( ၁ )
ကုန်သည်လေ တိုက်ချိန်ကြမှ
ငါတို့ဟာ လက်ဗလာနဲ့
အိမ်ကို ပြန်လာကြ ...
လယ်တွေကို တို့ မပိုင်ကြတော့ဘူးလေ .... ။
ဒါ .. မြေကို သိမ်းတာမဟုတ် ...
ဘဝတွေကို ဖျက်သိမ်းလိုက်တာလေ .... ။
မြေတွေကို ယူသွားတာ မဟုတ် ...
ရွှေတွေကို ယူသွားတာ .... ။
တောင်တွေကို ယူသွားတာ မဟုတ် ...
အပြုံးတွေကို ယူသွားတာ .... ။
ထန်းတောကို ယူသွားတာ မဟုတ် ...
ယဉ်ကျေးမှုကို ယူသွားကြတာလေ .... ။
သူတို့တံခါးတွေ ဖွင့်
တို့တံခါးတွေကို ပိတ်လိုက်တာ .... ။
နှစ်ပေါင်း ၅၀ ကျော်အတွင်း
ခဏ ခဏ .. ပြောင်းလဲခြင်းတွေထဲမှာ
ပြောင်းလဲခွင့် မရသူတွေသာ များလာရဲ့ ...
လမ်းကောင်းကောင်းပေါ်မှာ မလျှောက်ခဲ့ရဘူး ...
ကျောင်းကောင်းကောင်း မနေခဲ့ရဘူး ...
ဆေးရုံကောင်းကောင်းပေါ် မပြခဲ့ရဘူး ...
ဈေးကောင်းကောင်း မဝယ်ဖြစ်ခဲ့ဘူး ...
ဒီတော့ ...
လူကောင်းကောင်း မဖြစ်ခဲ့ဘူး ဆိုပါတော့ ...။
လူတွေ ကြုံလှီလာတာနဲ့အမျှ
တစ်ယောက်ကို တစ်ယောက်
အမုန်းပွားဖို့ လွယ်လာကြတာပဲ ရှိတယ် ...
ဒါကို သူတို့ လိုချင်နေတာလေ ...။
( ၂ )
သူတို့ တံခါးမဖွင့်ခင်အချိန်တွေအထိ
ရွာပတ်လည်မှာ .. တောင်တွေ ရှိသေးတယ် ...
တောတွေ ရှိနေသေးတယ် ...
ရေတွင်းထဲကရေကို သောက်လို့ရသေးတယ် ...
ဖွင့်ထားတဲ့တံခါးက
ယင်ကောင်တွေ ... တဝီးဝီး ဝင်လာကြတယ် ....။
( ၃ )
ပျားပိတုန်း ... လိပ်ပြာတွေ ...
ရေကန်မှာ ကြာရိုးကြာစွယ်တွေနဲ့
လှနေတဲ့ ရွာဟာ ...
မနက်မှာ .. နေ ...
ညမှာ .. လ ...
လယ်တောနဲ့ တောင် ပဏာရ
သွယ်လျလျ မြစ်ကြောင်း
နှစ်ပေါင်းများလှပေါ့ .... ။
ဘူဒိုဇာတွေ ဝင်လာကတည်းက
ဖုန် တထောင်းထောင်းထ ...
အကျည်းတန်သွားခဲ့ရပြီ .... ။
အဖိုးတွေ လက်ထက်ကတည်းက
တောလိုက်ခဲ့တဲ့ တောင် ...
ခွေးလျှက်ထားတဲ့ ပန်းကန်လို
ပြောင်သလင်းခါလို့ .... ။
ကျွဲလူးအိုင်လို ဟောက်ပက်
( ယောက်ဖရေ )
တကယ့် ရုပ်ပျက်ဆင်းပျက်ပါပဲ .... ။
( ၄ )
ဒီတောင်ပေါ်မှာ
ပဒပ်စာ ခူးရင်း
မမင်းရယ်လေ
မြစ်စို့ပေါက်အသွင်
မစွမ်းရင်းက ရှိခဲ့ကြ .... ။
“စပယ်နှစ်ပွင့်ကို ထရံကာမိကြတယ်”
ချစ်သူတို့ပေါ့ ... ။
တစ်ရွာလုံးကို ...
လျှောက်ပြုံးပြခဲ့တဲ့ နေ့ရက်တို့ပေါ့ .... ။
မိုးရွာလို့ နမ်း ...
လေတိုက်လို့ နမ်း ...
ချစ်လို့ နမ်း နဲ့ ...
ဘဝမှာ အနမ်းဟာ အရေးကြီးဆုံးပဲ .... ။
ဒါကို သိတဲ့နောက်
ခြေလှမ်းတိုင်းဟာ ယုံကြည်မှု ရှိလာတယ် .... ။
လက်ပံ နဲ့ ဇရက်
သက်တန့် နဲ့ မိုးစက်လို တပူးတွဲတွဲ
ချစ်ပွဲကြီး နွှဲခဲ့တယ် .... ။
တောင်ပေါ်မှာ တစ်ခါ
တောင်အောက်မှာ တစ်ခါ
လျှိုထဲမှာ တစ်ခါ
မခွဲနိုင် မခွာရက်
ရက်ဆက် ကြိုထောက်
ချစ်သူနှစ်ယောက်အကြောင်း
လက်ပံတောင်းတောင် သက်သေတည်ခဲ့ပြီ .... ။
အို ... ကိုးမြို့ရှင်
အရင်လိုပဲ
လာပါ ...
စားပါ ...
သောက်ပါ ...
ပျော်ပါးပါ ...
ပုဆိုးတန်းတင်ပွဲမှာ
အချစ်တစ်ခုရဲ့ မြစ်ဖျားခံရာဟာလည်း
နီညိုရောင် သန်း
ဟောဒီ ... တွန့်ခေါက်တောင်တန်းပါပဲ .... ။
( ၅ )
ဒီနယ်တစ်ရိုးမှာ
တို့ရွာပေါ်က
မိုးကောင်းကင်ဟာ .. အပြာဆုံး
ငါတို့မြေဟာ .. ဆီ အထွက်ဆုံး
ထန်းမြစ်ဟာ .. အချိုဆုံး
သားတွေဟာ .. အသန်မာဆုံး
သမီးတွေဟာ .. အချောဆုံး
စံနှုန်းတွေကို ဂုဏ်ယူခဲ့ကြ
လူဟာ .. အောင်မြင်မှုထက်
တန်ဖိုးရှိမှုကို ပို လိုလား
ဒါဟာ တို့ရွာရဲ့ ထုံးထားပါပဲ .... ။
တစ်ရွာလုံးက အပျိုမတွေ
ဆင်းကူးနေကြ
လှတဲ့ မြစ် ...
ချစ်တဲ့ လှိုင်း ...
နွားရိုင်းမောင်းသံ
မြစ်ရိုးမှာ ကျွက်ကျွက်ညံခဲ့
မြစ်ဆိုတာ .. လူ နဲ့ သတ္တဝါတွေကြား
သစ္စာတရားတစ်ခုပါပဲ ... ။
ငါတို့ရွာသားများဟာ
ကျွဲ နွား တစ်အုပ်ကစ
ငါးတန်သေးနုတ် အဆုံး
အားလုံး အပေးအယူမျှမျှ နေခဲ့ကြတယ် ... ။
တစ်ပုံကို ယူ
တစ်ပုံကို လှူခဲ့ကြရဲ့ .... ။
ခုတော့ ....
အက်ဆစ်တွေက
မြစ်ပြင်ကို မီးတင်လိုက်ကြပြီ
တောင်ကြီးတွေ ပြိုသွားရင်
ထန်းပင်တွေ ရင်ကွဲ
မိုးတိမ်တွေလည်း လွင့်ပါးပျောက်
ဗျိုင်းအောက်တွေ မပျံဝဲနိုင်တော့ပေဘူး .... ။
( ၆ )
ဒီမြေမှာ နေ
ဒီရေကို သောက်
ငါ နဲ့ ငါ့ယောက်ဖ
လည်ပင်းဖက် ကြီးလာကြရဲ့
မြေပဲနှုတ်ပြီး အပြန်
ကျူးကျော်သူတွေလို့ သတ်မှတ်ခံလိုက်ရတယ်
တို့လယ်တွေ ပြန်မရတော့ပေဘူး .... ။
ပါးစပ်က ထန်းရည်နံ့ ရတာကလွဲလို့
ငါတို့ဟာ .. ဥပဒေကို မချိုးဖောက်ခဲ့ကြပါဘူး ... ။
တိုင်းပြည်အပေါ်မှာ .. သစ္စာမဖောက်ခဲ့ကြပါဘူး ... ။
အဖေ မြင်းဖြူရှင်ကို .. ပူဇော်မပျက်ခဲ့ပါဘူး ... ။
ငါ့ယောက်ဖက တအံ့တသြနဲ့ ...
“တို့မြေပဲခင်းတွေ အားလုံးကို
နိုင်ငံတော်က ပိုင်သတဲ့ကွ”
လို့ ဆိုလိုက်တဲ့အခါ
ရွာတော့ အပမှီပြီဆိုတာ သိလိုက်ကြတယ် .... ။
ကုန်သည်လေ တိုက်ချိန်ကြမှ
ငါတို့ဟာ လက်ဗလာနဲ့
အိမ်ကို ပြန်လာကြ
လယ်တွေကို တို့မပိုင်ကြတော့ဘူး .... ။
တို့ရွာပတ်ပတ်လည်မှာ
ကျန်ခဲ့တဲ့ အရာတွေဟာ
ခေါစာပစ်လို့မရတဲ့ ခရိုနီတွေရယ် ...
မကျူးကျော်ရ ဆိုတဲ့ ဆိုင်းဘုတ်တွေရယ် ...
ရောဂါဆိုးတွေရယ် ...
ကြွပ်ကြွပ်အိတ်တွေ ရယ်ပါပဲ .... ။
( ၇ )
သူငယ်ချင်းကောင်း ယောင်းမတို့ရေ
ငိုမနေကြနဲ့ ...
မိုးမချုပ်မီ စောစော လာခဲ့ကြ ...
ကောက်ဆွတွေ ယူခဲ့ကြ ...
ယာတွေကို မီးရှို့ကြမယ် ....။
လယ်ကွင်းတွေထဲက တေးသံလွင့်ပျံ့
နာနာဘာဝမှန်သမျှ
မောင်းထုတ်ကြတဲ့ ပွဲမှာ
တုံးမောင်းခေါက်သံတွေ
ဘဝဂ်ညံ နေရခြိမ့်မယ် .... ။ ။
မိုး သီး ဇွန်
No comments:
Post a Comment