အစိုးရသက်တမ်း တစ်နှစ်ကျော်ကာလအတွင်းမှာ ဆင်းရဲနွမ်းပါးမှု လျော့ပါးသွားပြီလား၊ ဆင်းရဲနွမ်းပါးမှု လျော့ပါးရေးအတွက် ဘာတွေ အောင်မြင်အောင်လုပ်နိုင်ခဲ့ပြီလဲဟု မေးခွန်းထုတ်လျှင် ဖြေဖို့ ခက်ပါလိမ့်မည်။ နှစ်ပေါင်းများစွာ ဆင်းရဲတွင်းထဲ ရောက်နေခဲ့သော မြန်မာပြည်သူလူထုအတွက် ချက်ချင်း လက်ငင်း ပြေလည်သွားဖို့ မလွယ်လှတာ အမှန်ပဲ ဖြစ်ပါသည်။ သည်လို မလွယ်ဘူးဆိုသော်လည်း ထိရောက်သည့် နည်းလမ်းများကို ကြံဆ လုပ်ဆောင်သင့်နေပါပြီ။
မြန်မာနိုင်ငံ၏ ဆင်းရဲနွမ်းပါးမှု လျော့ပါးရေးတွင် ဦးစားပေးကြည့်ရမည့် ပြဿနာတစ်ခုမှာ ဆင်းရဲချမ်းသာ အလွန်အမင်း ကွာဟမှုပြဿနာ ဖြစ်ပါလိမ့်မည်။ မြန်မာပြည်ထဲရှိ ဆင်းရဲသူများနှင့် ချမ်းသာနေသူများကြားမှာရှိနေသည့် ကွာဟမှုမှာ မတန်တဆ ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင်းရှိ ဆင်းရဲချမ်းသာ အလွန်အမင်းကွာဟမှုကို အနည်းငယ် ဖြေလျှော့နိုင်မည်ဆိုလျှင်ပင် အရေးတကြီးဖြေရှင်းရန်လိုအပ်သော တိုင်းပြည်၏ပြဿနာ အတော်များများ ပြေလည်သွားမည်ဟု ထင်ပါသည်။
ဆင်းရဲချမ်းသာ အလွန်အမင်းကွာဟမှုအတွက် ဆင်းရဲသားများကို အပြစ်ပြောဆိုစရာ လုံးဝ ရှိမည်မဟုတ်ပါ။ တစ်ခေတ်တစ်ခါတုန်းကမူ၊ ဆင်းရဲမှာပေါ့ ပညာမှမတတ်တာ၊ ဆင်းရဲမှာပေါ့၊ ဒါနမှ မလုပ်တာ၊ ဆင်းရဲမှာပေါ့ ရှေးကုသိုလ်မှ မပါတာ၊ ဆင်းရဲမှာပေါ့ဟု ပြောဆိုခဲ့တာမျိုး ရှိပါသည်။ အလုပ်လုပ်သူများ၊ စီးပွားရေး အမြင်ရှိသူများ၊ အတိတ်ဘဝ ကုသိုလ်ကောင်းသူများ၊ ကံ ဉာဏ် ဝီရိယ ပြည့်ဝသူများသာ ချမ်းသာကြတာ ဖြစ်ပါသည်ဆိုပြီး ချမ်းသာသူများအပေါ် မုဒိတာ ပွားနိုင်ကြပါစေဟု တိုက်တွန်းပြောဆိုတာများ ရှိပါသည်။ လုပ်ပိုင်ခွင့်ရှိသူများ၊ အာဏာရှိသူများနှင့် ပူးပေါင်းပြီး လုပ်ပိုင်ခွင့် ပါမစ်ရယူပြီး၊ ဘာအလုပ်မှ မလုပ်ဘဲ ပါမစ်ကို ရောင်းစားပြီး အလွန်အမင်း ချမ်းသာကြွယ်ဝလာသူများကို မြင်တွေ့လာရသည့်အခါ မုဒိတာပွားမှု ဆိုတာကို သံသယရှိသူများ များပြားလာခဲ့ပါသည်။
နောက်တစ်ခုက လာဘ်ပေးလာဘ်ယူမှု၊ အကျင့်ပျက်ခြစားမှု၊ လုပ်ပိုင်ခွင့်ပေးနိုင်သူများကို လာဘ်ပေးခြင်းဖြင့် ပါမစ်ရယူခြင်းနှင့် အချို့ကမူ ရရှိသည့် လုပ်ပိုင်ခွင့်ပေါ်မူတည်၍ လုပ်ပိုင်ခွင့်ပေးနိုင်သူများကို အမြတ် ခွဲဝေပေးသည့်နည်းဖြင့် ပါမစ်ရယူခြင်း ဖြစ်ပါသည်။ အတူတူပဲ ဖြစ်ပါသည်။ လာဘ်ပေးလာဘ်ယူခြင်းသာ ဖြစ်ပါသည်။ မည်သို့သော ကြီးကျယ်သည့် ပရောဂျက်များကို မည်သို့သောသူများ လုပ်ကိုင်ဆောင်ရွက်ခွင့် ရခဲ့ကြသည် ဆိုတာကို မြန်မာပြည်သူလူထုက သိမြင်ကြပါသည်။ မည်သို့ပေးသည်လဲဆိုတာကိုသာ မသိကြတာ ဖြစ်နိုင်သည်။ အမြတ်ခွဲဝေပေးလို့ ရသည်လား၊ လာဘ်ငွေပဲ ပေးလိုက်လို့ ရသည်လား၊ သားသမီးဆွေမျိုးများ ဖြစ်လို့ရသည်လားဆိုတာကိုသာ တိတိကျကျ မပြောနိုင်တာဘဲ ရှိကောင်းရှိမည်၊ ပြည်သူလူထုကတော့ တိုးတိုးတစ်မျိုး ကျယ်ကျယ်တစ်ဖုံ ဝေဖန် ပြောဆိုရင်းနေကြပါသည်။
သည်နေရာမှာ အာဏာရှိသူ၊ လုပ်ပိုင်ခွင့်ပေးနိုင်သူတို့၏ သားသမီး၊ ဆွေမျိုးဖြစ်ရသည် ဆိုခြင်းကပင် အတိတ်ဘဝ ကုသိုလ်ကောင်းမှုဟု ငြင်းချက်ထုတ်သူများ ရှိကောင်းရှိပါမည်။ အာဏာရှိသူများနှင့် အလုပ်ပူးပေါင်းလုပ်နိုင်ခွင့် လာဘ်ပေးခွင့်ရသူ ဖြစ်ရခြင်းကပင် ရှေးဘဝက အကျိုးဆက်များအဖြစ် သဘောထားသူများလည်း ရှိကောင်းရှိပါမည်။ သို့ရာတွင် ပြည်သူလူထု၏ အမြင်မှာမူ သည်လို လုပ်ပိုင်ခွင့်ပါမစ်ရယူပြီး ချမ်းသာကြွယ်ဝမှုဟူသည် မတရားမှုဟုသာ မြင်ကြပါသည်။ မတရားမှုဖြင့် မတရားချမ်းသာခြင်းများဟုသာ မြင်ကြပါသည်။ ထို့ကြောင့်ပင် သမ္မတကြီး ဦးသိန်းစိန်က သန့်ရှင်းသော အစိုးရ ဖော်ဆောင်မည်၊ အကျင့်ပျက်ခြစားမှုများကို တိုက်ဖျက်မည်ဟု ဆိုသောအခါ ပြည်သူလူထုက လက်ခုပ်လက်ဝါးတီးကာ ကြိုဆိုခဲ့ကြတာ ဖြစ်ပါသည်။ လာဘ်ပေး လာဘ်ယူမှုနှင့်ပတ်သက်လျှင် ကမ္ဘာမှာ နာမည်ကြီး ထိပ်သီးဖြစ်နေသော မြန်မာနိုင်ငံကို ဘယ်လို သန့်ရှင်းသွားအောင်လုပ်မည်လဲဆိုတာကိုက ပြည်သူလူထုအတွက် စိတ်ဝင်စားစရာ ဖြစ်နေပါသည်။
ချမ်းသာသူများက အလွန်အမင်း ချမ်းသာနေကြချိန်မှာ ဆင်းရဲသူများက အတော် ခက်ခက်ခဲခဲ ရုန်းကန်နေရသော ကွာဟမှုကို အမြန်ဆုံး ကျဉ်းမြောင်းသွားအောင် လုပ်ဖို့လိုနေပြီ ဖြစ်ပါသည်။ ခရိုနီများနှင့် ဆက်လက်လက်တွဲ လုပ်ဆောင်သွားရမည်၊ သို့မဟုတ် လက်မတွဲနိုင်ဆိုသည့် အငြင်းပွားမှုများ ရှိနေသည်က တခြား၊ ထိုသူများ ချမ်းသာကြွယ်ဝရေး လုပ်ငန်းကြီးများ ဆက်လက် လုပ်ကိုင်နေကြသည်က သတ်သတ် ဖြစ်နေသည်ကိုက ပြည်သူလူထုအတွက် သည်းခံနေရသော ပြဿနာတစ်ရပ် ဖြစ်ပါသည်။ မတရားမှုကို မြိန်ရေရှက်ရေ ကျူးလွန်ခဲ့သူများကို ပြည်သူလူထုက ဘယ်လို သဘောထားပြီး ဘယ်လို ယုံကြည်ရမည်ဆိုတာကိုတော့ စဉ်းစားသင့်တာအမှန်။
ယခုခေတ်လို နိုင်ငံရေး၊ စီးပွားရေး အခွင့်အလမ်း အနည်းငယ်ပွင့်လင်းလာသည့် အခြေအနေမှာ မြန်မာနိုင်ငံသို့ ဝင်ရောက်ရန် စိတ်ဝင်စားလာကြသော နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံလိုသူများကိုအကြောင်းပြု၍ ဒေါ်အောင်ဆန်းစုကြည်က သတင်းစကားတစ်ခု ပေးထားတာကို ကြားရသည်။ ရင်းနှီးမြှုပ်နှံမှုများမှာ မြန်မာပြည်သူလူထု၏ အကျိုးစီးပွားကို ရှေးရှုသည့် လူမှုရေးအရ တာဝန်ယူမှု၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအသိ ပါဝင်သည့် တာဝန်ယူမှုများပါရှိဖို့ လိုသည်ဟူ၍ ဖြစ်သည်။ Responsible ဖြစ်သည့် ရင်းနှီးမြှုပ်နှံမှုမျိုးဖြစ်ဖို့လိုသည်ဟု ပြောလိုက်ခြင်း ဖြစ်ပါသည်။ သည်လို တာဝန်သိတတ်မှုက နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများမှာသာမဟုတ်ဘဲ ပြည်တွင်း စီးပွားရေးသမားများမှာလည်း ရှိဖို့လိုသည်ပဲ မဟုတ်ပါလား။
၂၁ ရာစု စီးပွားရေးမှာ စီးပွားရှာသူများသာ ချမ်းသာပြီးရင်း ပိုမိုချမ်းသာလာသည့် အခြေခံသဘောထားက ခေတ်မစားတော့ပါ။ နိုင်ငံတကာမှာ စီးပွားရေးလုပ်ငန်းများထဲမှာ၊ စီအက်စ်အာ (CSR: Corporate Social Responsibility) ဟု ခေါ်သော လူမှုအကျိုးစီးပွားကို ရှေ့တန်းတင်သည့်လုပ်ငန်းများ ပူးတွဲလုပ်ဆောင်လာကြသည်များ ရှိပါသည်။ ပုံမှန်လူမှုရေး လုပ်ငန်းများမှာ လှူဒါန်းခြင်း၊ ဖောင်ဒေးရှင်းများ ထူထောင်ပြီး ပညာရေး ရန်ပုံငွေ၊ ကျန်းမာရေး ရန်ပုံငွေ စသည့် ငွေကြေး ထည့်ဝင် လှူဒါန်းခြင်းမျိုးသာမကဘဲ မိမိ၏ စီမံခန့်ခွဲနိုင်မှုစွမ်းရည်နှင့် အင်အားကိုပါ အသုံးပြုပြီး ပြည်သူ့လူမှုရေး အကျိုးအမြတ်ရရှိသည့် လုပ်ငန်းများကို ပူးတွဲလုပ်ဆောင်လာကြသည်များကို ဆိုလိုပါသည်။ မိမိ၏ ချမ်းသာကြွယ်ဝမှုကို အများအကျိုးအတွက်ကိုပါ ထည့်သွင်းစဉ်းစားပြီး လုပ်လာကြတာ ဖြစ်ပါသည်။ အလှူလုပ်တာမျိုးချည်းပဲ မဟုတ်ဘဲ၊ စီးပွားရေးလုပ်ငန်းတွေထဲမှာပါ ထည့်သွင်းစဉ်းစား လုပ်ကိုင်တာမျိုး ဖြစ်ပါသည်။ လူမှုပတ်ဝန်းကျင်ကို တစ်နည်းတစ်ဖုံ အကျိုးပြုစေမည့် စဉ်းစားလုပ်ကိုင်မှုမျိုးပါ။ သည်အထဲမှာ လူငယ် အများအပြားကို သက်မွေးဝမ်းကျောင်းမှု အတတ်ပညာများ သင်ကြားရယူစေပြီး အလုပ်အကိုင် အခွင့်အလမ်းများ အထူးပြု ဖန်တီးပေးတာမျိုး၊ စွမ်းအင်ချွေတာရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို အားပေးလုပ်ဆောင်သည့် လုပ်ငန်းလိုမျိုးတွေ ဖြစ်ပါသည်။
ဆောက်လုပ်ရေး လုပ်ငန်းရှင်ကြီးက ပန်းရန်လက်သမား၊ သံချီသံကွေး၊ ဂဟေဆော်၊ လျှပ်စစ် မီးကြိုးသွယ် စသည့် လုပ်ငန်းများအတွက် လေ့ကျင့်သင်ကြားပေးသော ကျောင်းများ ထူထောင်သင်တန်းပေးပြီး အောင်မြင်သူများကို မိမိ လုပ်ငန်းတွင်သာမက အခြားသော လုပ်ငန်းရှင်များနှင့်ဆက်စပ်ပြီး အလုပ်ရှာပေးတာမျိုး ဖြစ်ပါသည်။ ထိုသင်ကြားရေး ကျောင်းများမှာ ပိုက်ဆံရှာသော စီးပွားရေးလုပ်ငန်းမဟုတ်ဘဲ စီးပွားရေးလုပ်ငန်းများမှာလည်း အထောက်အကူဖြစ်၊ လူအများအပြားကိုလည်း အတတ်ပညာဖြင့် အလုပ်လုပ်နိုင်သည့် အခြေအနေဖြစ်အောင် ဖန်တီးပေးခြင်း ဖြစ်ပါသည်။ ထို့အတူ မိမိ စီးပွားရေးလုပ်ငန်းကိုအကြောင်းပြု၍ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးမှာ တစ်တပ်တစ်အား ကူညီရာရောက်အောင် လုပ်ဆောင်ခြင်းများ၊ ပုံမှန်လုပ်ငန်းများမှာ အထူးတလည် စွမ်းအင်ချွေတာသည့် အစီအမံများ လုပ်ဆောင်ခြင်းများ လုပ်ကြတာမျိုး ဖြစ်ပါသည်။
မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်အချို့သည်လည်း စဉ်းစား စတင်နေကြသည်ဟု ကြားသိရပါသည်။ သည်လို လူမှုအကျိုးစီးပွား ရှေးရှုပါဝင်သောလုပ်ငန်းများ လုပ်ဆောင်လာကြအောင် အစိုးရက အားပေးကူညီဖို့လည်း လိုအပ်မည် ဖြစ်ပါသည်။ မြန်မာနိုင်ငံမှာ အစဉ်အလာဖြစ်နေသော ကြက်ဆူပင်စိုက်ဆို စိုက်လိုက်ကြ၊ မြေနေရာတွေ ယူလိုက်ကြ၊ ရာဘာဆို ရာဘာ၊ စားအုန်းဆီဆို စားအုန်းဆီ၊ ရေနက်ကွင်းဆို ရေနက်ကွင်း လုပ်ငန်းကြီးတွေပြပြီး မြေနေရာတွေ ယူလိုက်ကြဆိုသည့် စီးပွားရေးမျိုးတော့ ပြည်သူလူထုက စိတ်အပျက်ကြီး ပျက်လှပါပြီ။
၂၀ ဇူလိုင် ၂၀၁၂
(ဇူလိုင် ၂၆/၂၀၁၂၊ အတွဲ ၂၊ အမှတ် ၁၀၄၊ ပြည်သူ့ခေတ် အယ်ဒီတာအာဘော်)
No comments:
Post a Comment