Saturday, November 16, 2013

ကျနော်နဲ့ ခရီးကြမ်းလမ်း - ၂ (မင်းကျော်ခိုင်)

မွန်ပြည်သစ်ရဲ့ ဗိုလ်မှူးဆိုသူက ကျနော်တို့တယောက်ချင်းစီရဲ့မျက်နှာတွေကို သူ့လက်နှိပ်ဓာတ်မီးနဲ့ထိုးကြည့်ရင်း ကျနော့်ဘေးမှာထိုင်နေတဲ့ ရဲလွင်ရဲ့မျက်နှာကိုလည်း မြင်လိုက်ရော ဟာ... ဆရာပါလား၊ ဆရာ ကျနော့်ကို မမှတ်မိဘူးလား... ကျနော် ထွန်းအောင်လေ ဆရာ... ဆိုပြီး အံ့သြဝမ်းသာသွားတဲ့အသံ ကြားလိုက်ရတယ်။ ကျနော်လည်း ရဲလွင်ကို တံတောင်နဲ့တွတ်ပြီး မင်း ကြည့်ရှင်းလိုက်ဆိုတဲ့အထာပေးလိုက်တယ်။ 

ရဲလွင်က ဟာဗျာ... ခင်ဗျားမျက်နှာ ကျနော်မြင်မှမမြင်ရတာ ဘယ်လိုလုပ်မှတ်မိမှာလဲလို့ ပြန်မေးလိုက်တယ်။ အဲဒီမှာတင် ဗိုလ်မှူးထွန်းအောင်ဆိုတဲ့သူက သူ့မျက်နှာသူ သူ့ဓာတ်မီးနဲ့ပြန်ထိုးပြီး ဆရာ ကျနော် ဆရာ့ဆီမှာ တနင်္ဂနွေအပါတ်တိုင်း စာလာလာမေးခဲ့တာလေ၊ အဲဒီတုန်းက ကျနော်က ဘုန်းကြီးဝတ်ကြီးနဲ့ပါဆရာ... ဆရာ ဒါ ဆရာ့သူငယ်ချင်းတွေ မဟုတ်လား၊ ဘာမှမပူနဲ့ဆရာ၊ ကျနော် အားလုံးတာဝန်ယူတယ်ဆိုပြီး သူ့တပည့်ရဲဘော်တွေကို ဟေ့ ဒါ ငါ့ဆရာကွ၊ ငါ တက္ကသိုလ်မှာ စာပေးစာယူကျောင်းတက်တုန်းက ငါ့ကို စာအမြဲပြပေးတဲ့ ငါ့ဆရာပဲ...လို့ ပြောပြီးသကာလ ကျနော်တို့အုပ်စု ဓနိတောရွာထဲ ရင်ကော့ဝင်နိုင်ခဲ့ကြပါတယ်။ 


ဗိုလ်မှူးက ရဲလွင်ကို ဆရာရေ ကျနော်က မွန်ပြည်သစ်ပါတီဝင် ယူဂျီတယောက်အနေနဲ့ တက္ကသိုလ်မှာ ကျောင်းတက်ခဲ့တာဆရာ ဆိုပြီး သူ့တော်လှန်ရေးရည်မှန်းချက်တွေ စီကာရီကာပြောရင်း ကျနော်တို့နဲ့အတူ ရွာထဲလိုက်ခဲ့ပါတယ်။ ရွာက သူပြီးရင်ပြီးတယ်ဆိုတာ သက်သေတောင်ပြလိုက်ပါသေးတယ်၊ ကျနော်တို့အုပ်စုကို ရွာရဲ့ ချမ်းသာတဲ့ မိသားစုအိမ်တအိမ်မှာ တည်းခိုဖို့စီစဉ်ပေးတဲ့အပြင် ညစာကိုတောင် အိမ်မွေးဝက်တကောင် ချက်ချင်းပေါ်ခိုင်းပြီး ဝက်ဆီပြန်ဟင်းချက်ခိုင်းလိုက်တာပါပဲ။ 

အဲဒီတုန်းက စစ်အုပ်စုနဲ့ စစ်အာဏာရှင်စံနစ်ကို အမြစ်ပြတ်ချေမှုန်းကြဖို့ တော်လှန်ရေးစိတ်ဓာတ်အပြည့်ရှိကြတဲ့အချိန်။ ကျနော်တို့နဲ့အတူ နယ်စပ်ဒေသကိုထွက်လာကြတဲ့သူအားလုံးဟာ မြန်မာပြည်တော်လှန်ရေးအတွက် အင်အားစုကြဖို့၊ လက်နက်ကိုင်တိုက်ပွဲဆင်နွဲကြဖို့ နယ်စပ်ကိုထွက်လာကြတဲ့ လူတန်းစားပေါင်းစုံ ကျောင်းသား၊ လူငယ်၊ လူကြီး၊ ရဟန်းသံဃာ၊ ရှင်းရှင်းပြောရရင် လက်လုပ်လက်စားရော၊ ဆိုက်ကားသမားရော လူပေါင်းစုံဖြစ်ကြပေမယ့် အားလုံးမှာ တော်လှန်ကျောင်းသားစိတ်ဓာတ်နဲ့ ကိုယ့်ကိုယ်ကို ကျောင်းသားတွေလို့ တညီတညွတ်ထဲခံယူထားကြတဲ့အချိန်ပါ။ 

ဒါပေမယ့် လူအုပ်ကြီးက ၃ဝဝ ကျော်ဆိုတော့ တထောက်နားရမယ့်ရွာတွေရောက်ရင် တည်းခိုကြဖို့ အိမ်တွေကတော့ မတူကြပါဘူး၊ ရွာပြင်စပ်ကအိမ်တွေ ရောက်တဲ့သူကရောက်၊ လက်လုပ်လက်စား ရွာသားတွေအိမ်ကို ရောက်တဲ့သူကရောက်၊ ရွာသူကြီးအိမ် ရောက်တဲ့သူကရောက်၊ ကုန်စုံဆိုင်ပိုင်ရှင်တို့၊ လယ်ယာပိုင်ရှင်တို့လို ချမ်းသာတဲ့အိမ်တွေ ရောက်တဲ့သူကရောက်ပေါ့။ ကျနော်တို့ ရန်ကုန်သားအုပ်စု ၇ ယောက်ကတော့ ရဲလွင်ကောင်းမှု၊ မွန်ပြည်သစ်ပါတီ ဗိုလ်မှူးထွန်းအောင်ကောင်းမှုတို့နဲ့ ရောက်လေရာရွာတွေမှာ ညအိပ်နားကြရတဲ့အခါ သူကြီးအိမ်ဖြစ်ဖြစ်၊ သူဌေးအိမ်ဖြစ်ဖြစ်၊ ခြင်ထောင်တွေနဲ့ ကောင်းကောင်းမွန်မွန်တည်းခိုရတဲ့အပြင် ထမင်းဟင်း ကောင်းကောင်းချက်ကျွေးကြတာ ပြန်သတိရရင်း ကျေးဇူးတင်မိတယ်။ 

ဒါပေမယ့် အများစုကတော့ ကြုံသလို ကြုံရာအိမ်တွေမှာ ကြုံသလိုပဲ တည်းကြ စားကြရတာကို စိတ်မကောင်းဖြစ်ရတယ်။ ရွာခံတွေကတော့ သူတို့ရှိသမျှနဲ့ ဧည့်ခံကြတာကတော့ ရင်မှာကြည်နူးစရာပါ။ တော်လှန်ရေးအတွက်ထွက်လာကြတဲ့သူတွေ အားရပါးရစားကြတာကို ဘေးကနေထိုင်ကြည့်နေကြတဲ့ သူတို့အကြည့်တွေက အားကိုးတဲ့အကြည့်တွေ၊ ငါတို့ပြည်သူတွေ စစ်အုပ်စုရဲ့ အနိုင်ကျင့်မှုတွေအောက်ကနေ လွတ်မြောက်အောင်လုပ်ပေးကြမယ့်သူတွေဆိုတဲ့ အားကိုးတဲ့အကြည့်တွေဆိုတာ သူတို့မျက်လုံးတွေမှာ အထင်းသားပါ။ 

နောက်နေ့မနက်ရောက်တော့ ဗိုလ်မှူးထွန်းအောင်က ကျနော်တို့ကို လာပြောတယ်။ ရွာထဲမှာ ဆရာတို့လို ရန်ကုန်ကပါလာတဲ့ ကျောင်းသူနှစ်ယောက် အပါအဝင် ကျောင်းသား ၇ ယောက်ရှိတယ်။ အဲဒါဆရာတို့နဲ့ညှိပြီးပူးပေါင်းကြဖို့ဆိုပြီး လာပြောတယ်။ သူတို့ကိုကြည့်လိုက်တော့ တက္ကသိုလ်ကျောင်းသူ အရပ်မြင့်မြင့် ဆံပင်ရှည်ဖားလျားချထားတဲ့ ခပ်ချောချော မိန်းကလေးတယောက် နာမည်က မချို၊ နောက် ဆံပင်တိုတိုနဲ့ ကျောင်းသူတယောက် သူက မခိုင်၊ သူတို့နှစ်ယောက် အပါအဝင် အထက်တန်းကျောင်းသား ၅ ယောက်ရယ် ပေါင်း ၇ ယောက်နဲ့ တွေ့တယ်။ 

ဒါနဲ့ ရဲလွင်နဲ့ကျနော်က သူတို့ကို နားချတယ်၊ ဖြစ်နိုင်ရင်ပြန်ကြဖို့ တော်လှန်ရေးဆိုတာ ခရီးကြမ်းတဲ့အကြောင်း၊ သူတို့ကလည်း လုံးဝပြန်လှည့်ဖို့အစီအစဉ်မရှိဘူးဆိုပြီး အတင်းလိုက်မယ်၊ ဆုံးဖြတ်ပြီးသားဆိုပြီးပြောလာတော့ ကျနော်နဲ့ ရဲလွင်လည်း ကဲ မထူးဘူး လိုက်မယ်ဆိုလည်း လိုက်ခဲ့ကြတော့၊ ဒါပေမယ့် ဒို့က လူကြီးတွေအနေနဲ့ စည်းကမ်းတွေပြောပြတော့ အားလုံးက လိုက်နာပါ့မယ်ဆိုတဲ့ကတိနဲ့ ကျနော်တို့ ရန်ကုန်အုပ်စုဟာ ၁၄ ယောက်ဖြစ်သွားပါတော့တယ်။ 

နေ့ခင်းပိုင်း ၁ဝ နာရီလောက်မှာ အားလုံး ဗိုလ်မှူးထွန်းအောင်ရဲ့တပ်စိတ်နဲ့အတူ ခရီးဆက်ထွက်ခဲ့ကြတယ်၊ အားလုံးဟာ ၂ ယောက်တတွဲတန်းစီပြီး လမ်းဆက်လျှောက်ကြရတာပါ။ ဗိုလ်မှူးထွန်းအောင်က နားမယ်ဆို နား၊ ဆက်ထွက်မယ်ဟေ့ဆို ဆက်ထွက်ကြပေါ့။ ကျနော်တို့ တောနက်ထဲရောက်တဲ့အခါကျတော့ ကျနော်တို့အနီးဝန်းကျင်ကနေ ဖြတ်ပြေးသွားကြတဲ့ ဒရယ်တွေ၊ သမင်တွေ တွေ့ရသလို တောဝက်တွေ၊ တောကြက်တွေ၊ ဖြူတွေ တော်တော်တွေ့ရတယ်။

နေရောင်မထိုးနိုင်တဲ့ တောကြီးမျက်မည်းဆိုတာ စာတွေ ရုပ်ရှင်တွေထဲမှာပဲတွေ့ဖူးခဲ့ပေမယ့် ခုတော့ ကိုယ်တွေ့ကြုံရတာတွေပါပဲ။ လူ ၄ ယောက် ၅ ယောက် ဖက်စာလောက်ရှိတဲ့ သစ်ပင်ကြီးတွေ၊ နွယ်ပင်တွေ အထပ်တပ်ယှက်နေတဲ့ သစ်ပင်အိုကြီးတွေ ... ...။

နွယ်ပင်ဆိုလို့ ပြောပြဦးမယ် ကြုံခဲ့ရတာ...။ လမ်းမှာ ရေငတ်တဲ့အခါကျတော့ ရဲလွင်ဘေးမှာ မကြာမကြာ လာလာစကားပြောတတ်တဲ့ ဗိုလ်မှူးထွန်းအောင်ကို ရေငတ်တယ်ပြောလိုက်တော့ သူက စမ်းချေင်းကရေတွေကို မကြိုချက်ဘဲ မသောက်ကြဖို့သတိပေးရင်း တောထဲက သစ်ပင်ကြီးတပင်မှာ တွဲလောင်းကျနေတဲ့နွယ်ပင်ကြီးကို သူ့မှာအမြဲဆောင်ထားတဲ့ စစ်သုံးဓားနဲ့ လူတရပ်ကျော်အပိုင်းကို တိခနဲ ဖြတ်ချလိုက်တယ်။ အဲဒီမှာ နွယ်ကြိုးကြီးက ဓားနဲ့ဖြတ်လိုက်တဲ့နေရာကနေ ရေတွေကျလာတယ်လေ။ အဲဒါသောက်လို့ သူကပြောတော့ ကျနော်တို့ တယောက်တလှည့်နွယ်ကြိုးကြီးကို လက်ကဆွဲကိုင်ပြီး ပါးစပ်မှာတေ့ပြီးသောက်ကြတော့ ချိုမြနေတဲ့ရေ... နွယ်ချိုရေ... တောအကြောင်း တောင်အကြောင်း မကျွမ်းကျင်ကြတဲ့ကျနော်တို့မှာ နွယ်ချိုရေသောက်ပြီး တအံ့တသြပါပဲ...။ 

ဒီလိုနဲ့ တောထဲဝင်လိုက် ရွာထဲဝင်လိုက်နဲ့သွားကြရင်း ကျနော်တို့အုပ်စုကြီး ရေး-ထားဝယ်ကားလမ်းကိုဖြတ်ရမယ့်နေ့ ရောက်လာပါတော့တယ်။ ရေး-ထားဝယ် ကားလမ်းမှာ စစ်တပ်ကကားတွေ ၁၅ မိနစ်တခါဖြတ်ဖြတ်ပြီး ကင်းလှည့်နေကြတာကိုး။ စစ်တပ်က အာဏာသိမ်းထားပေမယ့် ကျနော်တို့ရောက်နေတဲ့နေရာက အမဲရောင်နယ်မြေလေ။ တခါတခါ တိုက်ပွဲမရှိရင် အညိုရောင်နယ်မြေပေါ့။ ကင်းလှည့်စစ်ကားတွေကြားက ဖြတ်ထွက်ဖို့က ကျနော်တို့ လူ ၃ဝဝ ကျော်အတွက် ၁၅ မိနစ်ဆိုတာ သိပ်မလွယ်ဘူးလေ။ 

ကျနော်တို့ အဲဒီ ရေး-ထားဝယ်ကားလမ်းကိုဖြတ်ဖို့ အဲဒီနားက လယ်ကွင်းတွေထဲမှာ ၃ ရက်ကြာအောင် စောင့်ခဲ့ရတယ်။ ကားလမ်းကိုဖြတ်ကူးဖို့ အခြေအနေပေးတဲ့အချိန်မှာ ကျနော်တို့ ကားလမ်းနားကိုရောက်ဖို့ ကိုက်ငါးဆယ်လောက်ရှိတဲ့ ရေတွေပြည့်နေတဲ့ လယ်ကွက်အဟောင်းကြီးကို ဖြတ်ရမယ်၊ တခြားနေရာရွေးလို့ မရဘူးလေ။ ဒီလယ်ကွက်ဟောင်းကို ဖြတ်လိုက်ပြီးပြီဆိုရင် တဆက်ထဲ ကားလမ်းဟိုဘက်ခြမ်းမှာက ဒူးယားဆိုတဲ့ရွာကြီးကို သွားရမယ့်လမ်းနဲ့ကကပ်နေလို့ လို့ ဗိုလ်မှူးထွန်းအောင်က ပြောပြတယ်။

ဖြတ်ရမယ့် လယ်ကွင်းပျက်ကြီးထဲမှာ ရေက အနက် ၄ ပေလောက်ရှိတယ်။ ဒါက ပြဿနာမရှိဘူး၊ ဒါပေမယ့် ပြဿနာက အဲဒီလယ်ကွင်းထဲက မျှော့တွေပဲ၊ လူကြီးတယောက်ရဲ့လက်တထွာလောက်ရှိတဲ့ တောမျှော့ကြီးတွေပါ၊ မျှော့ကြီးတွေကို ပါလာတဲ့တခြားမိန်းကလေးတွေ အမျိုးသမီးတွေက မမှုကြပေမယ့် ကျနော်တို့ ရန်ကုန်အုပ်စုထဲက မိန်းကလးကျောင်းသူနှစ်ယောက်က မျက်နှာတွေ မဲနေကြပြီ။ မှန်တာပြောရရင် ကျနော်တို့လည်း နည်းနည်းတော့ဖြုံသွားတာပဲလေ။ ဒါမျိုးကြုံဖူးဖို့မပြောနဲ့ ခုမှ မျက်မြင်ကိုယ်တွေ့ ဒီ တောမျှော့ကြီးတွေ တွေ့ရတာကိုး... ... ဘယ်လိုပဲဖြစ်ဖြစ် မျက်စေ့မိတ်ပြီး ဖြတ်ရတော့မှာပဲလေ... ဒီ တောမျှော့တောကြီးကို...။ 

ဆက်ပါဦးမည်။ 

မင်းကျော်ခိုင်


 

No comments: