။ ဒါပေမယ့် ဘယ်တတ်နိုင်ပါ့မလဲ။ သူ့အမိန့်ကိုလည်း တို့က မနာခံလို့ မဖြစ်ဘူး။ ငါတော့ စိတ်မကောင်းဘူးကွာ”

ဤသို့ ငြီးငြူးရင်းနှင့်ပင် ဝန်ကြီးဦးမြသည် သက်ဆိုင်ရာသို့ တယ်လီဖုန်းဆက်၍ ဗိုလ်ချုပ်ရုံးခန်းရှေ့မှ လက်နက်ကိုင် လုံခြုံရေးတပ်စိတ်ကို ချက်ချင်းရုပ်သိမ်းရန် အမိန့်ပေးလိုက်ရပါတော့သည်။

ထိုနေ့ညနေဘက် ရုံးမှအိမ်သို့အပြန်တွင် ဗိုလ်ချုပ်သည် စကားများများမပြောဘဲ တစ်စုံတစ်ခုကို စဉ်းစားနေဟန်ဖြင့် ငြိမ်နေရင်းမှ ရုတ်တရက် ကောက်ခါငင်ခါ ကျွန်တော့်အား မေးခွန်းထုတ်ပါသည်။

 “ဟေ့ တို့အိမ်မှာနေတဲ့ ရဲဘော်တွေမှာ လက်နက်ရှိသလား”

“မရှိပါဘူး။ ဗိုလ်ချုပ် သူတို့က ပြည်သူ့ရဲဘော်တွေဆိုတော့ တရားဝင် လက်နက်ကိုင်တပ်ဖွဲ့ဝင်မဟုတ်တဲ့အတွက် လက်နက် မရှိကြပါဘူး”

ကျွန်တော်က အမှန်အတိုင်း ပြောလိုက်ပါသည်။ သည်တော့မှ ဗိုလ်ချုပ်သည် သူ၏စိတ်ထဲ ဖြစ်ပေါ်ခံစားမိပုံကို ပြောပါသည်။

“ငါကိုယ်တိုင်ကတော့ သေရမှာလည်း မကြောက်ဘူး။ ဘယ်သူကမှလည်း ငါ့ကိုလုပ်ကြံမယ် မထင်ဘူး။ ဒါပေမယ့်ကွာ အိမ်မှာရှိတဲ့ကလေးတွေအတွက်တော့ ငါ စိုးရိမ်သလိုဖြစ်မိတယ်။ ဒီတော့ လိုလိုမယ်မယ်ပေါ့ကွာ၊ သက်ဆိုင်ရာကို ဒီနေ့ပဲ မင်းကိုယ်တိုင်သွားပြီး ငါကခိုင်းတယ်လို့ပြော။ သင့်တော်မယ့် လက်နက် နည်းနည်းပါးပါး ထုတ်ယူပြီး အိမ်ကရဲဘော်တွေကို ပေးထားလိုက် ဒါပဲ”

ဤသို့ အမိန့်ပေးသဖြင့် ကျွန်တော်လည်း အိမ်ပြန်ရောက်သောအခါ သက်ဆိုင်ရာနှင့် ဆက်သွယ်အစီအစဉ်လုပ်ပြီး တော်မီဂန်း တစ်လက်၊ စတင်းဂန်း တစ်လက်၊ ခြောက်လုံးပြူး နှစ်လက်တို့ကို ကျည်ဆံများနှင့်တကွ ထုတ်ယူကာ တာဝါလိန်းလမ်း ဗိုလ်ချုပ်အိမ်တွင်နေသော ရဲဘော်များအား ပေးထားလိုက်ပါသည်။

နိုင်ငံတော်လုပ်ကြံမှုကြီးဖြစ်ပွားခဲ့သည်မှာ ၁၉၄၇ ခုနှစ် ၊ ဇူလိုင်လ ၁၉ ရက် စနေနေ့ဖြစ်ပါသည်။ ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော အစိုးရအဖွဲ့ဝင် ဝန်ကြီးများ (ကတ်ဘိနက်) အစည်းအဝေးကျင်းပနေခိုက် မသမာသူ လူသတ်သမားအဖွဲ့က ဝင်ရောက်လုပ်ကြံ ပစ်ခတ်ခြင်းဖြစ်သည်။ အမှန်တော့ ယင်းဝန်ကြီးအစည်းအဝေးသည် ဇူလိုင် ၁၉ ရက် စနေနေ့တွင် ကျင်းပရန်မဟုတ်ဘဲ ဇူလိုင် ၁၆ ရက် ဗုဒ္ဓဟူးနေ့တွင် လုပ်ရမည်ဖြစ်သည်။ ဤနေရာတွင် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ အစည်းအဝေးအကြောင်းကို အနည်းငယ်ရှင်းပြရန် လိုပေလိမ့်မည်။

********* 

၁၉၄၆ ခု၊ စက်တင်ဘာလ ၂၆ ရက်နေ့က ဗိုလ်ချုပ်အောင်ဆန်း အစိုးရအဖွဲ့အာဏာကို လက်ခံရယူပြီးချိန်မှစ၍ ဝန်ကြီးအဖွဲ့အစည်းအဝေးကို အပတ်စဉ် စနေနေ့ နံနက် ၁၀ နာရီ ကျင်းပနေကျဖြစ်သည်။ ထိုအချိန်က ဂဠုန်ဦးစောသည် ဘုရင်ခံက တိုက်ရိုက်ခန့်အပ်ထားသော ဝန်ကြီးတစ်ဦးဖြစ်ရာ သူသည်လည်း အပတ်စဉ် စနေနေ့တိုင်းကျင်းပသော ဝန်ကြီးအဖွဲ့ အစည်းအဝေးသို့ တက်ရသည်။

သို့ရာတွင် ၁၉၄၇ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဗြိတိသျှအစိုးရတို့ သဘောတူချုပ်ဆိုသော ‘အောင်ဆန်း-အက်တလီစာချုပ်’ ကို ဂဠုန်ဦးစောနှင့် သခင်ဗစိန်တို့ သဘောမတူဘဲ ကန့်ကွက်ကြသဖြင့် မြန်မာပြည် ပြန်ရောက်လာသောအခါ ဦးစောနှင့် သခင်ဗစိန်တို့သည် အစိုးရအဖွဲ့ဝင် ဝန်ကြီးအဖြစ်မှ နှုတ်ထွက်သွားကြရသည်။ ထို့ကြောင့် သူတို့နှစ်ဦးသည် နောက်ပိုင်း ဗိုလ်ချုပ်ဦးဆောင်သော အစိုးရအဖွဲ့ အစည်းအဝေးများသို့ မတက်ကြရတော့ချေ။

ဗြိတိန်နိုင်ငံမှ ပြန်လာပြီးနောက် ဗိုလ်ချုပ်အောင်ဆန်းသည် အပတ်စဉ် ဝန်ကြီးအဖွဲ့ (ကတ်ဘိနက်) အစည်းအဝေးကို စနေနေ့မလုပ်တောဘပဲ ဗုဒ္ဓဟူးနေ့ကျင်းပရန် ပြောင်းရွေ့သတ်မှတ်လိုက်သည်။ ယင်းအကြောင်းကို ဂဠုန်ဦးစော မသိ။ ဝန်ကြီးအဖွဲ့အစည်းအဝေးသည် စနေနေ့ နံနက် ၁၀ နာရီ ကျင်းပမြဲ ကျင်းပနေသည်ဟု ထင်မှတ်နေသည်။

၁၉၄၇ ခုနှစ် ဇူလိုင်လ၏ တတိယမြောက် အစည်းအဝေးကို ဇူလိုင် ၁၆ ရက် ဗုဒ္ဓဟူးနေ့တွင်ကျင်းပရန် သတ်မှတ်ထားပြီးဖြစ်ရုံမက အစည်းအဝေးဖိတ်စာများကို ဝန်ကြီးအသီးသီးထံသို့ ဖြန့်ဝေထားပြီးဖြစ်သည်။ သို့သော် ဇူလိုင် ၁၆ ရက် ဗုဒ္ဓဟူးနေ့တွင် တိုင်းပြည်ပြုလွှတ်တော်၏ ဆပ်ကော်မတီတစ်ခုဖြစ်သော ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ရေးဆွဲရေးကော်မတီ အစည်းအဝေးကျင်းပရန် ကြိုတင်သတ်မှတ်ထားပြီးဖြစ်နေသည်။ အစည်းအဝေး ၂ ခု တိုက်နေကြောင်းကို ကျွန်တော်က ဗိုလ်ချုပ်ထံသို့ သတင်းပို့ တင်ပြသောအခါ ဗိုလ်ချုပ်က -

“လွှတ်တော်ကော်မတီ အစည်းအဝေးက အရေးကြီးတယ်။ လူကြီးတွေလည်း ပါနေတယ်။ ဒါကြောင့် အဲဒီအစည်းအဝေးကို ဒီတိုင်းပဲထား၊ ကတ်ဘိနက် အစည်းအဝေးကိုတော့ စနေနေ့ ပြောင်းလုပ်လိုက်။ ဝန်ကြီးတွေဆီလည်း ဖိတ်စာအသစ်ရိုက်ပြီး ပေးလိုက်” ဟု အမိန့်ပေးလိုက်ရာ “မမေ့နိုင်သော ဇူလိုင် ၁၉ ရက်” နေ့တွင် အစိုးရအဖွဲ့ အစည်းအဝေးကျင်းပဖြစ်သွားကာ နိုင်ငံတော်လုပ်ကြံမှုကြီးလည်း ဖြစ်ပွားခဲ့ရပါတော့သည်။

********* 

ဤသည်တို့ကား ၁၉၄၇ ခုနှစ်၊ ဇူလိုင်လဆန်းက အမှန်တစ်ကယ်ဖြစ်ခဲ့သော ဖြစ်ရပ်များဖြစ်ရာ နေ့လယ်ပိုင်း ပြန်လည် သုံးသပ်ကြည့်သောအခါ အလွန်ဝမ်းနည်းယူကျုံးမရ ဖြစ်စရာကောင်းလောက်အောင် ကံကြမ္မာ၏ လှည့်စားမှု သို့မဟုတ် အလှည့်အပြောင်းများကို တွေ့ရပါသည်။

ပထမအချက်အနေဖြင့် အကယ်၍သာ ဗိုလ်ချုပ်အောင်ဆန်းက သူ၏ရုံးခန်းရှေ့မှ လက်နက်ကိုင် လုံခြုံရေးတပ်စိတ်ကို ရုပ်သိမ်းရန် အမိန့်မပေးခဲ့လျှင်။

ဇူလိုင် ၁၉ ရက်နေ့ကျတော့ လူသတ်သမားအဖွဲ့ ဗိုလ်ချုပ်တို့အား လုပ်ကြံရန်လာသောအခါ လုံခြုံရေးတပ်စိတ်နှင့် တိုက်ပွဲဖြစ်ရုံသာရှိမည်။ လုပ်ကြံမှုကြီးတော့ မဖြစ်နိုင်။ တိုက်ပွဲဖြစ်လျှင်လည်း လုံခြုံရေးတပ်စိတ်က လူအင်အား လက်နက်အင်အား ပိုကောင်းသဖြင့် လူသတ်သမားအဖွဲ့အား တစ်ယောက်မကျန် သုတ်သင်ခြေမှုန်းပစ်နိုင်မည်မှာ သေချာသည်။

အကယ်၍သာ တိုင်းပြည်ပြု လွှတ်တော်ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲရေးကော်မတီက ဇူလိုင် ၁၆ ရက်နေ့တွင် အစည်းအဝေးကျင်းပရန် ချိန်းမထားခဲ့လျှင် ဝန်ကြီးအဖွဲ့ (ကတ်ဘိနက်) အစည်းအဝေးကို ခါတိုင်း အပတ်စဉ် ကျင်းပနေကျ ဗုဒ္ဓဟူးနေ့ ဇူလိုင် ၁၆ ရက်တွင် ကျင်းပမည်ဖြစ်သည်။ ဗုဒ္ဓဟူးနေ့တိုင်း ကျင်းပသော ဝန်ကြီးအဖွဲ့ အစည်းအဝေးအကြောင်းမသိသူ ဂဠုန်ဦးစောသည် သူ၏ လူသတ်သမားအဖွဲ့အား ဇူလိုင်လ ၁၉ ရက်နေ့၊ စနေနေ့တွင် လွှတ်မည် ဖြစ်သည်။ သို့ဖြစ်လျှင် ဝန်ကြီးအစည်းအဝေးမရှိ၍ လုပ်ကြံမှုကြီးလည်း ဖြစ်ပွားမည်မဟုတ်ချေ။

အကယ်၍သာ လူသတ်သမားအဖွဲ့သည် ဗိုလ်ချုပ်အား အတွင်းဝန်ရုံးတွင် မလုပ်ကြံဘဲ ဗိုလ်ချုပ်၏နေအိမ် (ဗဟန်း တာဝါလိန်းလမ်း ယခု ဗိုလ်ချုပ်တည်ရှိရာ) တွင် လာရောက်လုပ်ကြံပါက သူတို့သည် ဗိုလ်ချုပ်ရှိရာ အိမ်ပေါ်ထပ်သို့ပင် တက်နိုင်မည် မဟုတ်။ ဗိုလ်ချုပ်၏အမိန့်ဖြင့် ကျွန်တော်ကိုယ်တိုင် လက်နက်တပ်ဆင်ထားသော အိမ်ရှိ ရဲဘော်များနှင့် ရင်ဆိုင်တိုက်ပွဲဖြစ်မည်။ ယင်းသို့ တိုက်ပွဲဖြစ်လျှင် အိမ်မှ ပြည်သူ့ရဲဘော်များသည် ဘီဒီအေ တပ်မတော်နှင့် ဖက်ဆစ်တော်လှန်ရေး တပ်သားရဲဘော်များဖြစ်၍ လက်နက်ကိုင်တွယ်မှု ကျွမ်းကျင်သည့်အပြင် တိုက်ပွဲအတွေ့အကြုံလည်းရှိသောကြောင့် လူသတ်သမားအဖွဲ့အား အလွယ်တကူပင် တွန်းလှန်တိုက်ခိုက်ပစ်နိုင်မည် ဖြစ်သည်။

သို့ရာတွင် လူသတ်အဖွဲ့အစည်းသည် ဗိုလ်ချုပ်အိမ်သို့မလာဘဲ လက်နက်ကိုင်အစောင့်မရှိသော အတွင်းဝန်ရုံးသို့ သွားရောက်လုပ်ကြံခဲ့သည်။ ထို့ကြောင့်လည်း လုပ်ကြံမှုကြီးဖြစ်မြောက်ခဲ့ရသည်။

ဗိုလ်ချုပ်ခမျာ ဖခင်တို့၏ကြီးမားသော မေတ္တာအဟုန်ကြောင့် လူမမယ်ရင်သွေးငယ်များအတွက် စိုးရိမ်မကင်းဖြစ်ကာ “လိုလိုမယ်မယ်ပေါ့ကွာ” ဟုဆိုပြီး ကျွန်တော့်အား အိမ်မှရဲဘော်များအား လက်နက်တပ်ဆင်ခိုင်းခဲ့သည်။ သူ့ကိုယ်သူအတွက်တော့ လုံးဝ မစိုးရိမ်ဘဲ “ငါက သေရမှာလည်း မကြောက်ဘူး။ ဘယ်သူမှလည်း ငါ့ကိုလုပ်ကြံမှာ မဟုတ်ပါဘူး” ဟု ပြောခဲ့ရှာသည်။ သို့သော် တကယ်ကျတော့ သူထင်သလိုဖြစ်မလာခဲ့။ သူ ချစ်မြတ်နိုးသော ရင်သွေးငယ်များ ဘာမှမဖြစ်ဘဲ သူကိုယ်တိုင်ကသာ ၁၉- ၇- ၁၉၄၇ နေ့က မရှုမလှ ရေတိမ်နစ်ကျဆုံးခဲ့ရရှာသည်။

ကံတရားက ဗိုလ်ချုပ်နှင့်တကွ ကျွန်တော်တို့နိုင်ငံသားအားလုံးကို ဒဏ်ခတ်သလို ပျက်ရယ်ပြု လှည့်စားလိုက်ခြင်းပေလား။

ဗုဒ္ဓရှင်တော်ဘုရား၏ အဆုံးအမ အရ ကံ၊ ကံ၏အကျိုးကို ယုံကြည်ရမည်ကို ညွှန်ပြထားပါသည်။ ထို့ကြောင့် မည်သို့မှ မမေ့နိုင်သော ဇူလိုင် ၁၉ ရက်၊ စနေနေ့က ဖြစ်ရပ်အကြောင်း ပြန်ပြောင်းသတိရမိတိုင်း “သတ္တဝါမှန်သမျှ ကံစီမံ ဖန်တီးရာသာ လိုက်နာ နာခံနေကြသည်ပါတကား” ဟူသော အင်္ဂုတ္တရနိကာယ် အဘိဏှသုတ်တော်လာ တရားသဘောအတိုင်း ဆင်ခြင်နှလုံးသွင်း၍ သံဝေဂဉာဏ်ပွားများကြရန်သာ ရှိပါတော့သတည်း။

စတိုင်သစ် မဂ္ဂဇင်း 
ဇူလိုင်လ၊ ၁၉၉၅


 

No comments: