Tuesday, November 26, 2013

အမေရိကရောက် ကျနော် ဒုက္ခသည် - ၃ (ထက်ရာဇာ)

ဒီလိုနဲ့ အိပ်လိုက်စားလိုက်နဲ့ တလလောက်နေအပြီးမှာတော့ အိုင်အာစီလို့ခေါ်တဲ့ ဒုက္ခသည်ကူညီတဲ့ရုံးက ကျနော့်ကို ဖုန်းဆက်လာပါတယ်။ (အဲဒီအချိန်အထိ ကျနော့်မှာ ဟမ်းဖုန်းမရှိသေးပါဘူး၊ အစိုးရက အလကားပေးထားတဲ့ အိမ်ဖုန်းသာရှိပါသေးတယ်။) နောက် ၃ ရက်ကြာရင် စက်ရုံတခုကို အလုပ်ဝင်ဖို့ အင်တာဗျူးသွားရဖို့နဲ့ သူတို့ အိမ်ကို ကားနဲ့လာကြိုပြီး စက်ရုံကိုပို့ပေးမှာဖြစ်ကြောင်း အကြောင်းကြားလာတာပါ။

၃ ရက်မြောက်တဲ့နေ့မှာတော့ ဒုက္ခသည်ကူညီရေးရုံးက ကားရောက်လာပြီး ၄၅ မိနစ်လောက်မောင်းရတဲ့ တခြားမြို့ကို စတင်ထွက်ခွာလာခဲ့ကြပါတယ်။ ကားပေါ်မှာ ဒုက္ခသည်ရုံးက အမေရိကန်မ ၂ ယောက်၊ ကျနော်နဲ့ အီရတ် အီရန်နဲ့ ဆိုမားလီးယားက ဒုက္ခသည် စုစုပေါင်း ၁၁ ယောက်ပါပါတယ်။ ကားမောင်းပြီး ၁၅ မိနစ်လောက်အကြာကြမှ အေဂျင်စီက အမေရိကန်မက စပြီး စကားစပါတယ်။ အခုသွားနေတဲ့စက်ရုံဟာ ကြက်သွန်နီတွေကို စည်သွပ်ဗူးသွပ်တဲ့စက်ရုံဖြစ်ပြီး အခုခေါ်လာတဲ့လူအားလုံး အလုပ်ရမှာဖြစ်ကြောင်းနဲ့ တနာရီကို ၈ ဒေါ်လာခွဲကနေ အမြင့်ဆုံး ၁၄ ဒေါ်လာထိရမှာဖြစ်ကြောင်းပြောတော့ ကျနော် အပါအဝင် ဒုက္ခသည်တွေရဲ့ အနာဂတ်စိတ်ကူးက ရွှေရောင်တောက်လာရပြန်ပါတယ်။ (အဲဒီတုန်းက ၈ ဒေါ်လာခွဲကိုသာမြင်ပြီး အမေရိကမှာ ၈ ဒေါ်လာခွဲဟာ အနိမ့်ဆုံးလစာဖြစ်ကြောင်းကိုလည်း မသိသေးတဲ့အချိန်ဖြစ်ပါတယ်။)


ဒီလိုနဲ့ စက်ရုံကိုရောက်တော့ စက်ရုံရဲ့မန်နေဂျာဖြစ်တဲ့ နန်စီလို့အမည်ရတဲ့ မက်ဆီကန်လူမျိုး အမျိုးသမီးတဦးက ကျနော်တို့ရဲ့ ကိုယ်ရေးအချက်အလက်တွေကို စာရွက်တွေမှာဖြည့်ခိုင်းပြီး အားလုံးအပြီးမှာတော့ စက်ရုံထဲကိုသွားပြီး လက်ရှိလုပ်နေတဲ့ စက်ရုံရဲ့ လည်ပတ်မှုတွေကိုပြသမှာဖြစ်တယ်လို့ ပြောပါတယ်။ တဆက်ထဲမှာပဲ safety head လို့ခေါ်တဲ့ ဖိုင်ဘာဦးထုပ်တွေနဲ့ မျက်မှန်တွေကို ထုတ်ပေးပါတော့တယ်။ ကျနော်တို့ဒုက္ခသည်တွေအားလုံးကလည်း အလုပ်ရတော့မယ်ဆိုတော့ ပျော်တပြုံးပြုံးပါပဲ။

ဒီလိုနဲ့ စက်ရုံတခါးဖွင့်လိုက်တဲ့အခါမှာတော့ ကျနော့်ဘဝဟာ လုံးဝပြောင်းလဲသွားတော့မယ်ဆိုတာ သိလိုက်ရပါပြီ။ တသက်လုံးတခါမှ မကြုံဖူးတဲ့ အလုံးလိုက်အရင်းလိုက် နှာခေါင်းထဲကိုဝင်လာတဲ့ ကြက်သွန်နီနံ့ဟာ လူကို မူးမေ့မလဲစေရုံတမယ်ပါပဲ။ မျက်မှန်တပ်ထားလို့သာ မျက်ရည်မကျပေမယ့် နှာခေါင်းထဲက သွေးကတော့ ဘယ်လိုမှ နေနိုင်ပုံမရပါ၊ နှာခေါင်းသွေးတွေ တတောက်တောက်ကျလာပါတယ်။ ကျနော်တင်ပဲလားဆိုတော့ ကျနော်နဲ့ပါလာတဲ့ ဒုက္ခသည်တွေလည်း ထိုနည်းလည်းကောင်းပါပဲ။

စက်ရုံထဲက လုပ်ငန်းခွင်တွေကိုလိုက်လံပြသအပြီး အပြင်ကိုပြန်ထွက်တဲ့အခါ စက်ရုံရဲ့မန်နေဂျာမ နန်စီက စကားစပြောပါတယ်။ (သူ့တကိုယ်လုံးလည်း ကြက်သွန်နီနံ့က မွှန်ထူနေတာပါပဲ) ဒီစက်ရုံမှာစလုပ်ပြီး ၁ လလောက်ထိ ကြက်သွန်နီရဲ့ အငွေ့အနံ့ကြောင့် နှာခေါင်းသွေးထွက်နေမှာဖြစ်ကြောင်းနဲ့ အားလုံးကို အလုပ်ခန့်လိုက်ကြောင်းပြောတော့ မနေနိုင်တဲ့ကျနော့်ပါးစပ်က သွားမေးမိပြန်ပါတယ်။ တယောက်ကို တနေ့ ကြက်သွန်နီ ဘယ်နှလုံးလှီးရသလဲဆိုတော့ နန်စီရဲ့အဖြေကတော့ တနေ့ကို လူတယောက် အလုပ်လုပ်ချိန် ၈ နာရီမှာ ကြက်သွန်နီပေါင်း ၁ သောင်းကျော်လှီးရတယ်လို့ ပြန်ဖြေတဲ့အခါ အမလေး အမေရိကရေလို့ အော်ငိုချင်စိတ်လည်း ပေါက်ခဲ့ပြန်ပါတယ်။

တဆက်ထဲမှာပဲ ကျနော့်ရဲ့ဗလခွန်အားနဲ့ ဘယ်လိုမှ တနေ့ ကြက်သွန်နီ အလုံးတသောင်းကျော်ကို မလှီးနိုင်ဘူးဆိုတာလည်း တွေးမိပြန်ပါတယ်။ ရှေ့အပတ်မှာ အလုပ်စဝင်ရမှာဖြစ်ကြောင်းနဲ့ မနက်ဖြန်မှာ မူးယစ်ဆေးဝါးသုံးစွဲမှု ရှိမရှိ ဆေးစစ်မှာဖြစ်ကြောင်းပြောကြားပြီး ကျနော်တို့နေထိုင်ရာ ဘိုအိုင်စီးမြို့ကို ပြန်လည်ထွက်ခွာလာကြပါတယ်။ အပြန်ခရီးကတော့ စက်ရုံကိုသွားတဲ့ခရီးနဲ့ အဆမတန် ကွာခြားသွားပြီ ဖြစ်ပါတယ်။ 

လာတုန်းကတော့ တနာရီ ၈ ဒေါ်လာခွဲနဲ့အလုပ်ရတော့မှာမို့ အားလုံးက ပျော်တပြုံးပြုံးနဲ့လာခဲ့ကြပေမယ့် အပြန်ခရီးမှာတော့ နှာခေါင်းသွေးတွေအလီလီနဲ့ တနေ့ကို ကြက်သွန်နီပေါင်း ၁ သောင်းကျော် လှီးရမယ်ဆိုတဲ့အတွေးက အနာဂတ်အိပ်မက်တွေကို ခြောက်သွေ့သွားစေခဲ့ပါပြီ။ နာရီဝက်လောက် စက်ရုံထဲကို ခဏဝင်ကြည့်တာတောင်မှ ကျနော်တို့စီးလာတဲ့ကားထဲမှာ ကြက်သွန်နီနံ့က လှိုင်လှိုင်ထွက်နေတာကိုကြည့်ရင် တနေ့ကို ၈ နာရီနဲ့ တပါတ် နာရီလေးဆယ် အလုပ်လုပ်ရင် ကျနော်တို့ကိုယ်မှာ ကြက်သွန်နီနံ့ ဘယ်လောက်စွဲနေမလဲဆိုတာ တွေးကြည့်ရုံနဲ့ ကြက်သီးလည်းထမိပါတယ်။

နောက်တနေ့ ဆေးစစ်ဖို့ အိုင်အာစီက အမေရိကန်မ ကျနော့်ကိုလာခေါ်တဲ့အခါမှာတော့ ကျနော် ဒီအလုပ်ကို လုံးဝ မလုပ်နိုင်ကြောင်း ငြင်းဆန်တဲ့အခါ ဒီအလုပ်ကိုမလုပ်ဘူးဆိုရင် အစိုးရကပေးထားတဲ့ အိမ်လခ၊ ဖုန်းဖိုး၊ မီးဖိုးနဲ့ စားသောက်စရာထောက်ပံ့ကြေးတွေကို ရပ်ဆိုင်းပစ်မယ်လို့ ပြန်ပြောလာတဲ့အခါ အမေရိက အစိုးရဟာ ဒုက္ခသည်တွေကို ကူညီတာမဟုတ်ဘဲ ဈေးပေါပေါနဲ့ရတဲ့ နိုင်ငံခြားက အလုပ်သမားတွေကိုခေါ်တယ်ဆိုတာ သဘောပေါက်မိပြန်ပါတယ်။

ဘာလို့လဲဆိုတော့ အမေရိကန်တွေဟာ ဒီလိုအလုပ်တွေကို ဘယ်သူမှ ဒီလိုဈေးနဲ့မလုပ်ဘူးဆိုတာရယ် အဲဒီကြက်သွန်နီစက်ရုံတခုလုံးလည်း မက်ဆီကန်လူမျိုးတွေနဲ့ ဘုမသိ ဘမသိ အမေရိကကို ရောက်တာမကြာသေးတဲ့ ဒုက္ခသည်တွေပဲဆိုတာလည်း နောက်မှ သိခဲ့ရတာဖြစ်ပါတယ်။ ဆိုတော့ ကျနော့်မှာ ရွေးချယ်စရာလမ်းက ပျောက်ဆုံးနေခဲ့ပါပြီ။ ကျနော် ဒီအလုပ်ကိုမလုပ်ရင် လမ်းဘေးမှာ တောင်းစားရမယ့်အခြေအနေကို ရောက်ရတော့မှာလား ဘယ်လိုမှမလုပ်နိုင်တဲ့အလုပ်ကို လုပ်မှာလားဆိုတဲ့ မေးခွန်းပေါင်းများစွာက ကျနော့်ခေါင်းထဲမှာ အချိန်ပြည့်နေရာယူခဲ့ပါပြီ။

ပွင့်ပွင့်လင်းလင်းနဲ့ အမှန်ဆုံးဝန်ခံရရင် ဘဝတသက်တာမှာ အင်မတန် စိတ်ဓာတ်အကျဆုံးအကြိမ်လို့ပဲ ပြောရမှာပဲဖြစ်ပါတယ်။ ထောက်လှမ်းရေး စစ်ကြောရေးနဲ့ အင်းစိန်ထောင်မှာ အရိုက်အနှက်ပေါင်းစုံ တိုက်ပိတ်ခံခဲ့ရတဲ့ စိတ်ရောလူပါ နာကျင်မှုတွေဟာ အမေရိကရောက်တဲ့အချိန်မှာ ရယ်စရာလိုဖြစ်သွားခဲ့တဲ့အတွက် အမေရိကန်အစိုးရရဲ့ဖိအားကိုလည်း လေးစားမိပြန်ပါတယ်။ 

ကဲ ကျနော် ဘယ်လမ်းကိုသွားမလဲ ဘာဆက်လုပ်ရမလဲ ။ 

ဆက်လက် ရေးသွားပါဦးမယ်။ 

ထက်ရာဇာ 
(ခေတ္တ) အမေရိက 




 

No comments: