Friday, July 27, 2012

သတင်းများက ပြောတဲ့ မြန်မာ့လယ်ယာကဏ္ဍ (မောင်ဝံသ)

မြန်မာဂျာနယ်လစ် ကွန်ရက် MJN လူငယ်သတင်းသမားတွေရဲ့ တာဝန်ပေးချက်အရ သည်ရက်ပိုင်းအတွင်း ကျွန်တော့်မှာ သတင်းဖြတ်ပိုင်းစာမျက်နှာတွေနဲ့ လုံးထွေးပြီး အိမ်စာတွေ လုပ်နေရတယ်ဗျ။ ရှင်းအောင်ပြောရရင်ဖြင့် မြန်မာ့လယ်ယာကဏ္ဍနဲ့ပတ်သက်တဲ့ သတင်းဆောင်းပါးတွေထဲက အကောင်းဆုံး သတင်း/ဆောင်းပါး သုံးပုဒ်စီကို မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်းက ဆုပေးချင်တယ်၊ မြန်မာဂျာနယ်လစ် ကွန်ရက်ဆိုပြီး ဖွဲ့စည်းထားတဲ့ လူငယ် သတင်းသမားများရဲ့အဖွဲ့ကို အဲဒီကိစ္စ အကူအညီတောင်းတယ်။

လူငယ်တွေက ကျွန်တော်တို့ဆီ ပြေးလာပြီး အကောင်းဆုံး သတင်း/ ဆောင်းပါးများ ရွေးပေးပါလို့ ခိုင်းတာပါပဲ။ သူတို့ဘာသာ ရွေးရင် အဂတိပါတယ်လို့ အထင်ခံရမှာစိုးလို့ ကျွန်တော်တို့ကို ဒိုင်လုပ်ခိုင်းတာပါ။


မနှစ်က အမျိုးသားသတင်းဆု ရွေးချယ်ရေးမှာ ပါဝင်ဆောင်ရွက်ခဲ့တဲ့ အတွေ့အကြုံရှိခဲ့တာမို့ ကျွန်တော်လည်း မငြင်းဘဲ တာဝန်ယူလိုက်ပါတယ်။ လူငယ်များက ချက်ချင်းပဲ ဂျာနယ်စာမျက်နှာတွေ အထပ်လိုက် လာပို့ပါတော့တယ်။ ကျွန်တော့်မှာ အချိန်မီဖတ်ပြီး အမှတ်ပေးနိုင်ဖို့ နေ့ညဆက်ပြီး အလုပ်လုပ်ရပြန်ပါတယ်။

ဂျာနယ်တွေမှာပါပြီးဖြစ်တဲ့ လယ်ယာကဏ္ဍ သတင်းတွေဖတ်ရင်း အမှတ်ပေးဖို့စဉ်းစားရင်း ကျွန်တော်ဟာ လယ်ယာသတင်းတွေထဲမှာ နစ်မျော ဈာန်ဝင်သွားတယ်ဗျာ။

တကယ်က ကျွန်တော်ဟာ စာရေးနေသူတစ်ယောက်ဖြစ်တဲ့အပြင် ဂျာနယ်တစ်စောင်ထုတ်ဝေနေသူဖြစ်လို့ ဂျာနယ် အတော်များများကို ဖတ်နေတာပါပဲ။ တာဝန်အရကို ဖတ်နေရတာပါ။ သို့ပေမယ့် သတင်းအားလုံးကို ခေါင်းထဲ စွဲမှတ်နေအောင်တော့ မဖတ်ဖြစ်ခဲ့ဘူးဗျာ။ အခုလို အမှတ်ပေးရွေးချယ်ဖို့အတွက် စူးစူးစိုက်စိုက် ဖတ်တော့မှ တိုင်းပြည်အတွက် အင်မတန်မှ အရေးကြီးတဲ့ကဏ္ဍကြီးတစ်ခုဆိုတာ ပိုပြီး သဘောပေါက်မိတယ်ဗျ။ ခေါင်းစဉ်အချို့ကိုပဲ ကျွန်တော် ဖော်ပြပါမယ်။ မြန်မာတိုင်းရင်းသားအားလုံးအတွက် စိတ်ဝင်စားစရာ အချက်အလက်တွေကို တွေ့ရမှာ ဖြစ်ပါတယ်။

၁။ စက်မှုဇုန်နယ်မြေ ဖော်ထုတ်မှုကြောင့် လယ်သမားများ အခက်ကြုံ။ (ပြည်သူ့ခေတ်၊ ၃ မေ ၂၀၁၂)

၂။ မြေယာသိမ်းဆည်းမှုကြောင့် တောင်သူမိသားစုများ လူမှုဒုက္ခခံစားနေရကြောင်း တွေ့ရှိရ။ (မြန်မာပို့စ်၊ ၁၁ ဇူလိုင် ၂၀၁၂)

၃။ လယ်ယာမြေ သိမ်းဆည်းခံရခြင်းအား စုံစမ်းလေ့လာဖော်ထုတ်ပြီး တောင်သူလယ်သမားများ နစ်နာမှုမရှိစေရန် ဖြေရှင်း ဆောင်ရွက်ပေးရန်အဆို ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်း။ (မြန်မာပို့စ်၊ ၁၁ ဇူလိုင် ၂၀၁၂)

၎။ လွှတ်တော်ကိုယ်စားလှယ်တစ်ဦး လယ်မြေအသိမ်းခံရ။ (7 Day ၁၂ ဇူလိုင် ၂၀၁၂)

၅။ လယ်ယာစီးပွားရေးကဏ္ဍ အကျပ်အတည်းကြောင့် ဆန်စပါး အထူးပြု ကုမ္ပဏီများ လုပ်ငန်းရပ်ဆိုင်းရလုနီးပါး အခက်ကြုံနေ။ (ရန်ကုန်တိုင်းမ် ၇-၁၃ ဇွန် ၂၀၁၂)

၆။ ဥတုဖျက်၍ အပူပိုင်းဒေသ စပါးအထွက် ၇၀% အထိကျ၊ နှမ်းနှင့်နေကြာ မစိုက်ရဲလောက်အောင် ထိုးကျ)

၇။ ကမ္ဘာ့ဆန်ဈေးကွက်သို့ အိန္ဒိယ ဆန်တန်ချိန် ရှစ်သန်းအထိ တင်ပို့လာနေမှု တုံ့ဆိုင်းလာနေသော မြန်မာ့ ပြည်ပဆန်ဈေးကွက် ထပ်မံအကျပ်အတည်းကြုံလာနိုင်။ (ရန်ကုန်တိုင်းမ်၊ ၃၁ မေ - ၆ ဇွန် ၂၀၁၂)

၈။ မြန်မာဆန် တရုတ်လက်မခံ။ (Flower News ၁၉ ဇွန် ၂၀၁၂)

၉။ မြန်မာ့လယ်ယာထွက်ကုန် တရုတ် ဖမ်းဆီးနေမှု စီးပွား/ကူးသန်း သွားရောက်ဖြေရှင်းမည်။ (ပေါ်ပြူလာနယူးစ်၊ ၇ ဇွန် ၂၀၁၂)

သတင်း/ဆောင်းပါး ပုဒ်ရေအမြောက်အမြားဖတ်ပြီးတဲ့အခါ မြန်မာနိုင်ငံရဲ့ လူဦးရေအများစုဖြစ်တဲ့ တောင်သူလယ်သမားတွေ လက်ငင်း ကြုံတွေ့နေရတဲ့ ပြဿနာတွေထဲမှာ လယ်ယာမြေ အသိမ်းခံရတဲ့ပြဿနာ သို့မဟုတ် အသိမ်းခံရနိုးနိုး စိုးရိမ်ပူပန်နေရတဲ့ ပြဿနာဟာ မသေးငယ်လှဘူးဆိုတာ တွေ့ရတယ်ဗျ။ တချို့နေရာတွေမှာ အတော့်ကို လက်ရဲ ဇက်ရဲ သိမ်းဆည်းတာတွေ၊ လယ်သမားတွေကို အတင်းအဓမ္မ မောင်းထုတ်တာတွေ ရှိနေတာ တွေ့ရတယ်။ ခုလို ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်နေချိန်မှာတောင် ဒီလိုမျိုး မတရားသဖြင့် လုပ်ရဲသူတွေဟာ ဘယ်လိုလူတွေလဲ၊ ဥပဒေအထက်ကလူတွေလားလို့ အတွေးခေါင်စရာပဲဗျ။

သတင်းဆုပေးဖို့ ဖတ်ရတဲ့ထဲက သတင်းတစ်ပုဒ်မှာ စစ်တမ်းတစ်ခုအရ တောင်သူလယ်သမား ၄၆ ရာခိုင်နှုန်းဟာ ဆင်းရဲနွမ်းပါးနေတယ်ဆိုတာရယ်၊ လယ်သမား အိမ်ထောင်ဦးစီး ၅၀ ရာခိုင်နှုန်းကျော်ဟာ စာရေးစာဖတ်နိုင်ရုံအဆင့်သာ ရှိတယ်ဆိုတာရယ် တွေ့ရတယ်။ မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်းက သုတေသန စစ်တမ်းကောက်ချက်အရ တွေ့ရှိထားတာ ဖြစ်ပါသတဲ့။ ကျေးဇူးရှင် ဆရာတော်ကြီး အရှင် ဇနကာဘိဝံသရဲ့ အနာဂတ်သာသနာရေးကျမ်းမှာ မြန်မာနိုင်ငံရဲ့ လူများစုကြီးဖြစ်တဲ့ တောင်သူလယ်သမားတွေ ဆင်းရဲနေသေးသမျှ တိုင်းပြည်ဟာလည်း ဆင်းရဲနေဦးမှာပဲ လို့ ရေးထားတာ ပြေးသတိရမိတယ်ဗျာ။

မြန်မာ့လယ်ယာကဏ္ဍမှာ ဗီယက်နမ်က အမေရိကန်ဒေါ်လာ သန်း ၁၀၀ လာရောက်ရင်းနှီးမြှုပ်နှံမယ်ဆိုတဲ့ သတင်းတစ်ပုဒ်ကိုလည်း စိတ်ဝင်စားမိတယ်ဗျ။ ပြီးတော့ မြန်မာ့ဆန်ကို တရုတ်နိုင်ငံက လက်မခံဘူးလို့ ငြင်းပယ်တဲ့သတင်း ဖတ်ကြည့်တော့ မြန်မာနိုင်ငံဆန်စပါးအသင်းရဲ့ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာစိုးထွန်း ပြောပြတာကို တွေ့ရတယ်။

“သူတို့ဘာကြောင့်လက်မခံရသလဲဆိုတာက အကြောင်းရင်း အများကြီး ရှိမှာပါ။ သူတို့ရဲ့ ထုတ်ကုန်တိုင်းနီးပါးကို မြန်မာက တင်သွင်းခွင့်ပြုထားတယ်။ မြန်မာနိုင်ငံရဲ့ အဓိက ပို့ကုန်ဖြစ်တဲ့ ဒီ ဆန်စပါး ပြောင်း စတဲ့ သီးနှံတွေ တင်ပို့ခွင့်ကိုတော့ စဉ်းစားသင့်တယ်လို့ မြင်ပါတယ်။ နောက်တစ်ခုက သူတို့အနေနဲ့ ဒီလိုဆက်ဆံရင်တော့ ကိုယ်ကလည်း သူတို့ရဲ့ သွင်းကုန်တွေကို ပိတ်ပစ်သင့်တယ်။ နောက် အခွန်တွေ ပိုတိုးကောက်ရမယ်။ ဒီလိုနည်းလမ်းတွေပဲ အသုံးပြုရလိမ့်မယ်”

လယ်ယာမြေကိစ္စ အစိုးရသစ် ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲဆိုတဲ့ သတင်းတစ်ပုဒ်ကိုလည်း စိတ်ဝင်စားမိတယ်။ တောင်သူလယ်သမားတွေရဲ့ ဘဝဟာ ဆိုးသည်ထက်ဆိုးဝါးလာနေတာကို အချက်အလက်များနဲ့ ပေါ်လွင်အောင် တင်ပြထားပါတယ်။ စိုက်ပျိုးစရိတ်တွေ တက်လာတာနဲ့အမျှ ကုန်ကျစရိတ်တွေများလာပုံဟာ ကြောက်ခမန်းလိလိပါပဲ။ ပိုဆိုးတာက မိုးက ဖျက်၊ ရာသီဥတုက ဖောက်ပြန်တော့ လယ်တွေပျက်၊ ဒီကြားထဲ စပါးဈေးက ထိုးကျ။

“မည်သို့ဆိုစေ၊ အသိမ်းခံထားရသည့် လယ်ယာမြေများကို တောင်သူလယ်သမားများ ပြန်လည်ရရှိရန် နိုင်ငံတော် အစိုးရသစ်အနေဖြင့် မည်သို့အကောင်အထည်ဖော် ဖြေရှင်းမည်နည်းဆိုသည့်မေးခွန်း၏ အဖြေသည် သန်း ၃၀ ခန့်ရှိသော တောင်သူလယ်သမားများ၏ မျှော်လင့်ချက် ဖြစ်သည်။ တောင်သူလယ်သမားများ ဘဝဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် လက်ရှိမြေယာများ ရေရှည်တည်တံ့နိုင်ရေးသည်လည်း အရေးပါသည်။

ယင်းကြောင့် ဥပဒေအရ တောင်သူလယ်သမားများကို အကာအကွယ်ပေးမည့် ဥပဒေများ၊ တောင်သူလယ်သမားများကို ကိုယ်စားပြုမည့် အဖွဲ့အစည်းများနှင့် သမဂ္ဂများ၊ အစုအဖွဲ့များသည် တောင်သူလယ်သမားများရှိသော ဒေသမျာားတွင် ရှိသင့်ရှိအပ်နေပြီ ဖြစ်သည်။ သို့မှသာ မတရားလယ်မြေအသိမ်းခံရခြင်းမျိုး ထပ်မံပေါ်ပေါက်လာနိုင်မည် မဟုတ်ပေ။ ကျူးကျော်ခံထားရသည့် လယ်ယာမြေများကို ပြန်လည်ရရှိရန် ဝိုင်းဝန်းပံ့ပိုး တောင်းဆိုနိုင်မည် ဖြစ်သည်” (Flower News ၅ ဇွန် ၂၀၁၂)

အထက်ပါ သတင်း/ဆောင်းပါးများကို ဖတ်ရှုရွေးချယ်ရင်း ပြည်သူများရဲ့ ဘဝအခြေအနေအမှန်ကို ဓမ္မဒိဋ္ဌာန်ကျကျ တင်ပြနိုင်တဲ့သတင်းသမားများရဲ့ တာဝန်ကျေပွန်မှုကို ဂုဏ်ပြုမိကြောင်းပါဗျာ။

၁၃၊ ၀၇၊ ၂၀၁၂
maungwuntha@gmail.com

ပြည်သူ့ခေတ်ဂျာနယ်၊ ၁၉ ဇူလိုင် ၂၀၁၂ မှာဖော်ပြခဲ့တဲ့ မောင်ဝံသ ပြောချင်လွန်းလို့ ဆောင်းပါး။ 


 

No comments: