ကိုယ့်ဖေ့စ်ဘွတ်ခ်စာမျက်နှာဆိုပေမယ့် မဟုတ်မမှန်တာတွေနဲ့ ကိုယ့်အတွက်ဖြစ်စေ၊ အများအတွက်ဖြစ်စေ အကျိုးမရှိတဲ့ အကြောင်းအရာတွေ မရေးဘူး။
သတင်းဌာနတချို့က ပုံမှန်သတင်းထောက်အဖြစ် သတင်းနဲ့ သတင်းဆောင်းပါးတွေ၊ ကွန်မင်ထရီ သတင်းတွေ ရေးပို့ဖို့ ကမ်းလှမ်းခဲ့ပေမယ့် ကိုယ့်အကြောင်းနဲ့ကိုယ် မရေးဖြစ်ဘူး။ ဖရီးလင့်စ် အလွတ်သတင်းထောက်အနေနဲ့ပဲ စိတ်ပါရင် ရေးတယ်၊ ကိုယ့်ဖေ့စ်ဘွတ်မှာ ကိုယ်ရေးတယ်ဆိုပေမယ့် ချင့်ချိန်စဉ်းစားပြီးရေးသလို ကိုယ့်အမြင်နဲ့ ခံစားမှုကို ချိန်ဆရေးတာဖြစ်တယ်။ ရမ်းသန်း မရေးဘူး၊ စည်းမဲ့ကမ်းမဲ့ ရေးနေရင် ကိုယ့်ကိုလည်း ဘယ်သူမှ ဆေးဖော်ကြောဖက်လုပ်မှာ မဟုတ်ဘူး...။
မနေ့က သတင်းဌာနတခုရဲ့ နော်ဝေးမီဒီယာတွေနဲ့တွေ့ဆုံပွဲတခုမှာ ကိုယ်လည်းတတ်ပြီး ဆောင်းပါးရေးသူတယောက်၊ အလွတ်သတင်းထောက်တယောက်အနေနဲ့ သိလိုတဲ့မေးခွန်းတချို့ သွားမေးတယ်။ တယောက်က ကိုယ်မေးတဲ့ မေးခွန်းကို မဖြေခင် ခင်ဗျားဖေ့စ်ဘွတ်မှာ အဲဒီ မေးခွန်းတွေ ဖတ်ရတယ်၊ ခင်ဗျားရေးထားတာ အမှားတွေလို့ အရင်ဆုံးပြောပြီး ကိုယ်မေးတာကို ဝေ့လည်ကြောင်ပတ်နဲ့ မဖြေသွားဘူး။
နောက်တယောက်က ဖေ့စ်ဘွတ်မှာရေးတာ အသိအမှတ်မပြုဘူး၊ ဘယ်သတင်းဌာနကို ကိုယ်စားပြုသလဲလို့ မျက်စိမျက်နှာတွေပျက်ပြီး မေးပြန်တယ်။
သတင်းဌာနတခုကို ဦးဆောင်နေသူတွေက အလွတ်သတင်းထောက်၊ ဆောင်းပါးရေးသူ၊ ဘလော့ဂါ၊ စီတီဇင်ဂျာနယ်လစ်စ်တွေရဲ့အခန်းကဏ္ဍကို ဘာဖြစ်လို့ အသိအမှတ်မပြုချင်ရတာလဲ၊ ဘာဖြစ်လို့ စိုးရိမ်ကြောက်ရွံ့နေရတာလဲ၊ ဘာအမှားတွေ ကျူးလွန်ခဲ့ကြလို့ ပြင်ပ ဆောင်းပါးရှင် သတင်းထောက်တယောက်ရဲ့မေးခွန်းကို ရင်မဆိုင်ရဲတာလဲ...။
ကျနော်တို့နိုင်ငံမှာ ဖေ့စ်ဘွတ်ကို လူတိုင်း ဘာကြောင့်သုံးရသလဲဆိုတဲ့ အကြောင်းအချက်တွေထဲမှာ... အရေးကြီးတဲ့ အကြောင်းအရင်း ၂ ခုက နိုင်ငံရေး လွတ်လပ်မှုမရှိလို့ ရယ်၊ စာနယ်ဇင်းလွတ်လပ်မှု မရှိလို့ရယ်ဆိုတာ ထင်ရှားတယ်။ တိုင်းသူပြည်သားတွေ အခြေခံအခွင့်အရေးနဲ့ ရပိုင်ခွင့်တွေရှိမယ်ဆိုရင် ဖေ့စ်ဘွတ်ထဲမှာ နိုင်ငံရေးအကြောင်းတွေ တိုင်းရေးပြည်ရေးတွေ ရေးနေပြောနေကြမှာ မဟုတ်ဘူး။ အခု အစိုးရဝန်ကြီးတွေ၊ နိုင်ငံရေးသမားတွေတောင် ဖေ့စ်ဘွတ်ကို နိုင်ငံရေးနဲ့ ဝါဒဖြန့်လက်နက်တခုလို အသုံးပြုနေကြတာဆိုတော့ နိုင်ငံရေးလွတ်လပ်မှုကို ဖေ့စ်ဘွတ်က မီးမောင်းထိုးပြနေလို့ဆိုတာ ထင်ရှားတယ်။
နောက်တခုက သတင်းလွတ်လပ်ခွင့်မရှိလို့ ဖေ့စ်ဘွတ်ကို သတင်းစာမျက်နှာတခုလို ဖတ်ရှုအားပေးကြတာပါ။ မိမိတို့ဖော်ပြလိုတဲ့ (အစိုးရ၊ အာဏာပိုင်၊ ဂျာနယ်တိုက်ပိုင်ရှင်၊ စစ်တပ်၊ စစ်ခေါင်းဆောင်ဟောင်း၊ ခရိုနီတချို့ မနှစ်မြို့တဲ့) နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး၊ လူ့အခွင့်အရေး သတင်းတွေကို ဂျာနယ်တွေ မှိုလိုပေါက်နေတဲ့ ဒီခေတ်ကြီးမှာ လွတ်လွတ်လပ်လပ် ဖော်ပြကြလို့လား၊ ရေးရဲကြလို့လား။ သူတို့ မရေး၊ မဖော်၊ မထုတ်ကြလို့ လွတ်လပ်တဲ့ ဖေ့စ်ဘွတ် ဆိုရှယ်မီဒီယာပေါ် တက်ရေးကြတာပေါ့...။ ဖေ့စ်ဘွတ်ဟာ သတင်းလွတ်လပ်ခွင့်ရဲ့ ထွက်ပေါက်တခုဖြစ်တယ်။
ဖေ့စ်ဘွတ်မှာ ကျနော့် ဆောင်းပါးတွေကြိုက်လို့ တချို့ ဂျာနယ်တွေ၊ မဂ္ဂဇင်းတွေနဲ့ သတင်းစာတွေကတောင် ခွင့်တောင်းပြီးရော၊ ခွင့်မတောင်းဘဲရော သူသုံးကြတာပဲလေ...။ ကျနော်ကလည်း ဘယ်သူ့မဆို ခွင့်ပြုပြီးသား။ ဒါနဲ့များ သတင်းမီဒီယာတခုကို ထိန်းကျောင်းနေသူတွေက ဘာကြောင့် ဖေ့စ်ဘွတ်မှာ ရေးတာကို အသိအမှတ်မပြုရဲတာလဲ။ ဖေ့စ်ဘွတ်ကို အယုံအကြည်မရှိရင် အသိအမှတ်မပြုရင် သတင်းသမားအလုပ် မလုပ်နဲ့။ သတင်းကို အရင်းပြုပြီး ထမင်းအချောင်မစားနဲ့။ သတင်းလုပ်ငန်းနဲ့ စီးပွားမလုပ်နဲ့။ ဖေ့စ်ဘွတ်နဲ့ သတင်းသမားဆိုတာ ငွေအကြွေစေ့ရဲ့ ခေါင်းနဲ့ပန်းဖြစ်တယ်။ မြန်မာပြည်မှာ ဖေ့စ်ဘွတ်ကို သတင်းမီဒီယာတခုလို အားကိုးယုံကြည်စွာ ဖတ်ရှုနေကြတယ်။
ဒီတော့ ဖေ့စ်ဘွတ်ပေါ်က ကျနော်ရေးတဲ့သတင်းကို ကိုယ့်ကိုယ်ကို တာဝန်ခံမှုနဲ့ ရေးတာဖြစ်တယ်။ ကိုယ့်သတင်းဆောင်းပါးကို အတတ်နိုင်ဆုံး စုံစမ်းလေ့လာ၊ ဆက်သွယ်မေးမြန်းပြီး စိတ်ပါလက်ပါ ရေးတာဖြစ်တယ်။ ထမင်းစားရဖို့ စာရေးနေတာမဟုတ်ဘူး။ ဝါသနာနဲ့ ခံယူချက်၊ ယုံကြည်ချက်ကြောင့်စာရေးနေတာ ဖြစ်တယ်။ စာကို ရေးချင်လို့ ရေးနေတာဖြစ်တယ်။ ဘယ်သူက ဟန့်တားဟန့်တား၊ နေရာပေးပေး မပေးပေး ကိုယ်ရတဲ့နေရာမှာ ဖြစ်အောင်ရေးမယ်။ ကိုယ်ရေးချင်တဲ့ သတင်းအချက်အလက်တွေကိုလည်း ဘယ်သူပြောပြော၊ မပြောပြော ရအောင်စုံစမ်းဖော်ထုတ်ပြီး ရေးမယ်။ ဘူးအပေါက်တရာနဲ့ ပါးစပ်ပေါက် တပေါက် ဘယ်ဟာ လုံအောင်ပိတ်နိုင်မလဲ စဉ်းစားကြည့်ပေါ့...။
ကိုယ့်သတင်းက မှားတယ်ဆိုရင်၊ ဥပဒေအရ တရားစွဲလိုက်ပါ။ စိန်ခေါ်တယ်။
အင်တာဗျူးရာမှာရော၊ ကလောင်ကိုင်ရာမှာပါ ဘယ်သူ့ကိုမှ
နှုတ်မဆွံ့၊ လက်မရွံ့ တဲ့ ကိုညိုပါ။
ကိုညို (အော်စလို)
အိုနာသခေရီးအစသို့ ကိုးရကျတာ..
2 months ago
No comments:
Post a Comment