Thursday, November 14, 2013

ကျနော်နဲ့ ခရီးကြမ်းလမ်း - ၁ (မင်းကျော်ခိုင်)

ကျနော်တို့ ရန်ကုန်ကနေ ထိုင်းနိုင်ငံနယ်စပ်ကိုထွက်ခဲ့ကြတာ ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့မှာ စစ်တပ်ကအာဏာသိမ်းပြီးနောက် ၄ ရက်အကြာ စက်တင်ဘာလ ၂၂ ရက်နေ့ပါ။ ကျနော် အပါအဝင် ရန်ကုန်တက္ကသိုလ် ဒဿနိကဌာနက ကျူတာ ရဲလွင်၊ နောက် မောင်တူး၊ တခြားဌာနတွေက ကျူတာ ၄ ယောက်အပါအဝင် ပေါင်း ၇ ယောက်။ 

ရန်ကုန်က မထွက်ခွာခင်ညက ကျနော့်အိမ်နောက်ဘက်က အမျိုးသားဘော်ဒါဆောင်မှာ လူခွဲအိပ်ကြပြီး မနက်လင်းအားကြီး ၄ နာရီခွဲမှာထ၊ ကျနော့် အဖေနဲ့အမေကို အားလုံးကန်တော့ကြပြီး အမေထုတ်ပေးတဲ့ ကျပ်ငွေ ငါးထောင်နဲ့ ကျနော်တို့အိမ်ရှိတဲ့ ၆ မိုင်ခွဲကနေ အောင်ဆန်းကွင်းမှာရှိတဲ့ မော်လမြိုင်-မုဒုံ ကားဂိတ်ကိုထွက်ခဲ့ကြတယ်။ 

ရန်ကုန်-မုဒုံ ဟိုင်းလပ်ကားစီးပြီး မုဒုံရောက်တဲ့အထိဘာမှ ပြဿနာမရှိဘဲ ရောက်ခဲ့ကြတယ်။ ဟိုင်းလပ်ကားပေါ်မှာ သူငယ်ချင်း အဆိုတော်မွန်းအောင်နဲ့ ဆုံကြသေးတယ်။ သူက သူ့အစီအစဉ်နဲ့သူသွားမှာဆိုတော့ မုဒုံမှာပဲ သူနဲ့ကျနော် လမ်းခွဲကြတယ်။ ကျနော်တို့က မွန်ပြည်သစ်ပါတီနဲ့ ချိတ်ထားပြီးမို့ပါ။


မုဒုံရောက်ပြီး ခဏနား၊ နားပြီး မော်လမြိုင်ကိုကူးခဲ့ကြပြီး ဘုန်းကြီးကျောင်းမှာ တည်းကြတယ်။ နောက်နေ့ နေ့လည် ရေး-ထားဝယ်ရထားနဲ့လိုက်ခဲ့ကြပြီး ထင်းရှူးဘူတာမှာ ဆင်းကြတယ်။ အံ့သြစရာကောင်းတာက ရထားတစီးလုံးလောက်ကို ဆင်းကြတာပါပဲ။ ကျောင်းသားတွေ၊ လူငယ်တွေ၊ အလုပ်သမားတွေ၊ ရဟန်းသံယာတွေ... ...။

ထင်းရှူးဘူတာက အထွက်မှာပဲ မွန်ပြည်သစ်ပါတီက တပ်စိတ်တစိတ် လက်နက်အပြည့်အစုံနဲ့ ကျနော်တို့ကို လာကြိုကြပါတယ်။ မွန်ပြည်နယ်က ကျောင်းလာတက်တဲ့ စက်မှုတက္ကသိုလ်က တင်စိုးနောင်၊ အောင်ဆန်း၊ အောင်မျိုးဆန်းတို့ အပါအဝင် ကျောင်းသား ၇ ယောက်ကလည်း ကျနော်တို့အပေါ် နွေးနွေးထွေးထွေးကူညီကြပါတယ်။ 

အဲဒီကနေစလို့ ထိုင်း-မြန်မာနယ်စပ်ဖြစ်တဲ့ ဘုရားသုံးဆူ စမ်ခဘူရီကို တောလမ်းခရီးကြမ်းနဲ့ ခြေလျှင်ခရီး စခဲ့ကြတာပါပဲ။ နာမည်ကျော် ဒေါနတောင်တန်းကြီးကို တလတိတိကြာအောင် လမ်းလျှောက်ခရီးကြမ်းနှင်ခဲ့ကြရတာပါ။ တောထဲစဝင်ခဲ့ကြတော့ လူအုပ်ကြီးဟာ ၃ဝဝ ကျော်လို့ မှန်းမိတယ်။ လက်နက်ကိုင် တော်လှန်ရေးကြီးဆင်နွဲကြဖို့ဆိုပြီး အားလုံးဟာ တက်ကြွနေလိုက်ကြတာ အားရစရာပါပဲ။

တောထဲဝင်ပြီး မကြာခင်မှာပဲ ကျနော်တို့ကိုစောင့်ရှောက်လာတဲ့ မွန်ပြည်သစ်က ရဲဘော်တယောက်က ကျားသစ်တကောင် ပစ်ချလိုက်တယ် ကြားရတယ်။ ကျနော်တို့ မြင်တောင်မမြင်လိုက်ရပါဘူး။ ကျားသစ်ကို ဖျက်တောင်ပြီးသွားပြီ။ တခါမှ မစားဖူးတဲ့ ကျားသစ်သားတော့ အလကားစားရတော့မယ်လို့ထင်လိုက်တာ ဘယ်အလကားရမလဲ ရောင်းတာတဲ့၊ မမြင်လိုက်ရတဲ့အပြင် စားဖို့ ဝေလာဝေးပါပဲ။ 

တန်းစီဆက်ချီတက်ကြရင်း မှောင်ရီပျိုးလောက်ကြတော့ ဓနိတောဆိုတဲ့ရွာကို ရောက်ကြတယ်။ ဓနိတောဆိုတဲ့အတိုင်း ဓနိပင်တွေချည်းပဲ တွေ့ရတယ်၊ ရွာအပြင်ကပင်လယ်ကြီးပါ။ ပင်လယ်ကမ်းစပ်က ဓနိတောရွာပေါ့။ ဖြစ်ချင်တော့ ကျနော်တို့ ရန်ကုန်ကလာတဲ့ ၇ ယောက်ကို ရွာထဲပေးမဝင်တာပါပဲ။ ရွာအပြင် ပင်လယ်ကမ်းစပ်မှာ ပင်လယ်ပြင်ကြီးကို ကျောပေးထိုင်ခိုင်းထားလို့ ကျနော်တို့ ၇ ယောက် တန်းစီပြီး ထိုင်နေရတယ်။ 

အချိန်ကလည်း မှောင်လာပြီလေ၊ ည ၇ နာရီလောက်လို့ ထင်ပါတယ်။ မွန်ပြည်သစ်က ရဲဘော်တယောက်က မွန်သံဝဲတဲ့ မြန်မာစကားနဲ့ ခင်ဗျားတို့ ရန်ကုန်ကလာတဲ့ ကျောင်းသားအုပ်စုထဲမှာ စစ်ထောက်လှမ်းရေးတွေပါတယ်လို့ ကျနော်တို့ဗိုလ်မှူးက အတိအကျ သတင်းရထားလို့ ခင်ဗျားတို့ကို စစ်ဆေးမေးမြန်းမှုတွေလုပ်ရမယ်လို့ သူ့လက်ထဲက အမ် ၁၆ သေနတ်တရမ်းရမ်းနဲ့ လာပြောနေတယ်လေ ...။

ကျနော်တို့ကလည်း ကျနော်တို့ကို ကြိုက်သလိုစစ်နိုင်တယ်၊ အားလုံးကျောင်းသားတွေချည်းပဲ၊ ကျောင်းသားကဒ်ရော၊ မှတ်ပုံတင်တွေရောပါတယ်လို့ပြောလည်း သူကတော့ သူ့သေနတ်ကို တရမ်းရမ်းလုပ်နေဆဲပါပဲ။ နာရီဝက်လောက်ကြာတော့မှ ပစ္စတိုသေနတ်ကို ခါးကြားမှာထိုးထားတဲ့ ဗိုလ်မှူးဆိုတဲ့သူနဲ့ သူ့ကိုယ်ရံတော်ရဲဘော် ၅ ယောက်၊ အေကေ ၄၇၊ အမ် ၁၆ သေနတ်တွေနဲ့ ကျနော်တို့အုပ်စုဆီကို ဓာတ်မီးကိုယ်စီထိုးပြီး ရောက်လာကြတယ်။ 

ဘယ်မှာလဲဟေ့ ရန်ကုန်ကလာတဲ့ကျောင်းသားအုပ်စုဆိုတဲ့ လေသံမာမာနဲ့ မွန်ပြည်သစ်က ဗိုလ်မှူးဆိုသူရဲ့အသံ ကြားလိုက်ရတယ်။ အဲဒီဗိုလ်မှူးဆိုသူကပဲ ကျနော်တို့မျက်နှာတွေကို တယောက်ချင်း သူ့လက်နှိပ်ဓာတ်မီးနဲ့ လိုက်ထိုးကြည့်ပါတော့တယ်။ 

ဆက်ပါဦးမည်။

မင်းကျော်ခိုင်

ပုံကို ဒီက ယူပါတယ်။




 

No comments: