Sunday, November 24, 2013

ကျနော်နဲ့ ခရီးကြမ်းလမ်း - ၅ (မင်းကျော်ခိုင်)

ခရီးဆက်ကြရင်း တောထဲမှာ ရွာလည်နေတဲ့ လူ ၃ဝဝ ကျော်အုပ်စုကြီးနဲ့ သွားဆုံကြတယ်၊ အဲဒီနေရာက ရွာနဲ့ သိပ်မဝေးဘူး သူတို့နဲ့ပါလာတဲ့လမ်းပြက လမ်းမှားပြီး လည်နေတာလေ။ ဒါနဲ့ အုပ်စုကြီး ၂ စု ပေါင်းလိုက်ကြပြီး အနီးဆုံးရွာကို ဆက်အတူသွားကြတယ်။ ရွာရောက်တော့မှ အဲဒီ လမ်းမှာလည်နေတဲ့အုပ်စုထဲက ကျနော်နဲ့မတွေ့တာ အတော်ကြာပြီဖြစ်တဲ့ (သူ အဆိုတော်ဖြစ်ကတည်းက ဆိုပါတော့) ကျော်မြင့်လွင် (ခ) ထူးအိမ်သင်ပါ။ သူနဲ့ ပြန်တွေ့တွေ့ချင်း သူက ဟေ့ရောင် ဒါပဲ ... ဒါပဲလိုတယ် လို့ပြောရင်း သူ့လက်ညှိုးကို ကွေးပြတယ်။ 

ဒါနဲ့ ကျနော်လည်း သူ့ကြည့်ပြီး ဟုတ်ပါပြီ ငါ သိပါတယ် အားလုံးက ဒါပဲလိုတယ်ဆိုပြီးထွက်လာကြတာ မင်းကိုယ်မင်းလည်း ပြန်ကြည့်ဦး... အဆိုတော် မပြောရဘူး ဝတ်လာတာက အင်္ကျီဖြူ ဘောင်းဘီဖြူ နဲ့၊ ဒို့ အခုသွားနေကြတာ သီချင်းသွားဆိုဖို့မဟုတ်ဘူးလို့ပြောတော့ သူက ရှက်ကိုးရှက်ကန်းနဲ့ မင်းကလည်းကွာ ငါလည်း ကြုံသလိုကြံဖန်ပြီး ထွက်လာရတာလေ လို့ပြောတယ်။ အမှန်က သူ့ကို အားလုံးကသိနေတော့ သီချင်းဆိုဖို့ဆိုပြီး မလိမ့်တပတ်နဲ့ စစ်ထောက်လှမ်းရေးကနေလွတ်အောင် ကြံဖန်ထွက်လာခဲ့တာလို့ သူပြောပါတယ်။ 

ရွာထဲမှာ ၂ ရက်နေရတယ်၊ ရွာနာမည်တော့ ကျနော် မမှတ်မိတော့ဘူး။ ရွာကနေဆက်ထွက်ကြတော့ လမ်းခုလတ်မှာ အသားလတ်လတ် အသက် ၂ဝ ကျော်လူငယ်တယောက်က ကျနော်တို့ကို ဆီးကြိုတယ်။ သူက ရွာအဝင်ဘုန်းကြီးကျောင်းကို ကျနော်တို့ကိုခေါ်သွားပြီး သူဟာ CRDB ဦးတင်မောင်ဝင်းရဲ့ ကိုယ်စားလှယ်ဖြစ်တဲ့အကြောင်း၊ ကျနော်တို့အားလုံးကို ထိုင်း-မြန်မာနယ်စပ်မှာ လိုအပ်တဲ့ အကူအညီအားလုံးပေးဖို့ အဆင်သင့်ရှိနေပါကြောင်း ပြောပါတော့တယ်။ 


ကျနော်တို့လည်း ဘာပဲဖြစ်ဖြစ် အားတက်ကြတာပေါ့၊ လိုတဲ့အကူအညီအားလုံးရမယ်လို့ ဆိုတာကိုး... (တကယ်တမ်းကျတော့ ကျနော်တို့နယ်စပ်ရောက်တဲ့အချိန် ဘာအဖွဲ့အစည်းမှ မတွေ့ခဲ့ရပါဘူး၊ နောက်ပိုင်း ဦးတင်မောင်ဝင်းနဲ့ဆုံတော့ ကျနော် အဲဒီအကြောင်းပြောပြတော့ သူက အေးကွာ ဟိုကောင် ရဲကျော်သူ (ဦးရဲကျော်သူ) ပေါ့၊ ဒီကောင် သောက်သုံးမကျလို့ အဲလိုတွေဖြစ်ကုန်တာဆိုပြီး ရှင်းပြပါတယ်)။ 

အဲဒီရွာကထွက်ပြီး နာရီဝက်လောက်အကြာ တောင်ပေါ်လမ်းမှာ မိုးတွေ သည်းသည်းမဲမဲရွာတယ်။ ဘယ်သူမှ ထီးတို့ မိုးကာတို့ ပါကြတာမဟုတ်ဘူးလေ။ အားလုံးက ပျော်ပွဲစားထွက်လာကြတာမှမဟုတ်တာ။ မိုးဒဏ် လေဒဏ် အအေးဒဏ် အံကြိတ်ခံရင်းရှေ့ကို ဆက်ချီကြတယ်။ တယောက်ပုခုံး တယောက်ကိုင်ကြရင်း ကျဉ်းမြောင်းတဲ့ တောင်ပတ်လမ်းအတိုင်း ဆက်လျှောက်ကြရင်း မှောင်ရီဖြိုးဖျချိန် ညနေပိုင်း ၅ နာရီလောက်မှာ မွန်ပြည်သစ်ပါတီရဲ့ တောတွင်းဗဟိုစခန်းကို ရောက်ကြပါတော့တယ်။ တောင်ပေါ်တောနက်ထဲဆိုတော့ ညနေ ၅ နာရီလောက်ဆို နေရောင်ပျောက်ပါပြီ။ 

အဲဒီမှာ ပြဿနာက ကျနော်တို့က ဆေးလိပ်သောက်တတ်ကြတော့ သောက်ဖို့ဆေးလိပ် ကျနော်တို့မှာ လုံးဝ ပြတ်နေတာပါပဲ။ ထူးအိမ်သင်က ဟေ့ရောင် ငါ့မှာ ဆေးပေါ့လိပ်တစည်းပါတယ်၊ ဒါပေမယ် မိုးမိလို့ ရေစိုနေပြီ၊ မင်းလိုချင်ရင် တဝက်ယူ၊ မင်းဖာသာမင်းပဲ ကြံဖန်ပြီးအခြေက်ခံလိုက်ကွာဆိုပြီး ပေးလို့ သူ့ရေစိုနေတဲ့ ဆေးပေါ့လိပ်ထုတ်ကို ယူထားလိုက်တယ်။ ဖြစ်ချင်တော့ ကျနော်တို့ရန်ကုန်အုပ်စုကို နေရာချပေးတာ ကျနော်၊ ရဲလွင်၊ မောင်တူးတို့က မွန်ပြည်သစ်က ဗိုလ်မှူးကြီးတယောက်နေတဲ့ သက်ကယ်အမိုးနဲ့ ဝါးတဲအောက်မှာပါ။ သူတို့ ဗိုလ်မှူးကြီးအုပ်စုကတော့ တဲပေါ်မှာပါ။ ကျနော်တို့နဲ့ပါတဲ့ ရန်ကုန်ကျောင်းသူ ၂ ယောက်ကိုတော့ သူတို့တဲပေါ်ခေါ်ထားလိုက်ကြတယ်။ ကျောင်းသူ ၂ ယောက်ကို ဘာမှ ပြဿနာမရှာကြပါဘူး။ 

သူတို့ဗိုလ်တွေ ၃ ယောက်က အရက်သောက်ကြရင်း စီးကရက်တဖွားဖွားနဲ့ပေါ့။ ကျနော်တို့ကတော့ တဲအောက်ထဲမှာ သူတို့အတွက် ထမင်းအိုးကို ထင်းတွေ တတုံးပြီးတတုံး မီးထဲထည့်ရင်း ထမင်းအိုးအဖုံးပေါ်မှာ ထူးအိမ်သင်ပေးသွားတဲ့ ဆေးပေါ့လိပ်တွေကိုဖြေချ၊ ဆေးရိုးတွေကို အပူငွေ့နဲ့ခြောက်သွားဖို့ ထမင်းအိုးအဖုံးပေါ် ဖြန့်ခင်းထားရတာပေါ့။ ဒီကြားထဲ အပေါ်က အမောင်ဗိုလ်မှူးများရဲ့ ဝါးကဒ်အခင်းတွေကြားကနေ အောက်ကို တံတွေးထွေးချတာကိုလည်း ရှောင်ရပါသေးတယ်။ ကျနော်တို့ကိုလိုက်ပို့တဲ့ ဗိုလ်မှူးထွန်းအောင်ကတော့ သူ့တာဝန်အရ အားလုံးကို မွန်ဗဟိုစခန်းကိုပို့ပြီးပြီမို့ သူတာဝန်ကျတဲ့နေရာကို ဆက်ထွက်သွားပါပြီ။ 

ခဏအကြာမှာ သေနတ်သံ အတွဲလိုက် ဘောင်း... ဘောင်း ဘောင်း... ဆိုတဲ့အသံတွေ ကြားလိုက်ရတယ်။ ကျနော်တို့လည်း ဘာတွေဖြစ်ကုန်ကြပြီလဲ၊ စစ်အုပ်စုစစ်တပ်နဲ့ မွန်ပြည်သစ်တို့ ချကုန်ကြပြီလားပေါ့။ နောက်မှ မွန်ရဲဘော်တချို့ တောထဲက ဝက်ဝံ ၂ ကောင်ကို ပစ်လိုက်တာလို့သိရတော့တယ်၊ နောက်ပိုင်း မွန်ရဲဘော်လေးတွေကိုမေးကြည့်တော့ ဝက်ဝံ အထီးနဲ့ အမမှာ အမကို အရင်ပစ်ရတယ်၊ အထီးကိုအရင်ပစ်ရင် ဝက်ဝံအမက ပစ်တဲ့သူ၊ သူ့ အထီးချစ်သူကို ရန်ရှာတဲ့သူကို မတွေ့တွေ့အောင်ရှာပြီး ပြန်ရန်မူတတ်တဲ့အကျင့်ရှိသတဲ့။ အမကို အရင်ပစ်လိုက်တယ်ဆိုရင် ဝက်ဝံအထီးက တချိုးထဲပြေးတော့တာပဲတဲ့၊ တောတွင်းမုဆိုးတို့ရဲ့ ဗဟုသုတတခုပါပဲ။ 

သူတို့ပစ်လာတဲ့ ဝက်ဝံ ခေါင်း ၂ လုံး ကျနော်တို့ဆီ ရောက်လာတယ်။ မီးဖုတ်ပြီး ခေါင်း ၂ လုံးစလုံးရဲ့ ရှိသမျှအမွေးတွေကို ဓားနဲ့ခြစ်ဆိုပြီး ဓားတချောင်း၊ ဝက်ဝံခေါင်း ၂ လုံး ရဲဘော်တယောက်က လာပေးသွားတယ်။ ကျနော်တို့ကလည်း မဆိုးဘူးကွ ဝက်ဝံခေါင်း မီးဖုတ်နဲ့ ထမင်းနဲ့ စားဖူးသွားတာပေါ့ကွာဆိုပြီး သူတို့ခိုင်းတဲ့အတိုင်း လုပ်ကြတာပေါ့။ 

ဒီကြားထဲ စီးကရက်သောက်ချင်လို့ အပေါ်မှာထိုင်နေကြတဲ့ ကျနော်တို့ရဲမေ ကျောင်းသူ ၂ ယောက်ရဲ့တင်ပါးကို အသာလေး တုတ်နဲ့ထိုးလိုက်တော့ သူတို့က ကျနော်တို့ကို ဝါးကြမ်းကြားကနေ လှမ်းကြည့်တယ်။ စီးကရက်သောက်ချင်ကြောင်း အထာပြလိုက်တော့၊ သူတို့က ဗိုလ်မှူး သမီးတို့လည်း စီးကရက်ဖွာချင်တယ်လို့ ဆိုလိုက်ကြရော... သြော် သမီးတို့ရယ် စောစောကပြောပါလား သောက်... သောက် ကြိုက်သလောက်သောက် ဆိုပြီး ပြောသံကြားလိုက်ရတယ်။ ခဏနေတော့ သူတို့ မဖွာတတ် မသောက်တတ်နဲ့ မီးညှိထားတဲ့ ထိုင်းနိုင်ငံထုတ် ကရောင်းထစ်တံဆိပ် စီးကရက်လေး ဝါးကြမ်းခင်းကြားကနေ ကျလာတာလေး ကျနော်တို့အတွက် ခဏတာ စည်းစိမ်လေးပါပဲလေ...။ 

ဒါတင်ဘယ်ဟုတ်ဦးမလဲ... မွန်ရဲဘော်တွေခုနက ပစ်လာတဲ့ ဝက်ဝံကလီစာတွေကလည်း အငွေ့တထောင်းထောင်းနဲ့ သူတို့တဲပေါ် ရောက်လာပါလေရော။ ကျနော်တို့ရဲမေကျောင်းသူလေးများကလည်း အထာပေါက်ပြီးသား။ သူတို့ တဖတ်စားလိုက်၊ ကျနော်တို့အတွက်တဖတ် ကြမ်းကြားကနေချပေးလိုက်ပေါ့။ ကျနော်တို့မီးဖုတ်ထားတဲ့ ဝက်ဝံခေါင်း ၂ လုံးကလည်း ဖုတ်လည်းအပြီး စားရမလားမှတ်ပါတယ်၊ ရဲဘော်တွေက လူနာအတွက်ဆိုပြီး လာယူသွားလို့ ထမင်းကိုဆားဖြူးပြီး ဆီမပါပဲ အပေါ်ကကျလာတဲ့ ဝက်ဝံကလီစာဖတ်ကလေးတွေနဲ့ ညစာပြီးခဲ့ရတာပါပဲ။ ဘာပြောပြော တောငှက်ပျောသီး၊ တောငှက်ပျောအူတို့နဲ့စာရင် တော်သေးတယ်လို့ ပြောရမှာပေါ့။ 

ဆက်ပါဦးမည်။ 

မင်းကျော်ခိုင် 


 

No comments: