Friday, July 27, 2012

ခေတ်စကား၊ ခေတ်တရား၊ ခေတ်ဓား နားမလည်ရင် နားပြတ်လိမ့်မယ် လည်ပြတ်မယ် (ဟံသာဝတီ ဦးဝင်းတင်)

ခင်မောင်ရင်၊ သုခ၊ စိန်ကြီး၊ ရန်ကြီးအောင် 

ဒီနေ့ ကျုပ်အသက် ၈၃ နှစ် ရှိပြီ။ နှစ်ပေါင်း ၆ဝ ကျော် ၇ဝ နီးပါးလောက်က အကြောင်းတွေကို တခါတခါ ပြန်တွေးမိတယ်။ တပြည်လုံး ယူကျုံးမရ ဖြစ်ခဲ့ရတဲ့နေ့။ အမှောင်ကြီး ကျခဲ့တဲ့နေ့။ ကျုပ် အသက် ၁၇ နှစ်သားလောက်ရှိပြီ။ တက္ကသိုလ်ဝင်တန်း တက်နေတယ်။ တိုင်းပြည်ကြီး ဒုက္ခရောက်ပြီဆိုတာ သိတယ်။ ကျုပ်တို့ တောမြို့လေးလည်း ငရဲကျပြီဆိုတာ သိတယ်။

ဗိုလ်ချုပ်အောင်ဆန်းနဲ့ ခေါင်းဆောင်ကြီးတွေ လုပ်ကြံခံကြရတယ်။ တိုင်းပြည် ဒုက္ခရောက်ပြီပေါ့။ ဒီလောက်တော့ ကျုပ် သဘောပေါက်ခဲ့တယ်။ ဗိုလ်ချုပ်တို့ကို လုပ်ကြံသူတွေထဲမှာ ကျုပ်တို့မြို့သားတယောက် ပါနေတယ်။ ကျုပ်ထက် အသက် ၅ နှစ်ပဲ ကြီးတဲ့သူ။ ကျောင်းနေဖက်တော့ မဟုတ်ဘူး။ ကျုပ်နဲ့အတူ ပြည်သူ့ ရဲဘော်အဖွဲ့ဝင်။


ကျုပ်တို့ တောမြို့ကလေးက သေးသေးလေး။ ဒါပေမယ့် သူနဲ့ကျုပ် မရင်းဖူး။ ကောင်းကောင်းတော့ သိတာပေါ့။ သူက ဂျပန်ခေတ် တပ်မတော်သားဟောင်း။ စစ်ကြီးပြီးသွားတော့ ကျုပ်လိုပဲ ပြည်သူ့ရဲဘော် အဖွဲ့ဝင်။ ကျောင်းဘင်ခရာ တီးဝိုင်းတွေ ဘာတွေမှာ ခေါင်းဆောင်ပါတဲ့သူ။ ဗိုလ်ချုပ်အောင်ဆန်းကိုလည်း အလွန် ကြည်ညိုကိုးကွယ်သူ။ လူက ကိုယ်လုံးတောင့်တောင့် ရုပ်ဖြောင့်ဖြောင့်။

ဗိုလ်ချုပ်အောင်ဆန်းနဲ့ သူ ဆုံဖူး တွေ့ဖူးလားတော့ ကျုပ် မသိဘူး။ ကျုပ်ကတော့ ဗိုလ်ချုပ်ကို တွေ့ဖူး ဆုံဖူးတယ်။ စကား တခွန်းနှစ်ခွန်း ပြောဖူးတယ်။ ကျုပ်လည်း ဗိုလ်ချုပ်ကို အသေအလဲ ကြည်ညိုတဲ့သူ။

ဂျပန်ခေတ်မှာရော စစ်ပြီးခေတ်မှာပါ ဗိုလ်ချုပ်ကို လူတိုင်း ကြည်ညိုတယ်။ ကိုးကွယ်တယ်။ အဲဒီလူတိုင်းထဲ ကျုပ်လို မြီးကောက်ပေါက်လည်း ပါတာပေါ့။ ဗိုလ်ချုပ်ကိုပစ်သတ်တဲ့ ကိုစိန်ကြီးလို နှစ်ဆယ်ကျော်သမားလည်း ပါတာပေါ့။

ကျုပ်က ၁၉၄၅ မတ်လမှာ တော်လှန်ရေး စစ်မြေပြင်ထွက်လာတဲ့ ဗိုလ်ချုပ်ကို ခရီးသွားဟန်လွဲတွေ့ လိုက်ဖူးတယ်။ “မင်း ကျောင်းနေတယ် မဟုတ်လား။ စာတတ်အောင် သင်။ တို့မှာ စစ်တိုက်မယ့်လူတွေ ရှိတယ်။ စာသင်မယ့်သူတွေ ရှားနေတယ်” ဆိုတဲ့ စကားကို နားထဲမှာ စွဲနေတယ်။ ၂ နှစ်လောက်ကြာတဲ့ ၁၉၄၇ ထိ နားလုံးပြည့် စွဲနေတယ်။ ကိုစိန်ကြီးလည်း ဂျပန်ခေတ်တပ်ထဲမှာ ဗိုလ်ချုပ်စကား ကြားခဲ့ဖူးမှာ မုချ။ သူကတော့ ကျုပ်လို ဗိုလ်ချုပ်စကား နားမစွဲခဲ့ဖူးနဲ့တူရဲ့။ ဒါကြောင့် ဂဠုန်ဦးစောစကား နားဝင်ခဲ့တာပေါ့။ အာဇာနည် လုပ်ကြံမှုကြီးထဲမှာ သေနတ်သမား ဖြစ်သွားခဲ့တာပေါ့။

ကိုစိန်ကြီးက မြို့တောင်ဘက်ရပ်ကွက်မှာ နေတယ်။ ကျုပ်က မြို့မြောက်ဘက် ရပ်ကွက်မှာနေတယ်။ သူ့ဆွေမျိုး အသိုင်းအဝိုင်းက ငွေသမား၊ ကြေးသမား၊ ကုန်သည်ပွဲစားတွေ။ ကျုပ်ဆွေမျိုးသားချင်းက တပ်မတော်သား၊ နိုင်ငံရေး လှုပ်ရှားသူတွေ။ ၁၉၄၇ မှာ သူက လုပ်ကြံရေးသမား ဂေါ့ဖားသားနောက် ကောက်ကောက်ပါသွားတယ်။ သေနတ်ကိုင်တယ်။ ကြိုးစင်တက်တယ်။ ကျုပ်က နိုင်ငံရေး လှုပ်ရှားမှုနောက် ကောက်ကောက် လိုက်သွားတယ်။ ကလောင်ကိုင်တယ်။ တက္ကသိုလ်တက်တယ်။

သူရော ကျုပ်ရော ပြည်သူ့ရဲဘော် တပ်ဖွဲ့ ဝင်တယ်။ ပြည်သူ့ရဲဘော် တပ်ဖွဲ့ခေါင်းဆောင်က ဗိုလ်မျိုးကျော်။ တော်လှန်ရေးမှာ ဗိုလ်ဗထူးတပ်နဲ့ ရှမ်းပြည် အောင်ပန်းမြို့ကို ချီခဲ့တယ်။ ဗိုလ်ဗထူး ကျဆုံးသွားတော့ တပ်ကို သူဦးစီးခဲ့တယ်။(ကျုပ်နဲ့ သားချင်း တော်တယ်။ အခု အသက် ၉ဝကျော် ပြီ။ ဗဟန်းမြို့နယ် ကျိုက္ကဆံရပ်ကွက်မှာ နေတယ်။ ဂျပန်ခေတ်စစ် တက္ကသိုလ် ဒုတိယပတ်ဆင်း။ လွတ်လပ်ရေး မော်ကွန်းဝင် ပထမဆင့်။ နိုင်ငံ့ဂုဏ်ရည် ပထမဆင့်)

ကိုစိန်ကြီး ကြိုးပေးကွပ်မျက်ခံရတယ်။ ဂဠုန်ဦးစောတို့နှင့် အတူပေါ့။ သူ့အသက် ၂၂ နှစ်။ နိုင်ငံတော် လုပ်ကြံမှုကြီး သတင်းက အများကြီးထွက်နေတာကိုး။ ကျုပ်တို့မြို့ကလေးမှာ အဲဒီအကြောင်းတွေပဲ အပြောဆုံး။ အကျယ်လောင်ဆုံး စကားဝိုင်းဖွဲ့ကြတာပေါ့။

သူ့မိဘက စီးပွားတောင့်တယ်။ ဂဠုန်ဦးစောနှင့် ရင်းတယ်။ ဂဠုန်နိုင်ငံရေး ထောက်ခံတယ်။ ၁၉၄၇ နှစ်ဆန်းပိုင်း ကျုပ်တို့မြို့ကို ဦးစော ရောက်လာတယ်။ လူမိုက် လာစုတာ။ ကိုစိန်ကြီးက ကျားကျားလျားလျား၊ ထောင်ထောင်မောင်းမောင်း၊ မာမာတင်းတင်း၊ မှုန်မှုန်တေတေ (ကမ္ဘာကျော် အီတလီ ဘောလုံးသမား မန်စီးတီး အသင်းသား ဘာလော့တယ်လီလို ပုံပန်းဟန်ပန်မျိုး)။

ဦးစော အဆွယ်ကောင်းတာလည်း ဟုတ်မှာပေါ့။ သူ့မိဘ တွန်းတာလည်း ဖြစ်မှာပေါ့။ ကိုစိန်ကြီးက အစောပိုင်းမှာ အင်တင်တင်ပဲတဲ့။ နောက်ပိုင်းမှ ဦးစောဘက် ပါသွားတာတဲ့။

ကိုစိန်ကြီးက ကားမောင်းတတ်တယ်။ ကားမောင်း ပျော်တယ်။ ဦးစောက ဂျစ်ကားပြ ဆွယ်မှာပေါ့။ ကိုစိန်ကြီးရဲ့ ပြည်သူ့ရဲဘော်တွေက ဦးစောကို မုန်းကြတယ်။ ဦးစောကို ခယနေကြတဲ့ ကိုစိန်ကြီးနဲ့ သူ့မိသားစုကိုလည်း မျက်မုန်းကျိုး လာကြတာပေါ့။ ကိုစိန်ကြီး ဝိုင်းပယ်ခံရသလို ဖြစ်လာတယ်။ ကိုစိန်ကြီးမှာ ရည်စားသနာ ရှိတယ်။ မိန်းမချောလေး။ ရန်ကုန်မှာ ကျောင်းတက်တယ်။ ကွန်ဗင့်ကျောင်းသူ။ (ရည်းစားရှိရာ သွားချင်တာလည်း ပါမှာပေါ့။) ကျုပ် တက္ကသိုလ်ရောက်တဲ့နှစ် ၁၉၄၈ မှာ အဲဒီအမျိုးသမီးက ကိုစိန်ကြီးရဲ့သူငယ်ချင်း တော်လှန်ရေး ရဲဘော်နဲ့ ညားနေပြီ။ ၁ဝ နှစ်လောက်ကြာတော့ အရမ်းချမ်းသာနေပြီ။ ကျုပ် သူတို့အိမ် အမြဲရောက်တယ်။ ကိုစိန်ကြီးအကြောင်းတော့ စကားမဟဖြစ်ဘူး။

ကိုစိန်ကြီး ကြိုးတိုက် (လူသတ် ရာဇဝတ်ကောင်တွေထားတဲ့ ထောင်အခန်း) ရောက်တော့ သူ့ရည်းစားက ထောင်ဝင်စာ လာတွေသတဲ့။ ကိုစိန်ကြီးက သူ့ပိုင်ပစ္စည်း ၆ဝဝ ကျပ်ဖိုးလောက်ကို သူ့ရည်းစားနဲ့ သူ့ သူငယ်ချင်း ရဲဘော်မင်္ဂလာဆောင်ရင် လက်ဖွဲ့ဖို့ စာရေးထားခဲ့သတဲ့။ ဒီဘဝ ဒီမျှသာ နောင်ဘဝပေါင်းကြစို့ရဲ့ သဘောသွားနဲ့ အလွမ်းစာလေးတောင် ရေးခဲ့သေးတယ်တဲ့။

ကိုစိန်ကြီးအကြောင်း မကောင်းသတင်း ကောင်းသတင်းတွေ အများကြီးထွက်ခဲ့တယ်။ လုပ်ကြံမှုကြီးဟာ ဧရာမ အမှားကြီးပဲ။ နိုင်ငံရေးသစ္စာဖောက်မှုကြီးပဲ။ ဦးစောဟာ သမိုင်းရာဇဝတ်ကောင်ပဲ။ နိုင်ငံရေး ဒေဝဒတ်ပဲ။ သူ လူပေါင်းမှားခဲ့ပြီ။ သမိုင်းကြွေးကို အသက်ပေးပြီး ဆပ်ရတော့မယ်။ သူနောင်တရပြီ။ ဦးစောဟာ လူယုတ်မာကြီးဆိုတာ သူ သိပြီ။ ဦးစောကို သူ မုန်းပြီ။ တရားခွင်ရောက်တော့ ဦးစောကို လုံးဝ အဖက်မလုပ်တော့ ။ လှည့်မကြည့်တော့။ မေးထူးခေါ်ပြောတောင် မလုပ်တော့။ ဦးစော ငှားပေးတဲ့ရှေ့နေကို သူ လက်မခံ။ ရှေ့နေမငှားဘူးလို့ ရုံးတော်ကို ငြင်းတယ်။ ဦးစောကခေါ်လည်း လှည့်မကြည့်။ ဦးစောပေးတဲ့ အဝတ်အစားတွေတောင် မယူ။

မကောင်းသတင်းတွေလည်း ထွက်သေးတယ်။ ကြိုးစင်တက်ရမယ့်ရက်မှာ ကိုစိန်ကြီးက ဗိုလ်ချုပ်အောင်ဆန်းတို့ကို ဆဲသတဲ့။ ကြိုးစင်ပေါ်ရောက်တော့လည်း ဗိုလ်ချုပ်တို့ကို မကြားဝံ့မနာသာ ဆဲရေးတိုင်းထွာသွားသတဲ့။ နိုင်ငံတော် လုပ်ကြံမှုတွင် ပါဝင်ကြသည့် ခင်မောင်ရင်၊ သုခ၊ စိန်ကြီး၊ ရန်ကြီးအောင် နိုင်ငံတော် လုပ်ကြံမှုကြီး တရားခံ အဖြစ်နဲ့ ကိုစိန်ကြီး ကြိုးစင်တက်ရတော့ ငယ်သေးတာပေါ့။

လပိုင်းလောက် ကာလတိုလေးအတွင်းမှာ လူငယ်တစ်ယောက်ရဲ့ စိတ်နေစိတ်ထားတွေ ဘယ်လိုကြောင့်များ ဇောက်ထိုးမိုးမျှော် ပြောင်းလဲခဲ့ရသလဲ။ နှစ်နှစ်ကာကာကြီး ချစ်ခင်မြတ်နိုး ယုံကြည်ကိုးကွယ်ခဲ့သူကို လုပ်ကြံသတ်ဖြတ်တဲ့အထိ ဖောက်ပြန် မိုက်မှားခဲ့ရသလဲ။ ရိုင်းစိုင်းရမ်းကားတဲ့၊ ရက်စက်မိုက်ကန်းတဲ့ မျိုးရိုးဗီဇကြောင့်လား။ အနောက်တိုင်းသမိုင်း ဝတ္တုတွေထဲက လူရဲ လူရမ်း၊ လူကြမ်း လူမာတွေ ပေါက်ဖွားတဲ့ ဂပ်စကွန် နယ်သားတွေလို မြန်မာလူရမ်းကားတွေထွက်တဲ့ သာယာဝတီနယ်သားဖြစ်လို့ ဒီလိုအပြစ်မျိုး ကျူးလွန်တာလား။

လူငယ်ဘာဝ လောကမှာ ကောင်းစားချင်တဲ့ အမုန်းစိတ် အမိုက်စိတ်တွေ ဖိစီးလွှမ်းမိုးခံရလို့လား။ ချစ်သူရည်းစားနဲ့ မြန်မြန်ညားပြီး ကြီးပွားချင်စိတ်နဲ့ လမ်းမှားလိုက်ခဲ့တာလား။

ရဲဘော်ရဲဘက်တွေက သူ့ကို ဦးစောဘက် ခြံခုန်ဖို့ ဟန်ပြင်နေတယ်လို့ တံဆိပ်ကပ်ပြီး ဖယ်ကျဉ်ချင်သလိုလို လုပ်လာကြလို့ သူကတလှည့် အရွဲတိုက်ပြီး ဦးစောဘက်ခြေစုံ ပစ်ဝင်လိုက်တာလား။

ကိုစိန်ကြီးဟာ ဆရာကြီး ဦးဖိုးကွန်း (နောင်အခါ ပြည်သူ့ရဲဘော်ဌာန ချုပ်ခေါင်းဆောင်၊ ဖဆပလဝန်ကြီး၊ သံအမတ် ဗိုလ်မှူး ဖိုးကွန်း) လို ထင်ရှားတဲ့ ပုဂ္ဂိုလ်ကြီးရဲ့ အမျိုးသားကျောင်းမှာ ကျောင်းသားဖြစ်ခဲ့တယ်။ အလယ်တန်းအဆင့်လောက်ပဲ စာသင်ဖူးတယ်။ စာမတတ် ပေမတတ် အသိဉာဏ်နုံနဲ့တဲ့ လူဖျင်းလူညံ့ ဖြစ်လို့လား။

သူရဲ့ ကျောင်းနေဖက်တွေထဲက ကိုစောလွင် (ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးမင်းခေါင်)တို့ ကိုအောင်မြင့် (နောင် ကွန်မြူနစ်ပါတီ အထက်မြန်မာပြည် တာဝန်ခံ) တို့၊ ကိုကြည်အေး (နောင် ဗြိတိန်စစ်တက္ကသိုလ် ဆင်းဟတ် ကျောင်းဆင်း၊ မေမြို့စစ် တက္ကသိုလ်ကျောင်းအုပ်ကြီး၊ ဝန်ကြီး) တို့လို ထူးချွန်ပေါက်မြောက်သွားသူတွေကို ပခုံးချင်း ယှဉ်ချင်လို့လား။

အကြောင်းတရားတွေကတော့ မျိုးစုံအောင် ရှိမှာပေါ့လေ။

ယတိပြတ် ပြောနိုင်တဲ့အကြောင်း တရားတခုကတော့ လူငယ်မျိုးဆက်သစ်တွေကို လမ်းမလွှဲအောင်၊ လမ်းမမှားအောင် သွန်သင်လမ်းပြတဲ့ လုပ်ငန်းတွေပြုလုပ်ဖို့ လစ်ဟာပျက်ကွက်တာကြောင့် ဖြစ်တယ်။ အပြန်အလှန်သဘောပြောမယ်ဆိုရင် လမ်းမှန်ကို သိမ်းသွင်းလမ်းညွှန်ဖို့ လျော့ပါးအားနည်းတာကြောင့် ဖြစ်တယ်။

ဒါဟာ အာဇာနည်ခေါင်းဆောင်ကြီးတွေ ကျဆုံးခဲ့ရတဲ့ နိုင်ငံတော် လုပ်ကြံမှုကြီးရဲ့ သင်ခန်းစာပဲ။

ဒီသင်ခန်းစာဟာ ဒီနေ့ဒီခါ နှစ်ပေါင်း ၆ဝ ကျော်၊ ၇ဝ ကုန်လွန်လာတဲ့ အချိန်ကာလအထိလည်းပဲ ကောင်းကောင်းကြီး မှတ်သားသင်ယူနေရမယ့် အသိပညာပဲရယ်လို့ လက်ခံနေကြရမှာဖြစ်ပါတယ်။

ခေါင်းဆောင်ကြီး ခေါင်းဆောင်ငယ်တို့ …။ ခေတ်လူငယ် မျိုးဆက်သစ်တွေရဲ့စကားကို နားလည်အောင် သင်ယူကြပါ။ ခေတ်လူငယ် လူသစ်တွေရဲ့ဓားကို အသွားတဖက်လား အမှားနှစ်ဖက်လား သိမြင်အောင် ဆင်ခြင်ကြပါ။ ခေတ်လူငယ် လူသစ်တွေကို အမှားပြင်ပေးကြပါ။ ခေတ်လူငယ် လူသစ်တွေကို အမှန်သင်ပေးကြပါ။

အမှောင်ခေတ်အလွန် တဘူတာမှာ ခေတ်လူငယ်စကားတွေ အများကြီး စောင့်နေတတ်တယ်။ ခေတ်လူငယ်တရားတွေ အများကြီး စောင့်နေတတ်တယ်။ ခေတ်လူငယ်ဓားတွေ အများကြီး စောင့်နေတတ်တယ်။

ခေတ်စကား၊ ခေတ်တရား၊ ခေတ်ဓား နားမလည်ရင် နားပြတ်တတ်တယ်ဗျို့။ နားလောက် ပြတ်ရင်ခံသာသေး။ လည်ပြတ်ရင် အာဇာနည်ဇာတ် တပတ်ကျော့နိုင်တယ်ဗျ။ မှတ်ထားကြ။

ကျုပ် ပြောပြချင်တာ ဒါပါပဲ။

ဟံသာဝတီ ဦးဝင်းတင် 

MIJ http://www.myanmarij.com/?p=4285 မှ … 


No comments: