မင်းနဲ့ငါနဲ့ ဝေးခဲ့တာ ဆယ်စုနှစ်တစုကြာခဲ့ပေါ့။
ငါ သတိရတယ် ရန်ကုန်။
ရန်တွေကုန်ခဲ့လို့
ရန်ကုန်လို့အမည်ရခဲ့တဲ့ မင်းဟာ
ခုတော့လည်း ရန်တွေပတ်လည်ဝိုင်းနေပါပေါ့ ရန်ကုန်။
မင်းရဲ့ ဒဏ်ရာအမာရွတ်တွေပေပွနေတဲ့ ကျောကုန်းပေါ်မှာ
ငါတို့မညှာမတာ ဖြတ်လျှောက်ခဲ့ဖူးတာကိုလည်း
သိပ်သတိရတာပဲ ရန်ကုန်။
ခုတော့ မင်းက သားသားနားနားများရှိမလားလို့
တကယ်တမ်းကြတော့
နေပြည်တော်ဆိုတဲ့မြို့ကို ထမီနားခိုစားနေတာတွေ့ရတော့
ငါ မင်းကို သနားတယ် ရန်ကုန်။
ရန်ကုန်
မင်းဟာ
ရေပေါ်ဆီလူတန်းစားတွေကို မွေးဖွားပေးခဲ့သလို
အနုပညာသမားတွေကိုလည်း နေရာပေးခဲ့တယ် ရန်ကုန်။
ဒီအတွက်လည်း
ငါတို့က
မင်းကျေးဇူးကိုမမေ့ပါဘူး ရန်ကုန်။
ရန်ကုန်
သူခိုးက လူပြန်ဟစ်တဲ့ခေတ်မှာ
လူပြန်ဖြစ်ရပြန်တော့လည်း
ငါ မင်းကို အပြစ်မပြောတော့ပါဘူး ရန်ကုန်။
ဒါပေမယ့်
ငြိမ်းချမ်းရေးစကားဆိုတာက
လဖက်ရည်ချိုပေါ့ကျလောက် သောက်မကောင်းဘူးဆိုတာ
ငါ သူတို့ကို ဘယ်လိုပြောပြရမလဲ ရန်ကုန်။
တခါတခါ
ရန်ကုန်ရဲ့ညတွေကို သတိတရပြန်တွေးကြည့်တော့
လွမ်းစရာတော့ကောင်းတယ် ရန်ကုန်။
ပြည်မြို့သား ကဗျာဆရာမောင်ချောနွယ်ဟာ
ပြည်မြို့မှာမွေးပြီး
ရန်ကုန်မှာ သေတယ်။
ပြည်မြို့သား ပန်းချီဆရာ ခင်ဝမ်းဟာ
ပြည်မြို့မှာမွေးပြီး
ရန်ကုန်မှာ သေတယ်။
အညာသားကြီး စာရေးဆရာအောင်ခက်ဟာ
ရွှေဘိုမြို့မှာမွေးပြီး
ရန်ကုန်မှာသေတယ် ရန်ကုန်။
သူပြောခဲ့သေးတယ်
စောစောသေတော့ စောစောဝဋ်ကျွတ်တာပေါ့တဲ့
ဒါပေမယ့်လည်း
အားလုံးက ရန်ကုန်မှာ ဝဋ်ခံနေရတာပါပဲ ရန်ကုန်။
ငါတို့ကတော့
မျက်ရည်စက်လက်နဲ့
ထွက်ပြေးလာခဲ့ကြပြီ ရန်ကုန်။
ကိုအောင်ဝေး
သစ်ကောင်းအိမ်
ကိုဆောင်းဝင်းလတ်
မခက်မာ
ပန်းချီသန်းဌေးမောင်
အားလုံးကတော့ မှောင်နဲ့မည်းမည်းက
မီးပျက်နေတဲ့ မင်းရဲ့ညတွေကို
မမေ့ပါဘူး ရန်ကုန်။
ရန်ကုန်
အူယားဖားယား
စာနယ်ဇင်းသမားတွေရဲ့ကြားထဲမှာလဲ
မင်းဟာ
အပျက်အပျက်နဲ့
နှာခေါင်းသွေးတွေထွက်နေပြီ ရန်ကုန်။
ကိုယ်ကြီးရင့်မာနဲ့
ဖျက်ချလို့မရတဲ့ ဗိုက်ကြီးသည်မတယောက်လို
လင်ကောင်မဖော်ချင်လည်းပဲ
မင်းမွေးရတော့မယ် ရန်ကုန်။
မောင်မင်းကြီးသား မောင်မြတ်ခိုင်ကလည်း
ရန်ကုန်မှာရှိနေတုန်းပဲ ရန်ကုန်။
ရန်ကုန်ရေ
ငါ့ချစ်သူငယ်ချင်း မိုးကျော်နဲ့
ရန်ကုန်မှာ ငါတို့မဆုံဖြစ်ခဲ့တာတော့
မင်းကို အားနာတယ် ရန်ကုန်။
လုစားယက်စား
ခေတ်သစ်စုဖုရားလတ်တွေရဲ့သားတွေ
မင်းမူခဲ့တာကိုလည်း
မင်း သည်းညည်းခံခဲ့တာကို
ငါ ဂုဏ်ယူမိပါတယ် ရန်ကုန်။
၃၃ လမ်းထိပ်က ခရေပင်ကြီးအောက်မှာတော့
ငါ့လွယ်အိပ်က ကြကျန်ခဲ့ပြီ ရန်ကုန်။
ခုတော့
ရန်ကုန်ရဲ့တိုင်းတနေရာမှာ
ငါ့ချစ်သူလေး အိုင်းအိုင်းကလဲရှိနေသလို
နှစ်သိမ့်စရာက
ဘယ်လိုပဲမှောင်မှောင်
ငါ့ဘဝမှာ လရောင်ရှိနေသေးတယ် ရန်ကုန်။
သွေးချင်းချင်းနီခဲ့တဲ့ရက်တွေကို ဖြတ်သန်းခဲ့တဲ့ ရန်ကုန်
လွမ်းမောစရာတွေကို မေ့မရစေခဲ့တဲ့ ရန်ကုန်
တုန်လှုပ်ခြောက်ခြားစရာတွေကို အံတုခဲ့တဲ့ ရန်ကုန်
အိပ်မက်လှလှတွေကို အရောင်ဆိုးပေးခဲ့ပြီးမှ
အိပ်မက်တွေကို ပြန်လုယူသွားတဲ့ ရန်ကုန်
ဘုရားကအောက်
မျောက်ကအထက် ရန်ကုန်
မိဘုရားနဲ့ မိဘုရား
လင်ကိစ္စစကားများကြတဲ့ ရန်ကုန်
စစ်သားက ဘုရားသားကိုသတ်
အဇာတသတ်ဇာတ်တွေ စစ်ခင်းကြတဲ့ ရန်ကုန်
ငိုစား ရယ်စား
ပုလိပ်မယားတွေ ဗျာများကြတဲ့ ရန်ကုန်
လည်ကတုံးလေး တကြွကြွ
ကချင်ပုဆိုးလေးတမမနဲ့
လျှောက်ခဲ့တဲ့လမ်းကို မေ့နေကြတဲ့ ရန်ကုန်။
ငြိမ်းချမ်းရေးဆိုတာကို
တဖွဖွပြောရင်း
ကိုယ့်ကျောပေါ်ကဒုတ်ရာကို
ကိုယ့်ဖာသာ လျစ်လျူရှုထားတဲ့ ရန်ကုန်။
အော်... ရန်ကုန် ... ရန်ကုန်
ကံမကုန်ကြသေးရင်တော့
ပြန်ဆုံကြသေးတာပေါ့ ရန်ကုန်။
ဒီလက်မျိုး (ခေတ္တ - အမေရိက)
စက်တင်ဘာ ၂၄ မနက် ၂ နာရီခွဲ
သရုပ်ဖော်ပုံကို ဒီက ယူပါတယ်။
No comments:
Post a Comment