Friday, November 29, 2013

ကျနော်နဲ့ ခရီးကြမ်းလမ်း - ၈ (မင်းကျော်ခိုင်)

ကျနော် ကံကောင်းတယ်ပဲပြောကြပါစို့။ နယ်စပ်ကအထွက် ရဲဂိတ်မှာ ကားပေါ်က တခြားခရီးသည်တွေကို စစ်ကြပေမယ့် ကျနော် အစစ်မခံရဘူး၊ လွတ်လွတ်ကျွတ်ကျွတ်ပဲ ဘန်ကောက်ကိုရောက်သွားခဲ့တယ်။ ဘန်ကောက်ရောက်တော့ အဝေးပြေးကားဂိတ်တွေက မတူကြဘူး၊ ထိုင်းနိုင်ငံတောင်ပိုင်းဆိုရင် တနေရာမှာ၊ ထိုင်းနိုင်ငံမြောက်ပိုင်းဆိုရင် တနေရာ။ ဘယ်သူ့မှလည်း မမေးရဲဘူး၊ မဲဆောက်ကားဂိတ်ဘယ်မှာလဲဆိုတာ။ ရဲတွေ အဖမ်းကြမ်းတယ်ဆိုတာ စမ်ခက သူငယ်ချင်းတွေပြောတာ သတိရပြီး လန့်တာလည်း ပါတာပေါ့။ 

အဖမ်းခံရမှာမကြောက်ပေမယ့် လောလောဆယ်ဘာတခုမှ အဆက်အသွယ်မရသေးခင် လုပ်ငန်းကိစ္စမပြီးသေးခင် အဖမ်းခံလို့မဖြစ်သေးဘူးလေ။ အဲဒီလိုနဲ့ ထိုင်းစကားမတတ်တဲ့ ကျနော်၊ ဘာလက်မှတ်၊ ဘာပတ်စ်ပို့မှမရှိတဲ့ ကျနော် ယောင်လည်လည်နဲ့ တွေ့ရာဘတ်စ်ကားစီးပြီး အလွန်ကျယ်တဲ့ ကွင်းကြီးတခုကို ရောက်သွားတယ်။ ကွင်းကြီးနားမှာ ကျနော်တို့ဆီက ရွှေရောင်စေတီတွေလိုမျိုးတွေ (ထီးတော်မပါတာကလွဲလို့) အုတ်တံတိုင်းအမြင့်ကြီးတခုနောက်ကွယ်မှာတွေ့ရတော့ ဘုန်းကြီးကျောင်းလား၊ ဘာလားပေါ့။ နောက်မှ ထိုင်းနိုင်ငံရဲ့ နာမည်ကြီး မြဘုရားနေရာဆိုတာ သိရတယ်၊ 

အဲဒီမြဘုရားရဲ့အနီးမှာက တော်တော်ကျယ်ပြီး သန့်ပြန့်တဲ့ ထိုင်းဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းတခု တွေ့တယ်၊ ကျောင်းနာမည်က ဝပ်ဖို (WAT PO)၊ ဒါတွေက နောက်မှသိရတာပါ။ မနက်ပိုင်း ဘန်ကောက်ကိုရောက်ပြီး ဘတ်စ်ကားစီးလာခဲ့တာဆိုတော့ ဒီကွင်းကြီးထဲရောက်တော့ နေ့လည် ၁၂ နာရီကျော်နေပြီ။

ဗိုက်ဆာတာနဲ့ အနီးဝန်းကျင်ကိုကြည့်လိုက်တော့ အသားကင်တွေ၊ တုတ်ချောင်းလေးတွေနဲ့ ကြက်သား၊ ဝက်သားတွေထိုးပြီး မီးကင်ပြီးရောင်းနေတာတွေ့တယ်၊ လက်တွန်းလှည်းကလေးနဲ့ပါ။ ဘာစကားမှမပြောဘဲ အသားကင် ၂ ချောင်းလောက် လက်ညှိုးထိုး၊ ဈေးသည်က ဘာပြောပြော ဘာမှပြန်မပြောဘဲ ပိုက်ဆံအိတ်ထဲက ထိုင်းဘတ်ငွေ ၂ဝ တန်တရွက် ထုတ်ပေးလိုက်တယ်။ စိတ်ထဲ ဘတ်နှစ်ဆယ်ဆိုရင် လောက်ကောင်းပါရဲ့ပေါ့။ နယ်စပ်က စမ်ခပူရီမှာဆို ဒီလိုမျိုး အသားကင်တုတ်ထိုး ၃ ချောင်းမှ တဘတ်ပဲရှိတာ၊ ဘန်ကောက်မှာလည်း ဒီလောက်ပဲလို့ မှန်းတာကတကြောင်း၊ ထိုင်းစကားမတတ် လက်မှတ်မရှိတော့ ကင်းရာကင်းကြောင်း ခပ်တည်တည်နဲ့ ပိုက်ဆံအရွက်ကြီးပေးလိုက်၊ သူပြန်အမ်းသမျှ ကိုယ်ပြန်ယူလိုက် ရှင်းရောဆိုတဲ့ပုံစံနဲ့ပေါ့။ သူပြန်အမ်းတာကြည့်လိုက်တော့ အသားကင် ၂ ချောင်း တဘတ်ဆိုတာ သိလိုက်တယ်။ ဈေးသည်က ထိုင်းလိုတွေ ကျနော့်ကိုမေးနေသေးတယ်၊ ကိုယ်ကလည်း ဘာမှနားမလည်၊ ခေါင်းခါပြီး ထွက်လာခဲ့တယ်။

ခပ်လှမ်းလှမ်းကနေ အသားကင်ကိုကိုင်ရင်း သူ့ဆိုင်ကိုကြည့်နေတာ သူ ကျနော့်ကိုမေးတာ ကောက်ညှင်းယူမလားလို့မေးတာဆိုတာ သိလိုက်တယ်၊ တခြားဈေးဝယ်သူတွေကို သူ့လက်နဲ့ ပချုပ်လိုလို တောင်းကလေးထဲကနေ ထုတ်ထုတ်ပေးနေတာကို တွေ့မိလို့လေ။ အငွေ့တထောင်းထောင်းထနေတာမြင်ရတော့ ကျနော်လည်း ဟန်မဆောင်နိုင်တော့ဘူး၊ ဗိုက်ကတော်တော့်ကိုဆာနေတာကိုး။ ဒါနဲ့ ဆိုင်တခေါက်ပြန်သွားပြီး ဘယ်လိုရောင်းမှန်းမသိတော့ ကောက်ညှင်းပေါင်းထည့်ထားတဲ့ ပချုပ်ကိုလက်ညှိုးထိုးပြပြီး ၅ ဘတ်တန်တရွက် ထုတ်ပေးလိုက်တယ်။

ဈေးသည်အဒေါ်ကြီးက ကျနော့်ကို မှတ်မိတယ်၊ ခုနက သူ ကျနော့်ပြန်အမ်းထားတဲ့ ပိုက်ဆံသိထားတော့ ထိုင်းလိုပြောလည်းပြော လက်ဟန်ခြေဟန်တွေ ပါပါလာတယ်။ သူပြုံးပြုံးကြီးနဲ့ပြောလာတော့ ကျနော်လည်း ရယ်ပြီး ခုနက သူအမ်းတဲ့အကြွေစေ့တွေ အိတ်ထဲကနေထုတ်ပြတော့မှ သူ့ပါးစပ်က တတွတ်တတွတ်ရွတ်ရင်း ကျနော့်လက်ထဲက တဘတ်စေ့အကြွေစေ့ကိုယူပြီး ပူပူနွေးနွေး ကောင်းညှင်းပေါင်းတထုပ် ထုတ်ပေးပါတယ်။ ဒါနဲ့မပြီးသေးဘူး၊ ကျနော့်ကို ထိုင်းလိုတွေ ထပ်ပြောနေပြန်ရော ကျနော်လည်း ဘာပြန်ပြောရမှန်းမသိဖြစ်နေတုန်း သူက လှည်းအောက်ထဲက ရေခဲစိမ်ထားတဲ့ ရေဘူးနဲ့ တခြားအချိုရည်ပုလင်းတွေ ထုတ်ပြတော့မှ သြော်... ရေသောက်ဖို့ သတိရပြီး ရေတဘူးလှမ်းယူလိုက်တယ်။ အဒေါ်ကြီးပဲ ကျနော့်လက်ထဲက ထိုင်းပြား ၅ဝ စေ့တစေ့ ယူသွားပါတယ်။ ကျနော်လည်း ဈေးသည်အဒေါ်ကြီးကို ကျေးဇူးတင်ကြောင်းအမူအယာနဲ့ ခေါင်းလေးညွှတ်ပြပြီး ကွင်းထဲတနေရာ မြက်ခင်းပြင်မှာထိုင်ရင်း နေ့လည်စာလိုလို ညစာလိုလိုဖြစ်သွားမယ့် ကောက်ညှင်းပေါင်းနဲ့ ကြက်သားကင်စားရင်း ရှေ့ဘယ်လိုစခန်းသွားရမလဲဆိုတာ စဉ်းစားကြံစည်ရပါတော့တယ်။ 

ဘန်ကောက်မြဘုရားရှေ့က ကွင်းပြင်ကြီးထဲ ထိုင်လိုက်၊ ရေဘူးထဲကရေကို နည်းနည်းချင်းချွေသောက်လိုက်နဲ့ တဖြည်းဖြည်း မှောင်စပြု ညခင်းရောက်လာပြီ။ လူကလည်း နေ့လည်နေအပူဒဏ်ကြောင့် ထွက်ထားတဲ့ချွေးတွေနဲ့ စီးကပ်စီးကပ်ဖြစ်နေပြီး ရေချိုးချင်စိတ်ကလည်း တဖွားဖွား... ဒါပေမယ့် ဘာမှမတတ်နိုင်ဘူးလေ၊ မဲဆောက်ကားဂိတ်ကိုသွားဖို့ ဘယ်သူ့ကို ဘယ်လိုမေးရမလဲ စဉ်းစားနေရတယ်။ တက္ကစီစီးဖို့ကလည်း ထိုင်းစကားမတတ်တော့ တော်ကြာ တက္ကစီသမားက ရဲစခန်းပဲမောင်းသွားမလား၊ ရဲကိုပဲလက်တို့လိုက်မလား ပူပန်မှုမျိုးစုံနဲ့ ကြံရာမရဖြစ်နေတယ်။ စွန့်စားရဲတယ်ဆိုပေမယ့် တခါတခါ ပူပင်မှုတွေကတော့ အတွေးထဲဝင်လာတာပဲလေ။

ည ၈ နာရီလောက်မှာ ကျနော့်အနားက လူငယ်တယောက်၊ မှန်းခြေ ကျနော့်အသက်လောက်ပဲရှိမှာပါ။ သူ့ကို ခပ်တည်တည်နဲ့ အင်္ဂလိပ်စကားပြောတတ်သလားဆိုပြီး မေးကြည့်မိတယ်၊ သူကလည်း ပြောတတ်တယ်၊ ဘာကူညီရမလဲပေါ့ ပြန်မေးတယ်။ ကျနော်လည်း အားတက်သွားပြီး ငါ မဲဆောက်ကိုသွားချင်လို့ ကားဘယ်ကစီးရမလဲလို့မေးတော့ ကျနော်ပြောတဲ့ မဲဆောက်ဆိုတဲ့စကား သူ နားမလည်။ ထိုင်းလို အသံအမှန်ဘယ်လိုထွက်သလဲဆိုတာတော့ မသိဘူး၊ ကြိုးစားရှင်းပြတယ်၊ သူကလည်း နားမလည်။ ဒါနဲ့ အိုကေ တောင်းပန်ပါတယ်၊ ကျေးဇူးလည်းတင်ပါတယ်ဆိုပြီး ကျနော် တဖက်လှည့်ထွက်လိုက်တယ်။ 

သူကလည်း နိုးပရော်ဘလန်ဆိုပြီး ကျနော့်နောက်လိုက်လာပြီး မင်း ဘယ်နိုင်ငံကလဲလို့ မေးတယ်။ ကျနော့်စိတ်ထဲ သူ့ကြည့်ရတာ လူကောင်းသူကောင်းတယောက်ပုံမို့ ငါ မြန်မာပြည်ကလာတဲ့ ကျောင်းသားလို့ပြောလိုက်တော့၊ ဝမ်းသာအားရ အမူအယာနဲ့ ကျနော်တို့ မြန်မာကျောင်းသား အရေးအခင်းကိုသိတဲ့အကြောင်း၊ တီဗွီသတင်းတွေမှာ ကြည့်ရကြောင်း သူတတ်သမျှ အင်္ဂလိပ်စကားနဲ့ ပြောပြပြီး ကျနော့်ကို ဘယ်မှာတည်းသလဲလို့မေးတယ်၊ အမှန်အတိုင်းပဲ သူ့ကိုပြောလိုက်တယ်၊ ဒီနေ့မနက်မှ ဘန်ကောက်ကိုရောက်တာ၊ တည်းစရာလည်း မရှိဘူး အသိလည်းမရှိဘူး၊ မဲဆောက်ကိုသွားမလို့ လို့ပြောပြပေမယ့် မဲဆောက်ဆိုတဲ့စကားလုံးကလွဲလို့ ကျန်တာ သူ နားလည်တယ်။ ဒါနဲ့ ဟောင်းခန်အိုင်ဟယ့်ပ်ယူ (ငါ ဘယ်လိုကူညီရမလဲ) လို့ မေးလာပြန်တာနဲ့ ငါ လောလောဆယ်ရေချိုးချင်တယ်၊ မင်းအိမ်မှာလိုက်ပြီး ရေချိုးလို့ရမလားလို့ မေးလိုက်တော့၊ ရတယ် လိုက်ခဲ့ဆိုပြီး ကျနော့်ကို သူတည်းတဲ့ ဟိုတယ်ကိုခေါ်သွားတယ်။ သူက နယ်ကလာတာတဲ့ ဘန်ကောက်မှာ အလုပ်လုပ်တယ်လို့ လမ်းမှာရှင်းပြတယ် သူ့အကြောင်းကို။ 

ကွင်းပြင်ကြီးနဲ့ သိပ်မဝေးဘူး၊ သူ တည်းတဲ့ ဟိုတယ်ရောက်သွားတယ်။ ဟိုတယ်နာမည်က ထူးထူးဆန်းဆန်း ၉၈ တဲ့၊ အင်္ဂလိပ်လို 98 ဆိုပြီး ရေးထားတယ်။ သူ့အခန်းရောက်တော့ ကုတင်က ၂ ယောက်အိပ် ကုတင်တလုံး၊ သူ့အိတ်လို့ထင်တဲ့ ခရီးသွားအိတ်ကြီးတလုံးတွေ့တယ်။ အခန်းထဲက စားပွဲပေါ်မှာတော့ သောက်ပြီးသား ဘီယာပုလင်းအခွံ ၄ လုံးတွေ့တယ်၊ ကျနော်လည်း ကျေးဇူးပဲဆိုပြီး ပါလာတဲ့ ကျောပိုးအိတ်ကိုချ၊ ဟိုတယ်က မျက်နှာသုတ်ပဝါတထည် ခါးပါတ်လိုက်ပြီး အရေးကြီးတဲ့ပိုက်ဆံအိတ်ပါယူပြီး ရေချိုးခန်းထဲဝင် အားရပါးရ ရေချိုးပစ်လိုက်တော့တယ်၊ စိတ်ထဲကလည်း မောင်မင်းကြီးသားကို မေတ္တာပို့လိုက်ပါသေးတယ် ကျန်းမာပါစေ ချမ်းသာပါစေပေါ့။

လူလည်း ရေချိုးပြီး တော်တော်လန်းသွားတယ်။ ရေချိုးခန်းကထွက်လာတော့ သူက ကုတင်ပေါ်မှာ အပေါ်ပိုင်းဗလာနဲ့ လှဲနေလေရဲ့၊ ကျနော့်ကိုလှမ်းပြောလိုက်တာက မင်းဒီမှာ ညအိပ်ချင်ရင် အိပ်လို့ရတယ်တဲ့။ ကျေးဇူးပိုတင်မိလိုက်တယ်၊ နို့မို့ ဒီည ဘယ်နေရာ သွားခွေရမှန်းမသိတဲ့အချိန် သူက လိုလိုလားလား ညအိပ်လို့ရတယ်ဆိုတော့၊ ဒါပေမယ့် ခဏနေမှ သူ့အကြော သိလိုက်ရတယ်။ ကျနော်အင်္ကျီလဲနေတုန်း ကိုယ်ရွှေချောက ကျနော့်ကို ပွတ်သီးပွတ်သပ်လာလုပ်ရင်း ယူဖတ်စ် တဲ့ (မင်းပြီး ငါ့အလှည့်ပေါ့)၊ သူ့စကား သူ့လေသံက စောစောပိုင်းကနဲ့ လုံးဝမတူ ခြားနားသွားတဲ့ ကနွဲ့ကယလေသံ။ ကျနော်လည်း ထူပူသွားပြီး ဒီကောင်ကတော့ နှစ်ဖက်ချွန် အခြောက်ဖြစ်တယ်ဆိုတာ သိလိုက်ပြီ။ 

ကျနော် သူ့လက်ကို ခပ်ဆတ်ဆတ်လေး ပုတ်ထုတ်လိုက်ပြီး ကျနော့်ကိုယ်မှာ အမြဲစလွယ်သိုင်းလွယ်ထားလေ့ရှိတဲ့ ပိတောက်သားစိတ်ပုတီး (ပုတီးလုံးက ကျနော်တို့ငယ်ငယ်က ကစားတဲ့ ဖန်ဂေါ်လီလုံးအရွယ်ပါ) ကို စလွယ်ပြန်သိုင်းလိုက်ပြီး ငါ ဗုဒ္ဓဘာသာကို ယုံကြည်ကိုးကွယ်သူတယောက်၊ ကုတင်ပေါ်မှာ ကျနော်က ခြေဖဝါးနှစ်ဖက်ထပ်တင် ပလ္လင်ခွေထိုင်ပြလိုက်တော့ သူ တော်တော်လန့်သွားပုံရတယ်။ ကျနော့်ကိုလည်း ဘာဆရာလိုလို ညာဆရာလိုလို ထင်သွားပုံရပါတယ်။ လက်အုပ်ကလေးချီပြီး သူ မသိလို့ ပြောမိကြံမိပါတယ်၊ ခွင့်လွှတ်ပါဆိုတဲ့ အမူအယာနဲ့ အင်္ဂလိပ်လို ဆောရီးချင်းထပ်အောင်ပြောနေတဲ့အပြင် ထိုင်းလိုတွေလည်း တတွတ်တွတ်ရွတ်နေပါတော့တယ်။

နောက်မှ ကျနော်နားလည်ခဲ့ရတာကတော့ သူတို့ထိုင်းလူမျိုးတွေမှာ စိတ်ပုတီးကြီးကြီး ကိုင်တတ်တဲ့သူတွေဟာ တကယ့် ဆရာကြီးတွေတဲ့၊ သူတို့ရဲ့ ယုံကြည်မှုအယူအဆတွေကို ပြောပြတာပါ။ ခုဟာကတော့ တိုက်တိုက်ဆိုင်ဆိုင်ပါ၊ ပိတောက်သားစိတ်ပုတီးက ကျနော် တောခိုကာနီး အဖေနဲ့ အမေ့ကို ကန်တော့တုန်းက အမေက သား လမ်းမှာအန္တရာယ်ကင်းဘေးကင်းအနေနဲ့ ဒီပုတီးကို သွားလေရာ အမြဲစလွယ်သိုင်းပြီးသွားလို့ သေသေချာချာမှာပြီး ပေးလိုက်တဲ့ပုတီးပါ။ ဘာပြောပြော အဲဒီညက အမေ့ကိုကျေးဇူးတင် ဦးခိုက်ကန်တော့လိုက်ပါတယ်၊။ 

ခုနက ကိုယ်ရွှေအခြောက်ကလည်း သူ့ကို ဗွေမယူပါနဲ့ ဒီမှာ ညအိပ်နိုင်ပါတယ်၊ သူ မနှောင့်ယှက်ပါဘူး၊ ကတိပေးပါတယ်နဲ့ တောင်းပန်ရှာပါတယ်။ ဒါပေမယ့် ကျနော်လည်း စိတ်မသန့်တော့တာကြောင့် ပြဿနာမရှိပါဘူး၊ ရေချိုးခွင့်ပေးတာပဲ ကျေးဇူးတင်ပါတယ်ဆိုပြီး လာရာလမ်းဖြစ်တဲ့ မြဘုရားရှေ့ကကွင်းထဲကိုပဲပြန်ဖို့ ဆုံးဖြတ်လိုက်တယ်။ သူကလည်း ဒါဆိုရင် သူ တခုခုလိုက်ကျွေးပါရစေတဲ့၊ ရတယ် ကိစ္စမရှိပါဘူးလို့ပြောပေမယ့် ကျနော့် ဘာများထင်သွားလဲတော့ မသိဘူး၊ ဘတ် ၁ဝဝ တန်တရွက် လက်အုပ်ကလေးချီပြီး ပေးလည်းပေး၊ ကျနော့်လည်း ကန်တော့လိုက်ပါသေးရဲ့။ ကျနော်တောင် ကိုယ့်ကိုယ်ကို ဘာကောင်မှန်းတောင်မသိဘူး ဖြစ်သွားတယ်...၊ အဲဒီအချိန်တုန်းကပါ။

ဒီလိုနဲ့ပဲ အဲဒီည ဘန်ကောက် မြဘုရားအနီးက ကွင်းပြင်ကြီးထဲ ယောင်လည်လည်နဲ့ ကုန်ဆုံးခဲ့ရပြန်ပါတယ်။ 

ဆက်ပါဦးမည်။

မင်းကျော်ခိုင်


 

No comments: