Saturday, July 21, 2012

ဒီမိုကရေစီနှင့် တရားဥပဒေ စိုးမိုးမှု (ဖေမြင့်)

ရှေးသမိုင်းများကို ကြည့်လျှင် ဥပဒေနှင့် အုပ်စိုးသူတို့ကို ခွဲခြားမရ၊ အတူတွဲလျက်သာ မြင်တွေ့ကြရမည် ဖြစ်သည်။ ဥပဒေတို့သည် အုပ်စိုးသူတို့၏ အလိုဆန္ဒများအတိုင်းသာ ဖြစ်ခဲ့ကြသည်။ သက်ဦးဆံပိုင်မင်းတို့ တစ်ချက်လွှတ် အာဏာဖြင့် အုပ်စိုးသောစနစ်သည် အုပ်စိုးခံတို့အတွက် ဆိုးဝါးလှသည်။ ကိုယ်ချင်းစာနာမှု ကင်းသကဲ့သို့ တရားမျှတမှုလည်း ကင်းမဲ့ခဲ့သည်။

ထို့ကြောင့် တိုင်းပြည်အုပ်ချုပ်သောအလုပ်ကို သတ်မှတ်ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့်အညီသာ ဆောင်ရွက်သင့်သည် ဟူသော အယူအဆ ပေါ်ပေါက်လာသည်။ သည်မှဆက်ကာ အုပ်ချုပ်သူသည်လည်း တရားဥပဒေကို ကျော်လွန်၍မရ၊ အများနည်းတူ သူလည်း တရားဥပဒေ၏လက်အောက်မှာသာ ရှိရမည်၊ အုပ်ချုပ်ရာ၌လည်း ဥပဒေများ လုပ်ထုံးလုပ်နည်းများနှင့်အညီသာ အုပ်ချုပ်ရမည်ဟုခံယူကာ၊ ထိုအတိုင်းကျင့်သုံးနိုင်ရန် အားထုတ်လာကြသည်။

ဒီမိုကရေစီနိုင်ငံများတွင်မူ တရားဥပဒေစိုးမိုးသောစနစ် (rule of law) ခိုင်မာအောင် အထူးဂရုပြု တည်ဆောက်ကြသည်။ အဓိက အကြောင်းရင်းကား တရားဥပဒေစိုးမိုးခြင်းကသာ နိုင်ငံသားတို့၏ နိုင်ငံရေး စီးပွားရေး လူမှုရေးဆိုင်ရာ ရပိုင်ခွင့်များကို ထိန်းသိမ်းကာကွယ်နိုင်သောကြောင့် ဖြစ်သည်။


ဒီမိုကရေစီစနစ်နှင့်နှိုင်းယှဉ်သောအခါ တစ်ချက်လွှတ် အာဏာဖြင့်အုပ်စိုးသော ဘုရင်စနစ်၊ ဥပဒေများ အမိန့်ဒီဂရီများကို မိမိတို့နှစ်သက်သလို ထုတ်ပြန်အုပ်ချုပ်သည့် အာဏာပိုင်စနစ်တို့သည် တရားမျှတသောစနစ်များ မဟုတ်ကြောင်း ထင်ရှား ပေါ်လွင်လာပေသည်။

ဥပဒေ၏ အထက်တွင် မည်သူမျှ မရှိစေရ 

ဒီမိုကရေစီနိုင်ငံတွင် သာမန် အရပ်သားတစ်ဦးမှသည် နိုင်ငံတော်သမ္မတအထိ မည်သည့်ပုဂ်္ဂိုလ်သည်မျှ ဥပဒေ ပြဋ္ဌာန်းချက်များ၏ သက်ရောက်မှုများမှ ကင်းလွတ်ခြင်း မရှိပေ။

တရားဥပဒေ၏အထက်တွင် မည်သူမျှမရှိစေရဟူသော စကားအတိုင်း ဖြစ်သည်။

ဒီမိုကရေစီ အစိုးရများသည် ဥပဒေတို့၏ အထိန်းအကွပ်များအောက်တွင် ရှိ၍ ၎င်းတို့အား အပ်နှင်းထားသည့် အာဏာ အရပ်ရပ်ကို ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီသာ ကျင့်သုံးဆောင်ရွက်ခွင့်ရကြသည်။

ဒီမိုကရေစီနိုင်ငံတွင် ဥပဒေများကို ပြည်သူ့ ကိုယ်စားလှယ်တို့က လွှတ်တော်များတွင် တင်ပြဆွေးနွေးပြီး၊ အများစု သဘောတူညီချက်များဖြင့် အတည်ပြု ပြဋ္ဌာန်းကြခြင်းဖြစ်ရာ ဥပဒေတို့သည် ပြည်သူတို့၏ သဘောဆန္ဒတွင် အခြေခံသည်ဟု ယေဘုယျ ဆိုနိုင်သည်။ ဒီမိုကရေစီ မဟုတ်သော တိုင်းပြည်များမှာကဲ့သို့ ရှင်ဘုရင်များ၊ အာဏာရှင်များ၊ စစ်ဗိုလ်ချုပ်များ၊ ဘာသာရေး အကြီးအကဲများ၊ ပါတီခေါင်းဆောင်များ၏ အလိုဆန္ဒများ၊ တဒင်္ဂစိတ်ကူးများအတိုင်း ဖြစ်နေကြသည် မဟုတ်။

ဥပဒေပြဋ္ဌာန်းမှုကို ပြည်သူ့ကိုယ်စားလှယ်တို့က အဓိက တာဝန်ယူ၍ ဥပဒေများ အတည်မဖြစ်မီ အများပြည်သူ သိရှိခွင့်၊ အများပြည်သူထဲမှ စိတ်ဝင်စားသူ၊ မိမိတို့နှင့် ပို၍သက်ဆိုင်သည်ဟု ယူဆသူတို့က ယင်းနှင့် စပ်လျဉ်းသည့် မိမိ အယူအဆ၊ မိမိ သဘောဆန္ဒတို့ကို တင်ပြဆွေးနွေးခွင့်၊ ထောက်ပြ ဝေဖန်ခွင့်များ ရှိမည်။ ယင်းထောက်ပြ ဝေဖန်မှုတို့သည် ဥပဒေရေးဆွဲရာ၌ သက်ရောက်မှု တစ်စုံတစ်ရာ ရှိမည်ဆိုလျှင် အများပြည်သူတို့အနေနှင့် ထိုဥပဒေများသည် မိမိတို့ သိရှိ လက်ခံထားသော ဥပဒေများဖြစ်သည်ဟု ရှုမြင်နိုင်ပေမည်။

မိမိ သိရှိလက်ခံထားသော ဥပဒေကို မိမိလိုက်နာဖို့ နှောင့်နှေးကြစရာ အကြောင်း မရှိ။

လွတ်လပ်သော တရားစီရင်ရေးစနစ်နှင့် ဒီမိုကရေစီ တရားသူကြီးများ

နိုင်ငံ၏ နယ်ပယ်အသီးသီးတွင် တရားဥပဒေစိုးမိုးမှုရှိရန်အတွက် တရားစီရင်ရေးစနစ် ခိုင်မာတောင့်တင်းဖို့ လိုသည်။

အမှုအခင်းများကို စီရင်ဆုံးဖြတ်ရသော တရားရုံးများ တရားသူကြီးများသည် ဥပဒေ၏ မျက်နှာမှအပ မည်သူ၏ မျက်နှာကိုမှ မကြည့်ဘဲ တည့်မတ် မှန်ကန်စွာ ဆောင်ရွက်နိုင်ရန်အတွက် အင်အား တစ်စုံတစ်ရာ၏ သြဇာလွှမ်းမိုးမှု ကင်းသော၊ သီးခြား လွတ်လပ်သော၊ ဂုဏ်သိက္ခာမြင့်မားသော နေရာဌာနများ၊ ပုဂ္ဂိုလ်များဖြစ်ကြဖို့ လိုသည်။ အစိုးရ အာဏာပိုင်များ၊ နိုင်ငံရေးခေါင်းဆောင်များ၊ တိုင်းပြည် အကြီးအကဲများပင် တရားရုံးသို့ရောက်ရှိက ဥပဒေများ တရားရုံး လုပ်ထုံးလုပ်နည်းများအတိုင်း တရားရုံး၊ တရားသူကြီးတို့က ဆက်ဆံဆောင်ရွက်နိုင်ကြမှသာ ဥပဒေအရာ၌ အားလုံး တန်းတူညီမျှ ဖြစ်ပေမည်။

သည်လို သီးခြား လွတ်လပ်စွာ ရပ်တည်နိုင်ရန်အတွက် တရားသူကြီးများအနေနှင့် မိမိတို့၏ လုပ်ငန်း အတတ်ပညာကို စနစ်တကျ လေ့လာဆည်းပူးထားသူ၊ ကောင်းစွာ လေ့ကျင့်ကျွမ်းကျင်ထားသူများဖြစ်ဖို့ လိုသကဲ့သို့ သမာသမတ်ကျသောစိတ်၊ သူတစ်ပါး အလွှမ်းမိုးမခံလိုသော စိတ်များလည်း ရှိကြဖို့လိုသည်။

ထို့ပြင် ဒီမိုကရေစီ သဘောအရ ပြည်သူ့ကိုယ်စားလှယ်တို့ ရေးဆွဲ ပြဋ္ဌာန်းသည့် ဥပဒေစည်းမျဉ်းများကို ကိုင်တွယ် သုံးစွဲကြရာ၌ ဥပဒေ၏ မူလရည်ရွယ်ရင်း အနှစ်သာရများကို အစဉ်နှလုံးသွင်းမိစေရန်အတွက် တရားသူကြီးတို့၌ ဒီမိုကရေစီစနစ်ကို သက်ဝင် ယုံကြည်စိတ်များ ပြည့်ဝကြဖို့လည်း လိုပေသည်။

ဒီမိုကရေစီ တရားဥပဒေများ 

ဒီမိုကရေစီနိုင်ငံတွင် ဥပဒေများသည် ဖွဲ့စည်းပုံ အခြေခံဥပဒေအနေနှင့် လည်းကောင်း၊ အစိုးရက ပြဋ္ဌာန်းသည့် စတက်ကျု ဥပဒေများအဖြစ် လည်းကောင်း၊ ဓလေ့ထုံးတမ်း ဥပဒေများ၊ အခြားသတ်မှတ်ပြဋ္ဌာန်းချက်များအဖြစ်လည်းကောင်း တည်ရှိကြသည်။

မည်သည့်နေရာ၌ မည်သည့်အသွင်သဏ္ဌာန်ဖြင့် ရှိနေသည်ဖြစ်စေ၊ ဥပဒေပါ ပြဋ္ဌာန်းချက်များသည် လည်းကောင်း၊ ယင်း ဥပဒေများတွင် အခြေခံသည့် တရားစီရင်ရေးသည် လည်းကောင်း၊ ပြည်သူတို့၏ လွတ်လပ်ခွင့်များ အပါအဝင် မူလ ရပိုင်ခွင့်များကို ထိခိုက်ခြင်း မရှိအောင်ကား စောင့်ထိန်းရသည်။

ဥပမာ မည်သူမဆို ဥပဒေအရာ၌ တန်းတူ အခွင့်အရေးရှိရမည် ဟူသော ရပိုင်ခွင့်အရ၊ ဥပဒေတို့သည် လူတစ်စု သို့မဟုတ် တစ်ဦးတစ်ယောက်တည်းကို ကန့်သတ်ရန် ရည်ရွယ်၍ ပြဋ္ဌာန်းခြင်းမျိုး မဖြစ်အောင် တားမြစ်ထားသည်။

ထို့ပြင် ပုဂ္ဂိုလ် လုံခြုံမှု၊ နေအိမ် ဥပစာ လုံခြုံမှု၊ ပစ္စည်းဥစ္စာ လုံခြုံမှု၊ စသည်တို့ဆိုင်ရာ ရပိုင်ခွင့်များအရ နိုင်ငံသားတစ်ဦးအား ဥပဒေနှင့်အညီမှအပ ဖမ်းဆီး ချုပ်နှောင်ခြင်း၊ နေအိမ်ကို ဝင်ရောက် ရှာဖွေခြင်း၊ ပိုင်ဆိုင်ပစ္စည်းများအား သိမ်းယူခြင်းများ မပြုလုပ်ရန် တားမြစ်ထားသည်။

အလားတူ ရာဇဝတ်မှုဖြင့် စွဲဆိုခြင်းခံရသူတို့သည် အများပြည်သူ နားထောင် ကြည့်ရှုနိုင်သော တရားရုံးမျိုးတွင် နှောင့်နှေးကြန့်ကြာမှုမရှိဘဲ စစ်ဆေးမှု ခံယူခွင့်၊ မိမိကို စွပ်စွဲသူအား တန်ပြန် မေးမြန်းပိုင်ခွင့်များ ရရှိကြသည်။ အကယ်၍ ပြစ်မှု ထင်ရှား စီရင်ခြင်း ခံရပါကလည်း ရက်စက်ကြမ်းကြုတ်သော အပြစ်ဒဏ်၊ သမားရိုးကျ မဟုတ်သော အပြစ်ဒဏ်များ မခံစေရအောင် တားမြစ်ထားသည်။

သည့်အပြင် အမှုအခင်းကိစ္စ ဆောင်ရွက်ရသည့် ရဲ အစရှိသော ဝန်ထမ်းတို့အနေဖြင့် နိုင်ငံသားတို့အား နှိပ်စက်ညှဉ်းပန်းခြင်း၊ ခြိမ်းခြောက်ခြင်း စသော နည်းလမ်းတို့ဖြင့် စွပ်စွဲခံရသူအား မိမိကိုယ်ကို ပြစ်ဒဏ်သင့်စေမည့် ထွက်ဆိုချက်၊ ဖြောင့်ချက်များရယူခြင်းမပြုအောင် တားမြစ်ထားသည်။

ဤသည်ကား ဒီမိုကရေစီ အနှစ်သာရ ပြည့်ဝသော တရားဥပဒေ စိုးမိုးမှုစနစ်၏ ယေဘုယျ သဘောတို့ကို အကျဉ်းရုံး ဖော်ပြခြင်းဖြစ်ပါသည်။။

ဖေမြင့် 

(ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ - ၂၊ အမှတ် - ၁၀၁၊ ၂၀၁၂ ခုနှစ်၊ ဇူလိုင် ၅) 


 

No comments: