Monday, July 30, 2012

အရှိအတိုင်း ... ခံစားကြေး (ကမာပုလဲ)

လူတယောက်
ဘဝ တခုစီရတယ် ...
အဲဒီလို ရခဲတဲ့ လူ့ဘဝမှာ
မိမွေးတိုင်း ဖမွေးတိုင်း
အခက်အခဲဟူသမျှ ခုခံရင်ဆိုင်တယ်။

သဘာဝတရားကြီးကိုလည်း တိုက်ပွဲဝင်ရတယ်
စားဝတ်နေရေးကိုလည်း နေ့စဉ်ဖြေရှင်းရတယ်
လူ့အဖွဲ့အစည်းရဲ့ တရားမှု၊ မတရားမှုတွေနဲ့လည်း
(မတရားမှုတွေက များပါတယ်)
ထိပ်တိုက်ရင်ဆိုင်ရတယ်
နို့
လက်တွေ့မှာ ထွက်ပြေးလို့မှ မရတာ ...။


မိုးလင်းကနေ မိုးချုပ်
ဆဲသံ၊ ဆိုသံ၊ အမနာပ အသံ ...
ကြိမ်းသံ၊ မောင်းသံ၊ ကိုယ်ရည်သွေးသံ ...
ငိုသံ၊ ရယ်သံ၊ ညည်းတွားသံ ...
အသံတွေဟာ အသံတွေနောက်ကိုလိုက်ရင်း
အသံတွေဟာ အသံတွေနဲ့အတူ
ကိုယ်လက်သွေးသား နှီးနှောရင်း
အသံတွေဟာ ကြည်နူးမှုထက် ခြောက်သွေ့ ခြောက်ခြားလာနေရင်း
အသံတွေဟာ
စက်ရုံ၊ အလုပ်ရုံ၊ ရိုးပြတ်၊ လယ်ကွင်း ..
ထမင်းစားဝိုင်း၊ စာသင်ခန်း၊ လမ်းမ ဥဒဟို ...
အိပ်ယာထဲထိ လိုက်လိုက်လာတယ် ...။

ကြာတော့ ... စိတ်က ညစ်ညစ်လာတယ်
စိတ်ညစ်လို့ ဘုရားဘက်၊ တရားဘက်လှည့်ကြည့်ပါတယ်
ဘုရားစင် ညောင်ရေအိုးမှာ ပန်းထိုးဖို့အတွက်
ငွေက မရှိပြန်ဘူး ...
တရားဘက်လှည့်တော့လဲ
မရှိလို့ မလှူ ... မလှူလို့ မရှိတဲ့ ...။

ခုခေတ် ခေတ်ပျက်ခရိုနီ သေဌေးတွေဟာ
ဘာမှန်းမသိတဲ့ အတိတ်ဘဝက
ကောင်းမှုတွေ ပြုခဲ့တဲ့ ကုသိုလ်ကံတွေကြောင့်တဲ့
ကိုယ်ကလည်း မှားခဲ့ပါလိမ့်မယ်
ဘာမှန်းမသိခဲ့ရတဲ့ ဘဝ ... ဘဝတွေမှာ
ဘာကြောင့်များ ဒီဘဝအတွက်
အကောင်းဆုံး ပါရမီတွေ မဖြည့်ခဲ့မိပါသလဲလို့ ... ။

ဒီလိုနဲ့
စိတ်ဓာတ်က ကျချင် ... ကျချင် ဖြစ် ဖြစ် လာတယ်
ဒီတော့ စိတ်ဓာတ်တွေ မြင့်တက်လာအောင်
ဂလူးကို့စ် တိုက်ရမလား
လူဖြစ်မယ့် သန္ဓေသားနဲ့ စီမံဖော်စပ်ထားတဲ့
နောက်ဆုံးပေါ် အားဆေးတွေပဲ အကူအညီတောင်းရမလား
တွေ့နေ မြင်နေရတဲ့ မျက်လုံးကိုပဲ ဖောက်ထုတ်ပစ်ရမလား
ကြားကြား နေတတ်တဲ့ နားရွက်တွေကိုပဲ
ဗင်းဆင့်ဗင်ဂိုးလို ဖြတ်တောက်ပစ်လိုက်ရမလား
မဟုတ်သေးပါဘူးလေပေါ့ ...။

ဒီလိုနဲ့
စိတ်ကို အတတ်နိုင်ဆုံး ငြိမ်အောင်ထားကြည့်တယ်
ဖြစ်တယ် ... ပျက်တယ် ... ဖြစ်တယ်
တဖန်ပြန်လို့
ဖြစ်ကြတယ် ... ပျက်ကြတယ် ... ဖြစ်ကြတယ်ပေါ့
ငြိမ်တယ်ထင်ရတဲ့ စိတ်ဟာ ရွေ့ ... ရွေ့သွားတယ်
စိတ်နောက် ကိုယ်ပါ လိုက်သွားနိုင်ရင် ကောင်းမယ်
လက်ရှိ နေပြည်တော်ကြပ်ပြေး လွှတ်တော်ထဲ ရောက်သွားတယ်
ဘာဆို ဘာမျှ မတွေ့ခဲ့ရဘူး
အဲဒီကနေ ...
ကျူးဘားတောနက်ထဲမှာ ချေဂွေဗားယားနဲ့ တွေ့တယ်
အဲဒီကနေ ...
ဖက်ဆစ်တော်လှန်ရေးရဲ့ ရိုးမတွေပေါ်မှာ ကိုဗဟိန်းနဲ့ တွေ့တယ်
အဲဒီကနေ ... တဆင့်
၈၈၈၈ ရဲ့ လမ်းမတွေပေါ်မှာ ဝင်းမော်ဦးနဲ့ တွေ့တယ်
ဒီတော့မှ စိတ်ဟာ နည်းနည်း ဂဏာငြိမ်လာတယ်
ဖြစ်တယ် ... ပျက်တယ် ... ဖြစ်တယ်ပေါ့ ... ။ ။

ကမာပုလဲ 
ဇူလိုင်၊ ၂၀၁၂


 

No comments: