ဒီဆောင်းပါးကိုရေးဖို့ အတော် ချင့်ချိန်ရတယ်။ ဒါပေမယ့် ရှိနေတဲ့ ပကတိ အခြေအနေအရ ရေးသင့်တယ် ရေးမှဖြစ်မယ်လို့ဆုံးဖြတ်ပြီး ရေးလိုက်တာပါပဲ။
တော်လှန်ရေးတခုကို တိုးတက်တဲ့ ပညာတတ်လူတန်းစားတွေ ဦးမဆောင်ဘဲ မအောင်မြင်နိုင်ဘူးလို့
အဖိနှိပ်ခံပြည်သူလူထုဘက်က အစဉ်အမြဲရပ်တည်သွားခဲ့ကြတဲ့ တော်လှန်ရေးခေါင်းဆောင်တွေရဲ့ သဘောတရားမှာ ပြဆိုထားတယ်။ တပြိုင်နက်ထဲမှာပဲ ပညာတတ်လူတန်းစားဟာ ဖောက်ပြန်တတ်တယ် လို့လည်း
ဆိုထားပြန်တယ်။ အဲဒီ သဘောတရားတွေက ခေါင်းထဲကကနေ အလိုလိုပေါ်လာတာ မဟုတ်ပါဘူး၊ ခေတ်
အဆက်ဆက် လူ့သမိုင်းထဲကဖြစ်စဉ်တွေ တော်လှန်ရေးတွေ၊ အပြောင်းအလဲတွေထဲကရတဲ့ အတွေ့အကြုံ၊ အစုအပုံတွေထဲက ခေါင်းဆောင်တွေက ထုတ်နုတ် သဘောတရားလုပ်ခဲ့ကြတာပါ။
ကျနော်တို့မြန်မာနိုင်ငံရဲ့ နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်တော်လှန်ရေး အမျိုးသားလွတ်မြောက်ရေး တိုက်ပွဲစဉ်တွေမှာ အဲဒီလို တော်လှန်တိုးတက်တဲ့ ပညာတတ်လူတန်းစားတွေကဦးဆောင်ဦးရွက် ပြုခဲ့ကြတာကို
သမိုင်းစာမျက်နှာတွေမှာ တွေ့ခဲ့ရပြီးဖြစ်ပါတယ်။ တပြိုင်နက်တည်းမှာပဲ ဖောက်ပြန်တဲ့ ပညာတတ်တွေရဲ့ အမျိုးသားအကျိုးစီးပွား ဆန့်ကျင်ရေးလုပ်ရပ်တွေကိုကိုလည်း တွေ့နိုင်ပါတယ်။ အဲဒီအကျိုးဆက်ကိုလည်း ကျနော်တို့ပြည်သူလူထုတွေ ခုထိ ခါးစီးခံနေကြရဆဲ ဖြစ်ပါတယ်။ ဘယ်သူတွေ တော်လှန်တိုးတက်ပြီး ပြည်သူ့ဘက်က မားမားမတ်မတ် ရပ်တည်ခဲ့သလဲ။ ဘယ်သူတွေ ဖောက်ပြန်ကိုယ်ကျိုးရှာခဲ့ကြသလဲ။
သမိုင်းစာမျက်နှာတွေကိုပြန်ဖတ်ရင် အထင်အရှား တွေ့နိုင်ပါတယ်။ ပြီးသွားကြပြီ… သမိုင်းမှာ တင်ကျန်ခဲ့သူတွေကို ဒီကနေ့ ကျနော်တို့ အလေးပြုနေရဆဲ။ စင်ကျန် မြောင်းထဲရောက်သွားသူတွေအတွက်လည်း ပြည်သူလူထုက ဝမ်းနည်းမျက်ရည်မကျ သာဓု… အခေါ်ခံခဲ့ကြသူတွေကိုလည်း တွေ့ခဲ့ရပါပြီ။
မကြာခင်မှာ အဲဒီလို ကောင်းတယ် သေတာတောင်နောက်ကျလိုက်ပလေ သာဓု သာဓု ခေါ်ရမယ့် စစ်အာဏာရှင်တွေလည်း စာရင်းရှိပြီးဖြစ်ပါတယ်။ ပြဿနာက အကျိုးစီးပွားပါ။ ဘယ်သူ့အကျိုးစီးပွား အဓိကလဲဆိုတာပါ။ စစ်အာဏာရှင်အဆက်ဆက်ကတော့ ရှင်းပါတယ်။ သူတို့စစ်အုပ်စုရဲ့ အာဏာနဲ့ စည်းစိမ်ဥစ္စာကိုပဲ အဓိကထား လုပ်သွားကြ၊ လုပ်နေကြဆဲပါပဲ။
ဒါပေမယ့် ပြည်သူလူထုတွေရဲ့ အကျိုးစီးပွားအတွက် ပြည်သူတွေလိုလားတဲ့ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနဲ့ ငြိမ်းချမ်းရေးအတွက် အဓိကဦးတည် ရည်ရွယ်ပြီးလုပ်ခဲ့ကြတဲ့သူတွေကတော့ ဘယ်လိုပဲဖြစ်ဖြစ်ကိုယ်
လုပ်ခဲ့တဲ့အလုပ်၊ ကိုယ်ယုံကြည်ထားတဲ့ ယုံကြည်ချက်ကို လေးစားတန်ဖိုးထားသင့်ကြပါတယ်။ ဘယ်နိုင်ငံရေး
သဘောတရားကို ကိုင်စွဲယုံကြည်ထားထား အမှန်တရားနဲ့ တရားမျှတမှုကို ထိမ်းသိမ်းစောင့်ရှောက်ကြရမှာပါပဲ။ ဘယ်သူမှန် ဘယ်သူမှားသလဲ ကွဲကွဲပြားပြားသိပြီးတာနဲ့ အမှန်တရားဘက်က ရပ်တည်ရဲရမှာဖြစ်သလို
အမှန်တရားဘက်က ခုခံကာကွယ်ပေးရမှာပဲ ဖြစ်ပါတယ်။ ဒီအချိန်မှာ ကိုယ်ကျိုးစီးပွားကာကွယ်ရေးကို အဓိကထားပြီး အမှန်တရားနဲ့ တရားမျှတမှုမျက်နှာကို မကြည့်တော့ဘူးဆိုရင်တော့ ဖောက်ပြန်သွားပြီလို့ ပြောရမှာပါပဲ။
ကျနော်တို့နိုင်ငံရဲ့ စစ်အာဏာရှင်အဆက်ဆက်ရဲ့ မတရားမှု၊ ရက်ရက်စက်စက် ဖိနှိပ်မှုတွေအောက်မှာနှစ်
ပေါင်းများစွာ ပြားပြားဝပ်နေလာခဲ့ကြရတဲ့ ပြည်သူလူထုကြီးကတော့ အရင်တုန်းက အကြောက်တရား ဖိစီးမှုကြောင့် အမှန်တရားကို ထုတ်ဖော်ပြောဆိုဖို့၊ တောင်းဆိုဖို့ကို တွန့်ဆုတ်လာခဲ့ကြ၊ တခါတလေ မျက်နှာလွှဲ
လာခဲ့ကြတဲ့အဖြစ် ဖြစ်ခဲ့ပါတယ်။ မော်မကြည့်ရဲ ပြန်မပြောရဲ ခံသာခံလိုက်ဆိုတဲ့ အဖြစ်မျိုးတွေပေါ့လေ။ ဒါပေမယ့် အဲဒီအချိန်မှာ တိုးတက်တဲ့ ပညာတတ် (အထူသဖြင့် ကျောင်းသားလူငယ်)တွေက အာဏာရှင်တွေရဲ့
မတရားတဲ့ အမိန့်အာဏာတွေကို အကြိမ်ကြိမ် အာခံဆန့်ကျင်ခဲ့ကြတာကို သမိုင်းစာမျက်နှာတွေမှာ တွေ့နိုင်ပါတယ်။ အကြိမ်ကြိမ် အာခံဆန့်ကျင်ခဲ့သလို အကြိမ်ကြိမ်လည်း အထိအခိုက် အကျအဆုံးနဲ့ ဘဝနဲ့ချီ ပေးဆပ်ခဲ့ရသူတွေလည်း မနည်းလှတော့ပါဘူး။
ဒါပေမယ့် အဲဒီလို စွန့်လွှတ်အနစ်နာခံပြီး အမှန်တရား၊ တရားမျှတမှုနဲ့ ပြည်သူလူထုဘက်က ရပ်တည်ခဲ့တဲ့သူအများစုကတော့ ခုချိန်ထိလည်း အမှန်တရားဘက်က အခိုင်အမာ ရပ်တည်နေကြဆဲ ဖြစ်ပါတယ်။ လူမသိ သူမသိ ရပ်တည်ပေးနေတဲ့သူတွေ ရှိနေကြပါတယ်။ ဒါဟာ
ဝမ်းသာစရာကောာင်းတဲ့ အချက်ပါ။ အဲဒီလိုလူတွေရှိလို့ ဝမ်းသာစရာကောင်းသလို ယုံကြည်ချက်တစစ
ပျက်ပြားပြီး ကိုယ်ကျိုးစီးပွားကာကွယ်ရေးကို စောင်းပေးလာ၊ အမှန်တရားနဲ့ တရားမျှတမှုကို အလေးမထား မျက်နှာလွှဲလာသူတွေ၊ ဒီထက်ဆိုးတဲ့ မှားယွင်းဖောက်ပြန်သူတွေနဲ့ မှားယွင်းတဲ့ဘက်ကို ယိမ်းယိုင်လာကြတဲ့သူတွေလည်း ဒီကနေ့ခေတ်မှာ အတော်တိုးများလာတာ တွေ့နေရပါတယ်။ အဲဒီအတွက်ကတော့
ဝမ်းနည်းစရာ စိတ်မကောင်းဖြစ်စရာပါပဲ။ အနည်းဆုံး ကိုယ့်ရဲ့ယုံကြည်မှုကိုတော့ ရဲရဲပြောရဲသင့်ပါတယ်။
ကျနော်တို့နိုင်ငံမှာ ဆိုးဝါးတဲ့အချက်တချက်ကတော့ အယောင်ဆောင်ယဉ်ကျေးမှု (Hypocrisy) ယဉ်ကျေးမှုက ဆယ်စုနှစ်ပေါင်းများစွာ လွှမ်းမိုးခဲ့တာပါပဲ။ ဗိုလ်နေဝင်းကိုယ်တိုင်နဲ့ ဗိုလ်နေဝင်းရဲ့ နောက်တော်ပါတွေအားလုံးက ကိုယ်တကယ်မယုံကြည်တဲ့ ဆိုရှယ်လစ်စနစ်ဆိုတာကို တည်ထောင်ပြီး တိုင်းပြည်မှာ ထင်တိုင်းကျဲခဲ့ကြ
မယုံကြည်ဘဲ လက်ညှိုးထောင်ခေါင်းညိတ်ပဲလုပ်တတ်ဖို့ လေ့ကျင့်သင်ကြားပေးခဲ့တဲ့ ဝန်ထမ်းတွေကလည်း
အယောင်ဆောင်ယဉ်ကျေးမှုအောက်မှာ နေသားတကျဖြစ်နေခဲ့ကြတဲ့အတွက် အမှန်တရားဟာ တစစ ဝေဝါးလာ၊ စစ်မှန်တဲ့တန်ဖိုးတွေ တစစပျက်ယွင်းလာပြီး အမှားက အမှန်ဖြစ်လာ၊ မှားယွင်းဖောက်ပြန်တဲ့ တန်ဖိုးတွေက နေရာယူလာခဲ့ကြလို့ ကျနော်တို့ မြန်မာပြည် အောက်တန်းအကျကြီးကျခဲ့ရတာဟာ ငြင်းလို့မရတဲ့အချက်ပါ။
ခုလည်း မနေ့တနေ့က အာဏာရှင် စစ်ဗိုလ်ချုပ်တွေက လူဝတ်လဲဝတ်ပြီးတာနဲ့ ဒီမိုကရေစီလို့ ကြွေးကြော်နေကြပြန်ပါပြီ။ အတွေးအခေါ်တွေ ခုန်ပြန် ပြောင်းလဲကုန်ကြပြီလား။ ဒီအတိုင်း စစ်အာဏာရှင်နိုင်ငံအဖြစ် ဆက်သွားလို့မရတော့လို့ တဖြည်းဖြည်း ချောင်ပိတ်မိလာလို့ ၂၀၀ဂ ဖွဲ့စည်းပုံဆိုတာကို အကျအန ချည်ပြီးတုပ်ပြီး
ရေးဆွဲပြီး နာဂစ် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲဆိုတာနဲ့ အတင်းအတည်ပြု၊ ပြီးတာနဲ့ ၂၀၁၀ ရွေးကောက်ပွဲဆိုပြီး ပြည်သူလူထုနဲ့ နိုင်ငံတကာကို လိမ်လည် မျက်လှည့်ပြ တရားဝင် အရေခွံလဲ စစ်အစိုးရလုပ်ခဲ့တဲ့ အစိုးရက ဒီမိုကရေစီကို သံကုန်ဟစ်ပြီး ပြောလာသမျှတွေ၊ စွပ်စွဲလာသမျှတွေကို အရင်အစိုးရလက်ထက်ကဆိုပြီး ဘော်လီဘောပုတ်နေခဲ့ကြတာကို လူထုက သိနေပါတယ်။
ခုပဲ သူတို့ရဲ့ ရှင်ဘုရင်ရူး မြို့တော်ကြီးမှာ ကျင်းပပြုလုပ်ခဲ့တဲ့ အလုပ်ရုံဆွေးနွေးပွဲတခုမှာ သမ္မတဆိုသူက နိုင်ငံရဲ့ သယံဇာတရင်းမြစ်တွေဟာ နိုင်ငံဖွံဖြိုးတိုး
တက်ရေးအတွက် အရေးကြီးတဲ့အတွက် အဲဒီရင်းဖြစ်တွေကို အလွဲသုံးစားပြုသူ ဖျက်လိုဖျက်ဆီးလုပ်သူတွေဟာ နိုင်ငံကိုဖျက်ဆီးသူတွေ ဖြစ်တယ်လို့ ခုရက်ပိုင်းမှပဲ ပရိသတ် လူပုံအလယ်မှာ ချပြောပစ်လိုက်တာကို သတင်းမှာတွေ့လို့ရပါတယ်။
အတော်လည်း မျက်နှာပြောင်တဲ့ သမ္မတပါလားလို့ အံ့သြလိုက်မိတယ်။ အဲဒီ
သဘာဝရင်းမြစ်တွေကို ဘယ်သူတွေကများ ဖျက်ဆီး ပြုန်းတီးအောင်လုပ်ပစ်ခဲ့၊ လုပ်ပစ်နေကြဆဲပါလဲ။ သူကိုယ်တိုင် စစ်ဝန်ကြီးချုပ်အဖြစ် ပါဝင်ခဲ့တာကို အတိတ်မေ့သွားပုံပါပဲ။ ပြောတာကတော့ မျက်နှာထား အတည်ပေါက်နဲ့ပါ။ အဲဒီလိုပဲ လွှတ်တော်ဥက္ကဋ္ဌဆိုသူကလည်း ကြုံရင်ကြုံသလို လိမ်ဆင်တွေကို ထုတ်ဖော်ပြောဆိုတတ်တော့ ကာတွန်းဆရာတွေရဲ့ ပင်တိုင်ဇာတ်ကောင်တွေ ဖြစ်လာခဲ့တာလည်း ကြာပါပြီ။
ဒုကာကွယ်ရေးဦးစီးချုပ်ဆိုသူရဲ့ သတင်းမီဒီယာနဲ့ အင်တာဗျူးမှာလည်း တပ်မတော်ရဲ့သဘောထားကို ရှင်းရှင်းလင်းလင်းပဲ ပြောသွားတာ တွေ့ရပါတယ်။ သူတို့ကတော့ ၂၀၀၈ ဖွဲ့စည်းပုံကို အသက်ပေးပြီး ကာကွယ်သွားမှာပါပဲလို့ ပြောလိုက်တာပါပဲ။ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးပြီး အပြီးသတ်အညံ့ခံ ၂၀၀၈ ဖွဲ့စည်းပုံကို နာခံမလား၊ အပြုတ်တိုက်ပစ်လို့ရမလား ရွေးပါဆိုတဲ့ သဘောပါပဲ။ ဒါက တပ်မတော်ရဲ့ သဘောထားအမှန်ပါ။ တကယ်တမ်းက ကျနော်တို့က စစ်ဗိုလ်ချုပ် အာဏာရှင်တွေက သူတို့ တကွက်မှားသွားတာနဲ့ ဆွေစဉ်မျိုးဆက် ဘဝပျက်ပြီဆိုတာကိုသိကြတော့ စည်းလုံးညီညွတ်ကြပါတယ်။ ကျောချင်းကပ် ကာကွယ်ဖို့ အသင့်ရှိနေပါတယ်။
၂၀၀၈ နဲ့ အာဏာတည်မြဲရေးကို ထိပါးလာတာနဲ့ ဘယ်လိုကိုင်တွယ်တတ်တယ်ဆိုတာလည်း ကျနော်တို့
ဒီမိုကရေစီအင်အားစုတွေနဲ့ ပြည်သူလူထု သိပြီးဖြစ်ပါတယ်။ ခုပဲ ဒုတိယအကြိမ် လက်ပန်းတောင်းတောင်ဒေသ အကြမ်းဖက်နှိမ်နှင်းရေး စလုပ်နေပါပြီ။ နိုင်ငံရေးအကျဉ်းသားတွေကို ဖမ်းလိုက် လွှတ်လိုက်နဲ့
ဖမ်းလွှတ်ကစားနည်းကို ကျင့်သုံးမြဲ ကျင့်သုံးနေဆဲဖြစ်ပါတယ်။ ဒီအကြောင်းကို လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကတည်းက ကျနော် ခေတ်ပြိုင်ဂျာနယ်မှာ “စစ်အာဏာရှင်နဲ့ ဖမ်းလွှတ်ကစားနည်း” ဆိုပြီး ဆောင်းပါးတပုဒ် ရေးသား တင်ပြခဲ့ဖူးပါတယ်။ ခုလည်း သူတို့ရဲ့ နည်းဟောင်းကြီးအတိုင်းပဲ ဆက်သွားနေတာပါပဲ။ များများဖမ်း၊
နည်းနည်းလွှတ် (လိုအပ်ရင် ရာဇဝတ် အကျဉ်းသား များများထည့်လွှတ်) နဲ့ ဒီလိုပုံနဲ့ ကျနော်တို့ မြန်မာနိုင်ငံက အကျဉ်းထောင်တွေမှာ နိုင်ငံရေးအကျဉ်းသားတွေ တစတစ များလာပါလိမ့်အုံးမယ်။
ကျနော်တို့ စစ်အာဏာရှင်ဆန့်ကျင်ရေး၊ ဒီမိုကရေစီအင်အားစုတွေအနေနဲ့ နည်းလမ်းဟောင်းရော နည်းလမ်းသစ်တွေကိုရော အသုံးပြုပြီး ကွန်ပြူတာ ရီစတတ်လုပ်သလို တော်လှန်ရေး ရီစတတ် ပြန်လုပ်မှ
ရမယ့်အချိန်လို့ ယူဆမိပါတယ်။ ။
စိုးနေလင်း
အိုနာသခေရီးအစသို့ ကိုးရကျတာ..
2 months ago
No comments:
Post a Comment