Wednesday, November 13, 2013

နို့ဖိုးပျို - ၄ (အောင်ဦး)

ကလေးကျောင်း ထွက်ရတယ် 

အိမ်ကလေးတွေက ထိလုထိခင် ဘေးချင်းယှဉ်လို့နေလေတော့ ဟိုဘက်အိမ်က သက်ပြင်းချသံကို ဒီဘက်အိမ်က အတိုင်းသား ကြားနေရတတ်တယ်။ ဒီကြားထဲ အသံမစဲတဲ့ ရန်ပွဲလေးတွေလည်း မကြာမကြာနွှဲတတ်ပြန်တော့ စာဖတ်ရတာနဲ့၊ စာဖတ်ဖို့ အာရုံစုစည်းရတာ အတော့်ကို ခက်ပေတာပေါ့။ 

လက်တဝါးစာလောက် မှတ်စုစာအုပ်ကလေးတအုပ်နဲ့ ဘောပင်လေးတချောင်းလောက် ဆောင်ထားမယ်ဆိုရင်တော့ ဇာတ်လမ်းတိုလေးတွေ မှတ်တမ်းအဖြစ် ကျန်ရစ်ပေမပေါ့။ လူအမျိုးမျိုး ဘဝအထွေထွေဆိုတော့ကာ အသုံးအနှုန်းအမျိုးမျိုး၊ အတိုင်းအထွာအမျိုးမျိုး၊ တက်သံ၊ မြင့်သံ အပြင်းအထန်ပေါ့ဗျာ။ 

ထူးခြားတာတခုက ဘိုးစဉ်ဘောင်ဆက်နဲ့ချီလို့ စီကာပတ်ကုံးနဲ့ စိမ်ပြေနပြေရန်ဖြစ်တတ်တဲ့ စုံတွဲမျိုးတွေကို နောက်တကြိမ် ပြန်မတွေ့နိုင်တော့ဘူးဆိုပြီး ယူကြုံးမရဖြစ်မယ်ဆိုရင် ခင်ဗျားဟာ ပရိတ်သတ်ကောင်း (အိမ်နီးချင်းကောင်း) တယောက်ဖြစ်နိုင်ပါလိမ့်မယ်။ 

တကယ်ပါ အဲဒီမှာ လေးငါးနာရီလောက်ကြာတဲ့ ဇာတ်လမ်းအရှည်ကြီး (ရန်ပွဲကြီး) ကို (တစုံတွဲတည်း၊ တကြိမ်တည်း၊ တမျိုးတည်းမဟုတ်) ထိုင်နားထောင်ခဲ့ရဖူးပါတယ်။ အားရပါးရပြော၊ အားရပါးရဖြစ်ပြီးတော့ ဘာမှမဖြစ်ခဲ့ကြသလို မောင်ရေ၊ ခင်ရေနဲ့ အိုကေသွားကြပုံဟာ ကျနော့်တသက်နဲ့တကိုယ် ပထမဆုံး အတွေ့အကြုံပါ။ ခုတောင် ပြန်မြင်ယောင်မိသေးတယ်။ 


အဲဒီအချိန်မျိုးများကျရင် ဇာတ်လမ်းကောင်းပေမယ့် ကျနော်တို့ ဇနီးမောင်နှံနှစ်ဦးစလုံး နားသောတ မဆင်နိုင်ကြဘူး။ တယောက်က ‘ကလေးကျောင်း’ ထွက်ရတယ်။ (စကားလုံးက သုံးကောင်းမကောင်းတော့ မသိဘူး။ အဲဒီအတိုင်း သုံးချင်စိတ်ပေါ်လာတာနဲ့ သုံးလိုက်တာပါ။) ‘နွားကျောင်း၊ ကျွဲကျောင်း’ ထွက်တယ်လို့သာ သုံးလေ့ရှိတာကိုး။ ကလေးက အဲဒီအသံတွေကိုကြား၊ အဲဒီအဖြစ်အပျက်တွေကိုတွေ့ပြီး အဲဒါနဲ့ပတ်သက်တဲ့မေးခွန်းတွေကို မေးလာတော့တာ ပေါ့။ ကဲ ... ဘယ်လိုလုပ်မလဲ။ ကလေးနဲ့မတန်တဲ့ သင်ခန်းစာတွေ။ မဖွယ်မရာကို နိမ့်ကျလွန်းနေတယ်။ ဒီတော့ကာ ဘာလုပ်ရသလဲဆိုတော့ ကလေးကိုခေါ်ပြီး (ကိုယ့်ကလေးတယောက်ထဲ မဟုတ်ဘူး၊ အတူတူဆော့နေကြတဲ့ ကလေးတအုပ်လုံးကိုခေါ်ပြီး) ဘောလုံးကွင်းဘက်၊ ဈေးဘက်၊ အခြားအိမ်တန်းဘက်တွေကို လျှောက်သွားပေးရတယ်။ ကလေးတွေကို ဒါမျိုးတွေ မမြင်၊ မတွေ့၊ မကြား၊ မခံစားစေချင်ဘူးလေ။ (မိတ်ဆွေတို့ရေ ... သွားလေရာ ကိုယ်ဖတ်ဖို့ စာအုပ်လေးတအုပ်နဲ့ ကလေးတွေကျွေးဖို့ သကြားလုံးလေးတွေသာ ဆောင်ထားပေရော့။) 

ဖိုးထရက်ဖို့ဒ် စတေဒီယမ်

နို့ဖိုးက ဘဲကလော် (မယ်လဒုက္ခသည်စခန်း) နဲ့မတူ ထူးခြားတာက မြေပြန့်ကျယ်တဲ့နေရာတခုဖြစ်နေတာပါ။ အဲဒီမှာ ထင်ရှားတဲ့နေရာနှစ်ခုရှိတယ်။ တခုက ကိတ်မုန့်ကြီးကို တိခနဲလှီးထားသလို တုံးတိတိ မျက်နှာပြင်နဲ့ မားမားကြီးရပ်နေတဲ့ ကျောက်တောင်နံရံကြီး။ သူ့ရှေ့မှာ မန်ချက်စတာ ယူနိုက်တက်ပိုင်တဲ့ အိုးထရက်ဖို့ဒ်ကွင်းလောက်မကျယ်ပေမယ့် နို့ဖိုးနဲ့ရွာနီးချုပ်စပ်က ဝါသနာရှင်တွေ ချောင်ချောင်ချိချိကြည့်နိုင်လောက်တဲ့ နို့ဖိုးဂုဏ်ဆောင် “ဖိုးထရက်ဖို့ဒ် စတေဒီယမ်” ဘောလုံးကွင်းကြီးရှိတယ်။ အဲဒီ ဘောလုံးကွင်းကြီးကို စတိတ်ရှိုးစင်ကြီးတခုလို သဘောထားမယ်ဆိုရင် အဲဒီကျောက်တောင်ကြီးက နောက်ခံပိတ်ကားကြီးနဲ့တူပေသပေါ့။ 

သက်ဆိုင်ရာ ဘောလုံးအသင်းတွေက သက်ဆိုင်ရာ အမျိုးသားတွေကို အတိအကျနဲ့ တိုက်ရိုက်ကိုယ်စားပြုထားပါတယ်။ ယောင်လို့ပဲဖြစ်ဖြစ်၊ အမှတ်တမဲ့နဲ့ဖြစ်ဖြစ် စကားမှားလို့မရတဲ့အချက်ထဲမှာ ဘောလုံးနဲ့ သူတို့ဖွဲ့ထားတဲ့ ဘောလုံးအသင်းတွေအပေါ် သူတို့တတွေ အလေးထားကြတဲ့အချက်ပဲ ဖြစ်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အဲဒီ အားကစားအသင်းတွေ ကိုယ်တိုင်က မျိုးဆက်သစ် လူငယ်တွေ ဖြစ်နေလို့ပါပဲ။ 

ထင်ရှားတဲ့ဘောလုံးအသင်းတွေကတော့ ကေဝိုင်အို ဘောလုံးအသင်း၊ နို့ဖိုးစခန်းအသင်း၊ ကလော့ထောအသင်း၊ ရွာနီးချုပ်စပ်က ထိုင်း-ကရင် ဘောလုံးအသင်းတချို့၊ မူဆလင် လူငယ်အသင်း၊ မူဆလင် လူကြီးအသင်း စသဖြင့် ရှိကြပါတယ်။ (မူဆလင်လူငယ်နဲ့ မူဆလင်လူကြီးနှစ်သင်းစလုံးက လက်ရှိချန်ပီယံတွေပါ။ “၂၀၀၅ ခုနှစ် ကေဝိုင်အိုနေ့” ဖိတ်ခေါ်ပြိုင်ပွဲမှာ အခြားအသင်းတွေကို အနိုင်ယူပြီး ဖလားရယူထားကြတဲ့ အသင်းတွေပါ။) 

ကိုရွှေထိုင်းတွေ (ဂိတ်စောင့်တဲ့ အောဆော်) ကလည်း ဘောလုံးမှဘောလုံးပါပဲ။ သူတို့လည်း ပြိုင်ပွဲဝင်ကြပါတယ်။ ကျနော်တို့ ပီအိုစီတွေလည်း အဲဒီပွဲမှာ နှစ်သင်းခွဲပြီးတောင် ဝင်နွှဲခဲ့ကြသေးသပေါ့။ ခြေကတော့ တော်တော်လေးကွာပါတယ်။ ဘောလုံးတလုံးထဲကို နှစ်သင်းဝိုင်းလုကြရမယ်ဆိုတဲ့ ဖီဖာရဲ့စည်းကမ်းကို ပြင်မပေးဘူးဆိုတော့ ပီအိုစီတွေခြေထဲ ဘယ်မှာလာ ဘောလုံး ရှိပါ့တော့မလဲဗျာ။ 

နောက်တခုရှိသေးတယ်ဗျို့။ ရိုးရာလက်ဝှေ့သမားတွေက ဘောလုံးကန်ကြတော့ လေ့ကျင့်ထားတဲ့ ဘောလုံးသမားတွေ ကစားပုံနဲ့က မတူကြဘူးပေါ့ဗျာ။ သူတို့က သူများလို မြက်ခင်းပေါ် မကန်ကြဘူး။ ခြေပျံ၊ ဒူးပျံတွေနဲ့ လွှားခနဲ လွှားခနဲ ကန်ကြတာ အသဲတယားယားပဲ။ သူတို့နဲ့ ဘယ်သူမှယှဉ်မလုကြဘူး။ သူတို့နဲ့ထိပြီး အန်ထွက်လာတော့မှသာ ဆွဲပြေးကြတယ်။

နို့ဖိုးဘော်လုံးကွင်းကြီးအကြောင်းပြောရင် ‘နိုလီနာ’လို့ ကျနော့်ဘာသာ အမည်ပေးထားတဲ့ စိတ်ဝင်စားစရာကောင်းတဲ့ ပုဂ္ဂိုလ်တဦးကို ထည့်မပြောလို့ ဘယ်ဖြစ်လေမလဲဗျာ။ (ကမ္ဘာ့အကောင်းဆုံးဒိုင်လူကြီးရဲ့အမည်က ‘ကိုလီနာ’လေ) သူ မပါရင် ပွဲမမည်ဘူးလို့တောင် ရဲရဲကြီးပြောချရမှာပါ။ ခင်ဗျားသာ သူ့နဲ့တွေ့ပြီး သူနဲ့စကားပြောရရင် ဘုရားသခင်က နို့ဖိုးမှာ သူ့ကို ဒိုင်လူကြီးလုပ်ဖို့ စေလွှတ်လိုက်တာများလားဆိုပြီး သူနဲ့အလိုတူ ထင်မှတ်မိမှာ အမှန်ပါပဲ။ 

သန်းခေါင်ယံ အန်ဒါစတွဒ်

နောက်တခုက နို့ဖိုးမှာ စလောင်းတီဗွီတွေရှိသဗျ။ ကမ္ဘာအရပ်ရပ်ကဘောလုံးပွဲတွေကို အခမဲ့ကြည့်ခွင့်ရတယ်။ ကျနော်တို့တုန်းက မူဆလင်ဘောလုံးအသင်းသားတွေနဲ့ အပါတ်တိုင်း ကြည့်ဖြစ်တယ်။ ဒီမှာလည်း နောက်ထပ်လှတဲ့ ဟန်ချက်ကလေးတခုက ရှိပြန်ပါရောလား။ 

ကရင်လူကြီးတွေအိမ်မှာက တီဗွီနဲ့ စလောင်းနဲ့။ အဲဒီအိမ်မှာ မူဆလင်ဘော်လုံးအသင်းသားတွေနဲ့ ကျနော်တို့က အခမဲ့သွားကြည့်ကြတယ်။ တခါတလေ ကိုယ့်ဘက်ထရီအိုး ကိုယ်ထမ်းပြီး သွားကြည့်ကြတယ်။ ချန်ပီယံလိဂ်ပွဲတွေဆို ည တနာရီခွဲလောက်ကနေ မိုးလင်းပေါက်အောင် ကြည့်ရတာ။ ဓာတ်မီးတဝင်းဝင်းနဲ့ပေါ့ဗျာ။ 

မူဆလင်ဘောလုံးသမားလေးတွေက ကျနော်ဖတ်ဖို့ အပတ်စဉ်ထုတ် အားကစားဂျာနယ်တွေလည်း သူတို့ပဲ ဝယ်ပေးတယ်။ ကျနော်တို့တတွေကိုလည်း ခင်ကြမင်ကြတယ်။ 

အမှန်က ဆိတ်ငြိမ်ချိန် ည (၉း၀၀)နာရီ ကျော်ရင် အပြင်မထွက်ရဘူး။ စခန်းက ခန့်ထားတဲ့ (လုံခြုံရေးအဖွဲ့တွေ) လှည့်ကင်း ရှိတယ်။ ဘယ်လိုများညှိထားသလဲတော့ မသိဘူး။ လှည့်ကင်းက တခြားလမ်းက ရှောင်ပြီးသွားပေးတယ်။ တခါတလေ ပက်ပင်းတိုးလုတိုးခင်ဖြစ်တဲ့အခါများဆို သူဦးရင် သူကအရင် ဓာတ်မီးပိတ်ပေးတယ်။ ကိုယ်ဦးတဲ့အခါ ကိုယ်ကအရင် ဓာတ်မီးပိတ်ပေးရတယ်။ အင်္ဂလိပ်လိုပြောရင် ‘အန်ဒါစတွဒ်’ ပေါ့ဗျာ။ ညကြီးမင်းကြီးဆိုတော့ “သန်းခေါင်ယံ အန်ဒါစတွဒ်”ပေါ့။ ကဲ ... ဘယ်လောက်လှတဲ့ နို့ဖိုးလေးလဲ။

နို့ဖိုးမှာ အရှောင်အတိမ်းအကောင်းဆုံးကတော့ လှည့်ကင်းသမားတွေနဲ့ လက်ဝှေ့သမားတွေဖြစ်တယ်လို့ တိုးတိုးကြားရတယ်။ ဒါပေမယ့် လှည့်ကင်းသမားတွေက ပိုတော်ကြဆိုပဲ။ လက်ဝှေ့သမားတွေကတော့ ကြိုးဝိုင်းထဲမှာသာ ရှောင်ကြတိမ်းကြ၊ ထိုးကြ ကြိတ်ကြတာ။ လှည့်ကင်းသမားတွေကတော့ လမ်းပေါ်မှာပဲ ရှောင်ကြတိမ်းကြသတဲ့။ သူတို့ခမျာ ညကြီးသန်းခေါင် ဓာတ်မီးတဝင်းဝင်းနဲ့ လမ်းသလားနေတဲ့ ကျနော်တို့လို ဘောလုံးဝါသနာရှင်တွေကိုချည်း ရှောင်ရတာလားဆိုတော့ မဟုတ်သေးဘူးတဲ့ဗျ။ (အထူးသဖြင့် လကွယ်ညများဆိုရင်) ခပ်သုတ်သုတ်ထမ်းလာတဲ့ ဆန်အိတ်ကြီးတွေ၊ ဆီပုံးကြီးတွေ၊ ဆင်တံဆိပ် သံဗူးတွဲကြီးတွေကို မနည်းလွတ်အောင် ရှောင်ကြရတယ်ဆိုပဲ။ မလွတ်ရင် သူတို့ပါ ချောဆွဲခံရသလား ဒါမှမဟုတ် ကင်းမလှည့်ရတော့ဘူးလား မဆိုတတ်ပါဘူး။ ကဲ ... ရှောင်ပုံ တိမ်းပုံလေးကရော မလှပေဘူးလား။ 

ဆက်လက်ဖော်ပြပါမည်။ 


 

No comments: