Wednesday, November 27, 2013

အမေရိကရောက် ကျနော် ဒုက္ခသည် - ၄ (ထက်ရာဇာ)

ကျနော်ဘာလုပ်ရမလဲဆိုတဲ့ မေးခွန်းပေါင်းများစွာက နေ့စဉ်နဲ့အမျှ ကျနော့်စိတ်ကို ဖိစီးထားတဲ့အချိန်လည်း ဖြစ်ပါတယ်။ နိစ္စဓူဝ နှင်းတောထဲကို ဖြတ်သန်းခဲ့ရတဲ့ ဘယ်တော့မှမေ့မရနိုင်တဲ့ အမေရိကန်ရောက် ဒုက္ခသည်တဦးရဲ့ အဆင်းရဲဆုံးသော စတင်ဖြတ်သန်းမှုတွေလို့လည်း ဆိုနိုင်ပါတယ်။

ဒီလိုနဲ့ တရက်မှာတော့ ကျနော့်ဆီကို ဖုန်းတလုံးဝင်လာပါတယ်။ ကျနော်နဲ့ နှစ်ပေါင်း ၂၀ ကျော်လောက်ကွဲသွားခဲ့တဲ့ ကျနော်တို့ရပ်ကွက်ထဲက ကျနော့်ငယ်သူငယ်ချင်း သူရိန်နေမင်းဦး(ခ)မင်းမင်း (သူလည်း နိုင်ငံရေးအကျဉ်းသားဟောင်းတယောက်ပါ။ ၁၉၉၆ ခုနှစ်က ကွန်လွယ်သွားခဲ့ပါတယ်။)ရဲ့အကို ကိုမိုးကျော်ဦးပါ။ ကျနော် အရမ်းအံ့သြသွားသလို အမေရိကမှာ မိတ်ဆွေတယောက်ရပြီဆိုတဲ့စိတ်က ကျနော့်ကို အားရှိစေခဲ့ပါတယ်။ သူက ဆူရှီသင်ချင်ရင်လာခဲ့ သူ ချီကာဂိုမှာရှိတယ်လို့ပြောပြီး ကျနော့်အတွက် ချီကာဂိုကိုလာမယ့် လေယာဉ်စရိတ်နဲ့ အသုံးစရိတ်ပါ စာတိုက်က ပို့ပေးလိုက်ပါတယ်။


ဒီမှာပဲ ကျနော့်ရဲ့ မထင်မှတ်ထားတဲ့ ဘဝတဆစ်ချိုးက စတင်ခဲ့ပြီပဲဖြစ်ပါတယ်။ မြန်မာပြည်မှာတုန်းက ကလောင်ကိုင်ပြီး စာမျက်နှာတွေပေါ်မှာဖြတ်သန်းခဲ့သလို နယ်စပ်ရောက်တော့လဲ အသံဖမ်းစက်တလုံးနဲ့ မိုက်ကရိုဖုန်းတချောင်းကိုင်ပြီး ရေဒီယိုလေလှိုင်းတွေပေါ်မှာဖြတ်သန်းခဲ့တဲ့လူတယောက်ဟာ ခုတော့ ချီကာဂိုဆိုတဲ့မြို့ကြီးကို ဆူရှီသမားဘဝနဲ့ သွားရတော့မယ်ဆိုတော့ ကိုယ့်ကိုကိုယ် အားငယ်စိတ်လည်း ဝင်မိပြန်ပါတယ်။

ဒီလိုနဲ့ အမေရိကကို ပထမဆုံး စတင်အခြေချနေထိုင်ခဲ့တဲ့ ဘိုအိုင်းစီးမြို့ကိုနှုတ်ဆက်၊ အိုင်ဒါးဟိုးပြည်နယ်ကိုနှုတ်ဆက်ပြီး ကျနော် ချီကာဂိုမြို့ကို စတင်ထွက်ခွာခဲ့ပါတော့တယ်။ အမေရိကရောက်ရောက်ခြင်း ကျနော့်ရဲ့ပထမဆုံးခရီးစဉ်ဖြစ်တဲ့အတွက် စိတ်လှုပ်ရှားမှုတွေကလည်း တနင့်တပိုးနဲ့ပါပဲ။

ကျနော့်ဆီမှာ ခရီးသွားဖို့က အိတ်ထဲမှာ ဒေါ်လာ ၁၀၀ ကျော်ပဲ ပါပါတယ်။ လေယာဉ်က ၆ နာရီလောက်စီးရမှာဖြစ်ပြီး ထရန်စစ် ၂ ခုပြောင်းရမှာဖြစ်ပါတယ်။ အိုင်ဒါးဟိုလေဆိပ်မှာ လေယာဉ်ပေါ်မတက်ခင် အရက်သောက်ချင်စိတ်ပေါ်လာတာနဲ့ လေဆိပ်ကအရက်ဘားမှာ ဝီစကီ ၂ ပက်မှာပြီး ပိုက်ဆံရှင်းဖို့ မေးလိုက်တဲ့အခါ ၁ ပက်ကို ၁၂ ဒေါ်လာနဲ့ ၂ ပက်အတွက် ၂၄ ဒေါ်လာကျတယ်လို့ စားပွဲထိုးကပြောတဲ့အခါ အရက်ပါ သီးချင်သလိုဖြစ်သွားပြီး သောက်ချင်ဦးဟဲ့ လို့လည်း ကိုယ့်ကိုကိုယ် ပြန်ပြောမိပါတယ်။

ဒီလိုနဲ့ ကျနော် ချီကာဂိုမြို့ကြီးကို စတင်ထွက်ခွာလာခဲ့ပါတယ်။ ချီကာဂို အိုဟဲလေဆိပ်ကိုရောက်ပြီး ကျနော့်ပါလာတဲ့ပစ္စည်းတွေကိုထုပ်ပြီး လေဆိပ်က ကာစတန်မာဆားဗစ်ကိုသွားပြီး ကိုမိုးကျော်ဦးရဲ့ဖုန်းနံပတ်ကိုပြပြီး ဖုန်းခေါ်ခိုင်းရပြန်ပါတယ်။ ဟမ်းဖုန်းမရှိတဲ့ဒုက္ခကလည်း မသေးပါလားလို့ တွေးမိပြန်တယ်။ ဖုန်းရပြီး နောက်မိနစ် ၂၀ လောက်အကြာမှာ ကိုမိုးကျော်ဦး ရောက်လာပြီး သူ့ကားနဲ့ပဲ သူ့အိမ်ကို ၂ ယောက်အတူလာခဲ့ကြပြီး အဲဒီညကတော့ အရက်သောက်ရင်း ရှေးဟောင်းနှောင်းဖြစ်တွေပြောရင် မိုးလင်းသွားသလို ကျနော် အိပ်ယာနိုးတော့ ကိုမိုးကျော်က အလုပ်ထွက်သွားပါပြီ။

ဆေးလိပ်သောက်ဖို့ အပြင်ကိုထွက်လိုက်တဲ့အခါမှာတော့ လမ်းမပေါ်မှာ တတောင်လောက်ရှိတဲ့နှင်းထုကြီးကို တွေ့ရယုံသာမက နှင်းတွေကလည်း သိပ်သိပ်သည်းသည်းကိုကျနေသလို လေတိုက်တာကတော့ အင်မတန်ကို ကြောက်စရာကောင်းလှပါတယ်။ ကျနော် ဆေးလိပ်သောက်နေတုန်းမှာပဲ ဘေးအိမ်က အမေရိကန်မတယောက်ကလည်း ဆေးလိပ်ထွက်သောက်ရင်း ကျနော့်ကို မိတ်ဆက်ပါတယ်။

သူ့အပြောအရ သူဟာ ချီကာဂိုမြို့မှာနေတာ နှစ် ၂၀ ကျော်ပြီဖြစ်ကြောင်းနဲ့ ဒီရာသီဥတုကို နှစ်စဉ်နှစ်တိုင်းကြုံရစမြဲပဲလို့ ပြောတဲ့အခါ စိတ်ထဲက ဘုရားတမိပါတယ်။ ပြီးတော့ အမေရိကမှာ ချီကာဂိုကို ဘန်းစကားနဲ့ Winndy City လို့ခေါ်တယ်လို့လည်း သူက တဆက်တည်း ပြောပြပါတယ်။

အိုင်ဒါဟိုးမှာ အေးလှပါတယ်၊ စနိုးကျလှပါတယ်လို့ အော်ခဲ့မိတာတွေကိုလည်း ပြန်တွေးပြီး ရယ်ချင်မိပြန်သေးတယ်။ ဘဝကတော့ အမေရိကမှာ အရှင်လတ်လတ် ရေထဲကငါးကို ကုန်းပေါ်ကိုပစ်တင်ထားသလို ဖြစ်ခဲ့ပြီလည်း ဖြစ်ပါတယ်။ ရေမြေသဘာဝ၊ အစားအသောက်၊ နေမှုထိုင်မှုအားလုံးက ဆန့်ကျင်ဖက်ပြောင်းလဲသွားခဲ့ပါပြီ။ အရမ်းအေးလှတဲ့အတွက် အိမ်ထဲမှာဒီတိုင်းနေလို့မရတဲ့အတွက် ဟီတာကြီးဖွင့်ထား ဟီတာဖွင့်ထားတဲ့အတွက် နှာခေါင်းသွေးကလည်း အချိန်တိုင်းလိုလိုပဲ ထွက်နေပြန်ပါတယ်။

နောက်နေ့မနက်မှာတော့ ကိုမိုးကျော်နဲ့အတူ ဆူရှီသင်ဖို့ သူ့ဆိုင်ရှိရာကို လိုက်ခဲ့ပါတယ်။ သူ့အိမ်နဲ့ သူ့ဆူရှီဘားက မိနစ် ၃၀ လောက် မောင်းရပါတယ်။ အဲဒီနေ့ကတော့ ဘဝမှာ ဘယ်တော့မှမေ့လို့မရတဲ့ ဆူရှီလောကထဲကို ပထမဆုံးစဝင်တဲ့နေ့လည်းဖြစ်သလို တရက်ထဲမှာတင် ဆူရှီဓားနဲ့ လက်ကို ၃ ခါ ဓားရှခဲ့တဲ့နေ့လည်းဖြစ်ပြီး ဆူရှီဆိုတာကို ၂ ပေအကွာက စတင်တွေ့ဖူးခဲ့တဲ့နေ့လည်း ဖြစ်ပါတယ်။ ဒီလိုနဲ့ပဲ မိုးလင်းရင် ဆူရှီဘားသွားလိုက် ညနေပြန်လာ ညအရက်သောက်ပြီးအိပ် မနက်ပြန်နိုး ဒီလိုနဲ့ ဘာပျော်ရွှင်မှုမှ မရှိတဲ့ဘဝကြီးမှာ ကိုမိုးကျော် နှစ် ၂၀ လုံးလုံး ဘယ်လို ဆူရှီလိပ်လာသလဲဆိုတာ ကျနော် အံ့သြခဲ့ရပြန်ပါတယ်။

နောက်ပိုဆိုးတဲ့အချက်က သူနေတဲ့ ရပ်ကွက်နဲ့ သူ့ဆိုင်အနီးအပါးမှာ မြန်မာမပြောနဲ့ အာရှသားတွေကိုတောင် မတွေ့ရပါဘူး။ ကျနော်လည်း မနေနိုင်တာနဲ့ ကိုမိုးကျော် ဒီလိုဘဝနဲ့ နှစ်၂၀ ဘယ်လိုများနေခဲ့သလဲဆိုတော့ ဆူရှီသမားတွေမှာ Life မရှိဘူး၊ Life ပျောက်နေတယ် မိုးလင်းသွား မိုးချုပ်ပြန် ဒါနဲ့ပဲ သံသရာလည်နေတာပဲ မင်းလည်း ဆူရှီသမားဖြစ်သွားရင် သိလာပါလိမ့်မယ်လို့ ပြန်ဖြေခဲ့ဖူးတာကို အခုအချိန်မှာ ပြန်တွေးကြည့်မိတော့ ကျနော် ကိုမိုးကျော်ကို ကျေးဇူးတင်မိရပြန်ပါတယ်။

ကျနော် တပြားတချပ်မှမရဘဲ ကိုမိုးကျော်ဆီမှာ ဆူရှီလိပ်သင်ရင်း တဖြည်းဖြည်း ဆူရှီလိပ်တတ်လာခဲ့ပါတယ်။ အဲဒီတုန်းက ဘာမှမတတ်တဲ့လူတယောက်ကို ခေါ်သင်ရင်းခိုင်းရင် အနည်းဆုံး တလကို ဒေါ်လာတထောင် ပေးရတယ်ဆိုတာလည်း ကျနော် မသိခဲ့သေးပါဘူး။ ကျနော့်ကိုသင်ပေးတဲ့အတွက် ကျနော်ကတောင် ကျေးဇူးတင်နေရပါသေးတယ်။

သူ့ဆီမှာ ဆူရှီလိပ်တတ်ရုံလိပ်နေတုန်းမှာပဲ သူ့ရဲ့ညီ ကျနော့်ရဲ့ငယ်သူငယ်ချင်းတယောက်က သူ့မိန်းမ မြန်မာပြည်ပြန်မှာမို့လို့ ကျနော့်ကိုလွှတ်ပေးပါလို့ ပြောလာတဲ့အခါ သူ့ညီရှိရာ အိုဟိုင်းရိုး စတိတ်ကိုသွားဖို့ ကျနော့်ကို ပြောပါတော့တယ်။ ဟိုမှာတော့ လစာပေးမယ်၊ သွားရမယ်ဆိုတော့ ချီကာဂိုကနေ အိုဟိုင်းရိုးကို ပြောင်းရပြန်ရပါတော့မယ်။ ကျနော်လည်း အထုပ်အပိုးပြင်ပြီး အိုဟိုင်းရိုးကိုသွားဖို့ ဘပ်စ်ကားဂိတ်ကို ဆင်းရပြန်ပါတယ်။ ဘယ်လိုလဲ အိုဟိုင်းရိုး။

ဆူရှီလိပ်တာ ၁ လပဲရှိသေးတဲ့ လူတယောက်က တခြားစတိတ်တခုမှာ ဆူရှီသွားလိပ်ရမယ်ဆိုတော့ စိတ်ထဲမှာ အရမ်းကိုတုန်လှုပ်မိပါတယ်။ ငါ လုပ်နိုင်ပါ့မလား မှားသွားရင်ဘာဖြစ်မလဲ အတွေးပေါင်းစုံနဲ့ပါပဲ။ ဒါပေမယ့် တခုစဉ်းစားမိတာကတော့ ငါသွားလိပ်မယ့်ဆိုင်ရှင်က ငါ့ငယ်သူငယ်ချင်းဆိုတော့ သူ ငါ့ကိုသင်မှာပဲ တခြားအလုပ်ရှင်ထက်စာရင် ပိုအဆင်ပြေလောက်မယ်ဆိုတာကတော့ စဉ်းစားမိပါတယ်။ သူ့နာမည်က အောင်အောင်ကျော်ဦးပါ။ သူ့မိန်းမ လိန်လိန်းဆိုတာလည်း သူနဲ့ရခါစက သူတို့အိမ်မှာ ကျနော်က မိသားစုလိုဖြစ်နေတော့ ကျနော့်ညီမလိုပါပဲ။ အားလုံးအဆင်ပြေမယ်ဆိုပြီးပဲ ကျနော် ထွက်သွားခဲ့ပါတယ်။

အိုဟိုင်းရိုးကိုရောက်တဲ့အခါမှာတော့ အမေရိကမှာ အကြာကြီးနေခဲ့တဲ့ မြန်မာလူမျိုးစရိုက်တွေက ပြောင်းလဲသွားခဲ့ပါပြီ။ ကျနော်သိခဲ့တဲ့ ငယ်သူငယ်ချင်း အောင်အောင်ကျော်ဦးမှ ဟုတ်ရဲ့လား၊ လိန်လိန်းမှ ဟုတ်ရဲ့လား ဆိုတဲ့မေးခွန်းများစွာက ကျနော့်ခေါင်းထဲကို ရောက်လာခဲ့ပြီဖြစ်ပါတယ်။ ငယ်သူငယ်ချင်းဆိုတဲ့ သံယောဇဉ်တွေက ဘယ်နေရာကိုရောက်သွားပြီလဲလို့လဲ ကျနော့်ကိုကျနော် မေးခွန်းထုတ်မိပါတယ်။ တရက်မှာတော့ အောင်အောင်ကျော်ဦးရဲ့မိန်းမ လိန်လိန်းနဲ့ ကျနော် ပြဿနာ စတက်ခဲ့ပါပြီ။

ဆက်လက်ရေးသားပါဦးမယ်။ 

ထက်ရာဇာ
(ခေတ္တ အမေရိက)


 


 

No comments: