ထမင်းငတ်တဲ့ နေ့ရက်များ
ပဲခူးရိုးမကို ရောက်လာတာ အတော်ဒုက္ခရောက်တယ်။ ရဲဘော်တွေဆို စစ်ချည်းပဲ တိုက်နေရတယ်။ ထမင်းကျတော့ မစားရဘူး။ ၇ ရက် ၈ ရက်ဆက်တိုက် စစ်တိုက်ရပြီး အစာက မရှိတော့မောတာပေါ့။ ရဲဘော်လေးတယောက် ကျသွားတာ။ ဗိုက်ကလေး ဟောက်ပက်နဲ့။ အဖိုး တော်တော်စိတ်ထိခိုက်တယ်။
ပဲခူးရိုးမမှာ အဖိုးတို့ ခဏခဏ ထမင်းငတ်တယ်။ တခါတခါ တစ်လတောင် ကျော်သေးတယ်။ ဟိုအရွက်ခူးစား ဒီအရွက်ခူးစား ဒီလိုဖြစ်ကြတာ။ ကျသွားတဲ့ ဗိုလ်မှူးမောင်ချစ်ဆိုရင် အခြေအနေမကောင်းဘူးလို့ ပြောရင် မကြိုက်ဘူး။ ထမင်းငတ်ပေမယ့် စိတ်ဓာတ်က တော်တော်ခိုင်တယ်။ အညံ့မခံ အရှုံးမပေးဘဲ ရန်သူကို နိုင်အောင်တိုက်မယ်ဆိုတဲ့ စိတ်ဓာတ်က ခိုင်ခိုင်မာမာရှိတယ်။
“စိတ်ဓာတ်ကျမယ့် အတွေးအခေါ်တွေ မင်းတို့ဦးနှောက်ထဲမှာ တစက်မှမထားနဲ့။ ဒီ အတွေးအခေါ်တွေ ဝင်လာပြီးဆိုရင် မင်းတို့ ခေါင်းထဲက မြန်မြန် ထုတ်ပစ်လိုက်” သူက ဒီလိုပြောတာ။
ဒီလို အခက်အခဲဖြစ်တာ ပဲခူးရိုးမ ရောက်ပြီး ၃-၄ လ အကြာမှာဖြစ်တာ။ အဖိုးတို့က မြစ်ဝကျွန်းပေါ်က နာမည်ကြီးတွေဆိုတော့ ရန်သူက အတင်းလိုက်တာ။ အဲဒီအချိန်မှာ ရန်သူက ကွန်မြူနစ်ကိုတောင် ထိုးစစ်မဆင်တော့ဘူး။ အဖိုးတို့ကိုပဲ အသဲအမဲလိုက်တာ။ ရန်သူက ထိုးစစ်ကြီးတွေ၊ ဖြတ်လေးဖြတ်တွေ စပြီးလုပ်တော့တာပဲ။ အဖိုးတို့ ငှက်ပျောပင်တွေ အသီးတွေအရွက်တွေပဲ စားရတဲ့ ရက်တွေမနည်းဘူး။ ကြာတော့ အားပြတ်တာပေါ့။ မင်းတို့ အဖွားလည်း တော်တော် ဒုက္ခရောက်တယ်။ သူလည်း ကြာတော့ မနိုင်တော့ဘူး။ မင်းတို့အဖွားက …
“အဖိုးကြီး ဒို့ ချောင်းထဲမှာ ငါးရှာရအောင်” တဲ့။
သူလည်း အားတွေဘာတွေ ပြတ်ကုန်ပြီကိုး။ သူ့ကို ကြည့်ရတာလည်း အဖိုးသနားတယ်။ သူ့မှာ ဘောင်းဘီလေး တစ်ထည်၊ သူများပေးတဲ့ ပုဆိုးလေးတစ်ထည်။ စစ်အင်္ကျီလေးတထည်နဲ့ အင်္ကျီလက်ပြတ် ဖားပါးစပ်လေးတထည် ဒါပဲရှိတယ်။ ဒါကိုပဲ ထည်လဲ ဝတ်နေရတာ။
အဲဒီနေ့က သူ့အင်္ကျီ ဖားပါးစပ်လေးကိုဝတ်ပြီး အဖိုးတို့ ချောင်းထဲမှာ ငါးရှာကြတယ်။ ရေက သိပ်မရှိတော့ဘူး။ စိမ့်အိုင်လေးတွေလို ဖြစ်နေတာ။ ဘေးမှာ ကျောက်တုံးလေးတွေ ရှိတယ်။ စိမ့်အိုင်လေးထဲ မင်းတို့အဖွားဆင်းသွားပြီး ယက်ကြည့်တော့ ငါးသေးသေးလေး ရတယ်။ လက်မ၊ လက်ညှိုး၊ လက်သန်းအရွယ်လေးတွေပေါ့။ သူက ချောင်းထဲက နေပြီးတော့ ရော့ အဖိုးကြီးဆိုပြီး ပစ်တင်ပေးတယ်။ အဖိုးက ဖမ်းပြီး ဟမ်းကောချိုင့်ထဲ ထည့်တာပဲ။ နောက်တော့ မောပြီ နားဦးမယ်ဆိုပြီး ချောင်းထဲက သူ တက်လာတယ်။
သူတက်လာတော့ ချိုင့်ထဲမှာ ငါးက တစ်ကောင်မှ မရှိတော့ဘူး။ ခုန်ထွက်ကုန်မှာပေါ့။ အဖွားကြီး စိတ်ဆိုးလိုက်တာလေ။ ဒါနဲ့ အဖိုးက …
“နင်နေ ငါသွားရှာမယ်”
အဖိုးက ကျောက်တုံးတွေကြား နှိုက်မယ်ပေါ့။
“မြွေ ငါ့ကိုကိုက်ရင် အဲဒီမြွေကို ရိုက်သတ်ပြီး နင်တို့ ချက်စားကြ”
ကျောက်တုံးတွေကြားမှာ အဖိုးလိုက်စမ်းတယ်။ ဖားရှိရင် မြွေတော့ရှိမှာ မဟုတ်ဘူး။ အဖိုးစမ်းလိုက်တာ ပျော့ပျော့လေး သွားထိတယ်။ ဒါ မြွေတော့ မဟုတ်ဘူး။ ဒီကောင် ဖားပဲ။ အဖိုးနှိုက်လိုက်တော့ ဖားကျော်စံကွေးလေး တစ်ကောင်ရတယ်။ ရတဲ့ဖားကို နှုတ်ခမ်းနဲ့ကိုက်လိုက်တာ ဖားက ခြေကားလက်ကားနဲ့ ‘ကွိ’ခနဲ တချက်ပဲအော်နိုင်တယ်။
တစ်ကောင်ရလိုက် ကိုက်လိုက်။ တစ်ကောင်ရလိုက် ကိုက်လိုက်နဲ့။ လေးငါးဆယ်ကောင်လောက် ရတယ်။ ထပ်နှိုက်လို့လည်း မရတော့ဘူး။
မင်းတို့အဖွားကလည်း “အဖိုးကြီးတော်တော့ ပြန်ကြစို့” ဆိုတာနဲ့ အဖိုးတို့ပြန်လာတယ်။ လမ်းမှာ တောင်အတက်ရှိတော့ အဖိုးက မောလို့ နားပေမယ့် မင်းတို့အဖွားက မနားဘူး။ သူက ကင်ပွန်းရွက် အနုလေးတွေ ခူး။ သပြုသီးတွေ လိုက်ကောက်။ တဲပြန်ရောက်တော့ ရတဲ့ ဖားလေး ၁ဝ ကောင်လောက်နဲ့ အသီးအရွက်တွေ ဆေးကြောပြီး ရောပြုတ် သောက်တာ ချိုလိုက်တာ။ ဆားတွေ ဘာတွေလည်း မရှိဘူး။ အဖိုးတို့ ပြုတ်သောက်ကြတာ။ ငတ်တော့လည်း ဒါလေး သောက်ရတာ အားရှိသွားသလိုပဲ။
လက်နက်ချစကား အလျဉ်းမပြောရ
ပဲခူးရိုးမကနေ ၁၉၇၄ ခုနှစ် မေလမှာ မာနယ်ပလောကို အဖိုးတို့ ရောက်လာတယ်။ မန်းဘဇန်နဲ့တွေ့တော့ ဝမ်းသာလို့လေ။ ဗိုလ်မှူးချုပ်ကျော်သောင်းဆိုပြီး အဖိုးပခုံးကိုဖက်ပြီး မျက်ရည်ကျတယ်။ အဖိုးလည်း စိတ်မကောင်းဘူး။ မျက်ရည်ကျတာပေါ့။
အဲဒီမှာ ခေါင်းဆောင်တချို့က အဖိုးတို့ကို ...
“ဒီကောင်တွေ ထမင်းငတ်လို့ ထမင်းမဝလို့ ဒီကိုလာတာ။ လမ်းတဝက်မှာ လက်နက်ချမယ့် အကောင်တွေ”
သူတို့က ဒီလိုပြောတာ။ ဒီလိုပြောတာ အဖိုးက မခံနိုင်ဘူး။ အဖိုးစိတ်ထဲမှာ ဒီကောင်တွေပြောတာ တခွန်းကတော့ ဟုတ်တယ်။ တခွန်းကတော့ မဟုတ်ဘူး။ အဖိုး စိတ်ထဲက ဒီလိုဖြစ်တာ။ ထမင်းငတ်လို့ ပြေးလာတာလို့ ပြောတာကို အဖိုးက ခံနိုင်သေးတယ်။ မခံနိုင်လို့ လက်နက်ချတယ်လို့ ပြောတာကိုတော့ အဖိုးက လက်မခံနိုင်ဘူး။
အဖိုးတော်တော် ဒေါသထွက်တယ်။
“ဟေ့ကောင်တွေ တို့ကို ထမင်းမဝလို့၊ ထမင်းငတ်လို့ လာတယ်လို့ ပြော။ ဒါ မှန်တယ်ကွ”
အဖိုးတို့ တလနှစ်လ ထမင်းမှ မစားရဘဲ။ ဒါက ဟုတ်နေတာပဲကိုး။
“လက်နက်ချဖို့ လာတယ်လို့ ပြောတာတော့ မမှန်ဘူးကွ။ ဒါ မပြောနဲ့ကွ။ ငါ မကြားချင်ဘူး။ လက်နက်ချချင်ရင် မင်းတို့ဆီလာမလား”
အဖိုးက ဒီအတိုင်းပဲ ပြောလိုက်တယ်။
ဒါနဲ့ ခေါင်းဆောင်တချို့က မျက်နှာတွေ ပုပ်သွားတယ်။ အဲဒါ ဗိုလ်မှူးချုပ်ကျော်သောင်း ဖြစ်မယ်။ အဖိုးကို တချို့က သိမှမသိဘဲကိုး။ ဗိုလ်ချုပ်မြရောက်လာတော့ သူ့လူတွေကို သူ ဆူတယ်။
“မင်းတို့ကောင်တွေ တော်တော်ဂွကျတဲ့ ကောင်တွေပဲ။ သူ ပြောတာ မှန်တယ်။ လက်နက်ချတယ်ဆိုတဲ့ စကားကို မင်းတို့ပြောတာ သူဘယ်ခံနိုင်မလဲ။ မင်းတို့တွေ ဒီစကားမျိုး မပြောပါနဲ့။ ဒီကောင်တွေ ပဲခူးရိုးမမှာ တော်တော် ဒုက္ခခံခဲ့တဲ့ကောင်တွေ” ဗိုလ်ချုပ်မြက လူကြီးတွေကို မာနယ်ပလောမှာ ခေါ်ဆူတယ်။ အဖိုးလေ အဲဒီကောင်တွေကို စိတ်ဆိုးလိုက်တာ။
အဖိုးက လက်နက်ချ အညံ့ခံတဲ့ စကားကို လုံးဝ လက်မခံနိုင်ဘူး။ စောဘကြီးကလည်း ‘လက်နက်ချစကား အလျဉ်းမပြောရဘူး’ လို့ တို့ကိုပြောခဲ့တာပဲ။ ဒါကို ဒီကောင်တွေပြောတော့ အဖိုး ဒေါသထွက်တာပေါ့။
ဆက်လက်ဖော်ပြပါမယ်။
No comments:
Post a Comment